ပြည်တွင်းသာမက ပြည်ပကပါ ဝင်လာတဲ့ မြန်မာငွေအတု

ပြည်တွင်းသာမက ပြည်ပကပါ ဝင်လာတဲ့ မြန်မာငွေအတု
ဒိုက်ဦးမြို့တွင် ဖမ်းဆီးရမိသည့် ငွေစက္ကူအတုများကို တာဝန်ရှိသူများ စစ်ဆေးနေစဉ်
ဒိုက်ဦးမြို့တွင် ဖမ်းဆီးရမိသည့် ငွေစက္ကူအတုများကို တာဝန်ရှိသူများ စစ်ဆေးနေစဉ်
Published 9 December 2018
ဇော်မင်းနိုင်

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြန်မာငွေကြေးနှင့် ပတ်သက်ပြီး ထိတ်လန့်ဖွယ်ရာ သတင်းနှစ်ပုဒ် ပေါ်ထွက်လာခဲ့သည်။ မြန်မာငွေ အတုများကို စင်ကာပူနိုင်ငံ ခရီးသွား နှစ်ဦးထံမှ ဖမ်းဆီးရမိသည့် သတင်း နှင့် စင်ကာပူတွင် အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်ခဲ့ပြီး ပြန်လာသည့် မြန်မာအလုပ်သမ တစ်ဦးထံမှ မြန်မာငွေအတု ဖမ်းဆီးရမိသည့် သတင်းဖြစ်သည်။

စင်ကာပူနိုင်ငံမှ လာရောက် လည်ပတ်သည့် ခရီးသွားနှစ်ဦးမှာ  ရွှေတိဂုံစေတီတော်မြတ်အား လာ ရောက်ဖူးမြော်အပြီးတွင် အခွန်ပေး ဆောင်ရာ၌ မြန်မာငွေစက္ကူ ကျပ်တစ်သောင်းတန် သုံးရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ စင်ကာပူနိုင်ငံသား ဇနီးမောင်နှံမှာ နိုဝင်ဘာ ၂ရ ရက်တွင် Mrs. Ching kuokuang လုပ်ကိုင်သော Nor Star Ship Management ကုမ္ပဏီကိစ္စဖြင့် စင်ကာပူနိုင်ငံမှ စင်ကာပူလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့  ရောက်ရှိလာခြင်း ဖြစ်သည်။

အဆိုပါ ဇနီးမောင်နှံမှာ မြန်မာနိုင်ငံသို့  မလာရောက်မီ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ် Coller Quay ဒုတိယထပ်ရှိ The Arcade ငွေလဲကောင်တာတွင် အသက် (၄၀ နှစ်)ခန့် အိန္ဒိယလူမျိုးနှစ်ဦးထံမှ စင်ကာပူဒေါ်လာ ၄၀၀ အား မြန်မာငွေကျပ် ၄၅၀၀၀၀ ဖြင့် လဲလှယ်ခဲ့ကြောင်း၊ ရွှေတိဂုံစေတီတော်တွင် အခွန်ပေးဆောင်ရာတွင် ယင်းငွေစက္ကူအတုများဖြင့် ပေးဆောင်ခဲ့သဖြင့် ၎င်းတို့အား စစ်ဆေးရာ မြန်မာငွေစက္ကူ အတု ၄၂ ရွက် ထပ်မံတွေ့ရှိခဲ့သည်။

အဆိုပါ ဇနီးမောင်နှံအား ငွေအတု ကိုင်ဆောင်မှုဖြင့် ဒဂုံမြို့မရဲစခန်းက အမှုဖွင့်ခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံရသည့် လင်မယားနှစ်ဦးမှာ မြန်မာနိုင်ငံရှိ စင်ကာပူသံရုံးနှင့် ချိတ်ဆက်ပြီး အကူအညီများ ရယူလျက် ရှိသည်။

အလားတူ စင်ကာပူတွင် အိမ်အကူလုပ်ကိုင်ပြီး ပြန်လာသည့် ကရင်လူမျိုး အလုပ်သမ တစ်ဦးမှာလည်း ငွေအတု ကိုင်ဆောင်မှုဖြင့် အဖမ်းခံခဲ့ရပြန်သည်။

ဒီဇင်ဘာ ၆ ရက် ညနေက ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် စစ်ဗိုလ်ကြီးကျေးရွာအုပ်စု လယ်ကြားမြောင် ကျေးရွာတွင် စင်ကာပူမှ ပြန်လာသော အမျိုးသမီးတစ်ဦးထံမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

လယ်ကြားမြောင်ကျေးရွာတွင် နေထိုင်သော နော်သောသွဲ့ထူး (၂၅ နှစ်) မှာ ငွေစက္ကူတစ်သောင်းတန် အတုများ ကိုင်ဆောင်သုံးစွဲနေကြောင်း သတင်းအရ ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့က မွန်းလွဲ ၂ နာရီခွဲခန့်တွင် ၎င်း၏နေအိမ်အား သက်သေများနှင့် သွားရောက်ရှာဖွေစစ်ဆေးရာ အဝတ်အစား အိတ်ပေါ်တွင် တင်ထားသော လက်ကိုင်အိတ်အတွင်းမှ AE (ကင) နှင့် AG (ကဆ) အက္ခရာပါ တစ်သောင်းတန် ငွေစက္ကူအတု ၁၅၄ ရွက် ရှာဖွေတွေ့ရှိခဲ့သည်။

“သူကစင်ကာပူမှာ အလုပ်လုပ် ပြီးပြန်လာတော့ စင်ကာပူက သူ့သူ ဌေးက သူ့လုပ်အားခကို မြန်မာငွေနဲ့ လဲပေးလိုက်လို့ ယူလာတာ။၂၉ သိန်း နဲ့ ခြောက်သောင်းပါလာတာ။ ဒီရောက်တော့ အကြွေးဆပ်၊ စျေးဝယ် တာတွေ လုပ်တယ်။ အခုကတော့ ကျန်တဲ့ငွေကို သိမ်းဆည်းခဲ့ပါတယ်” ဟု ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

အမှုနှင့်ပတ်သက်၍ ငွေစက္ကူအတု ကိုင်ဆောင်သူ နော်သောသွဲ့ထူးအား ဒိုက်ဦးမြို့မရဲစခန်းတွင် (ပ) ၁ ၄၂၀/၂၀၁၈ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်ထားပြီး အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ငွေတုများ လက်ဝယ်တွေ့ရှိမှု နှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့် အိမ်အကူအမျိုးသမီးငယ်နှင့် ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်တို့က အာမခံရရှိရေး၊ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် ကူညီလျက်ရှိကြောင်း သိရသည်။

“ဒီနေ့ (ဒီဇင်ဘာ ၈ ရက်) ပဲ နယ်မြေကို ဆင်းနေပါပြီ။ တိုင်းရင်းသားရေးရာ ဝန်ကြီးလည်း ပါမယ်။ အာမခံကိစ္စတွေ၊ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန်ဖြစ်အောင် တတ်နိုင်သမျှလုပ်မှာပါ” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်က ပြောကြားသည်။

ယင်းအမှုကို CID က လွှဲပြောင်းရယူကာ စစ်ဆေးမည်ဟု သိရပြီး ယင်းဖြစ်စဉ်နှင့်လည်း စင်ကာပူနိုင်ငံဘက်မှ အလုပ်ရှင်က လိုအပ်သည့် ကူညီမှုများ ပေးမည်ဟု သတင်းများ ကြားသိရကြောင်း ဦးသူရဇော်က ပြောကြားသည်။

အဆိုပါ အမျိုးသမီးငယ် သွားရောက်လုပ်ကိုင်ခဲ့သည့် စင်ကာပူမှ အိမ်ရှင်မှာလည်း စင်ကာပူရဲတပ်ဖွဲ့တွင် အဆင့်မြင့်ရာထူး ရယူထားသူတစ်ဦး ဖြစ်ကြောင်း၊ ငွေလဲလှယ်ပေးခဲ့သည့် သက်သေစာရွက် စာတမ်းများလည်း ပြည့်စုံစွာရှိသည်ဟု သိရှိရကြောင်း ဦးသူရဇော်က ပြောကြားသည်။

အဆိုပါ အမျိုးသမီး၏ အမှုအား မှုခင်းတပ်ဖွဲ့ CID သို့ လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း၊ လုပ်ဆောင်စရာ ရှိသည်များကို CID ကသာ ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

“ဒီမနက်ကပဲ လွှဲလိုက်ပါပြီ” ဟု ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

ငွေတုကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရသည့် နော်သောသွဲ့ထူး (၂၅ နှစ်) မှာ စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် သုံးနှစ်ကြာ သွားရောက်လုပ်ကိုင်ရာမှ အပြီးပြန်လာခဲ့ခြင်းဖြစ်သည်။

“ဒီတစ်ခေါက် ပြန်လာတာက အပြီးပြန်လာတာ။ ရောက်တာမှ နှစ်ရက်တောင် မကြာသေးဘူး။ အဖမ်းခံလိုက်ရတယ်” ဟု သူမ၏ဖခင် ဦးကီးဒိုက ပြောကြားသည်။

မိသားစုတွင် အကြီးဆုံးဖြစ်ကာ သူမ၏ လုပ်ခလစာကို မှီခိုနေရသည့် မိသားစုအနေဖြင့် သူမပြန်လည် လွတ်မြောက်ရန်သာ လိုလားကြောင်း ဦးကီးဒိုက ဆက်လက်ပြောကြားသည်။

“နှစ်လကို တစ်ခါလောက် ကိုးသိန်းလောက် ပြန်ပို့နိုင်တယ်။ အဖမ်းခံရတဲ့နေ့ မနက်က သူ့အမေနဲ့ စျေးသွားဝယ်နေတာ။ ပြန်လာတော့မှ အိမ်မှာလာဖမ်းသွားတာ” ဟု ဦးကီးဒိုက ပြောကြားသည်။

ကရင်တိုင်းရင်းသားများ ဖြစ်ခြင်းကြောင့် မြန်မာစကားကို ကောင်းစွာပြောကြားနိုင်ခြင်း မရှိသဖြင့် သမီးဖြစ်သူနှင့် ပတ်သက်ပြီး ခံစားချက်များကို ပြောချင်သည့် အကြောင်းများ ရှိသော်လည်း ကောင်းစွာပြောနိုင်ခြင်း မရှိပေ။

“မြန်မာစကား သိပ်မပြောတတ်တော့ ဘာပြောရမှန်းမသိဘူး ဖြစ်နေတယ်” ဟု ဦးကီးဒိုက ပြောကြားသည်။

နိုဝင်ဘာ ၈ ရက် နံနက်တွင် ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ လာရောက်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့သည်ဟု နော်သောသွဲ့ထူး၏မိခင် ဒေါ်သီသီခိုင်က ပြောကြားသည်။

“သူတို့လာသွားပါတယ်။ အားပေးစကား ပြောသွားတယ်။ ဖြစ်စဉ်တွေကို မေးသွားတယ်” ဟု ဒေါ်သီသီခိုင်က ပြောကြားသည်။

ပြည်တွင်းမှာသာရှိနိုင်တဲ့ ငွေအတု ပြည်ပကပါ ထပ်ဝင်လာပြီလား

တန်ဖိုးကျဆင်းလျက်ရှိသည့် မြန်မာငွေစက္ကူများမှာ ယခင်က ပြည်တွင်း ငွေကြေးစျေးကွက်အတွင်း၌သာ ရှိခဲ့သော်လည်း ယခုဖြစ်စဉ်နှစ်ခုကြောင့် ပြည်ပတွင်လည်း ပျံ့နှံ့လျက်ရှိသည်ဟု ယူဆနိုင်ဖွယ်ဖြစ်သည်။

“ဒီမှာရှိတဲ့ငွေလဲတွေက စိတ်မချရတော့ဘူး။ ကျွန်တော်တို့လို အလုပ်လုပ်တဲ့သူတွေ အတွက်ကတော့ ပြဿနာ သိပ်မရှိပေမယ့် အိမ်အကူလို အလုပ်တွေကျတော့ ဒီလိုက ဖြစ်မှာပဲ” ဟု စင်ကာပူနိုင်ငံတွင် အင်ဂျင်နီယာ လုပ်ငန်းဖြင့် အလုပ်သွားရောက် လုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။

စင်ကာပူတွင် အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်ရာတွင် အပြင်သို့ သွားရောက်လည်ပတ်ရမှု မရှိခြင်း၊ လုပ်ငန်းခွင်မှလွဲပြီး မည်သည့်နေရာမှ သွားရောက်ရန် ခွင့်မပြုခြင်း စသည့်အခြေအနေများကြောင့် အိမ်ရှင်အများစုက ယခုနောက်ပိုင်းတွင် မြန်မာငွေကို စင်ကာပူတွင် တစ်ပါတည်း လဲပေးခြင်းများ ရှိလာခဲ့သည်။

“ဟိုမှာ အလုပ်လုပ်ရတာက တစ်ရက်တစ်ရက် ဘယ်နေရာမှ သွားလို့ရတာ မဟုတ်ဘူး။ အိမ်ထဲမှာပဲ အချိန်ကုန်ရတာ တွေရှိတယ်။ တချို့အိမ်ရှင်တွေက ငွေလဲပေးတာက အရင်ကမရှိဘူး။ အခုမှ ငွေလဲကောင်တာ ရှိလာတာ” ဟု စင်ကာပူတွင် အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်ခဲ့သူ တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် စင်ကာပူရောက် မြန်မာလုပ်သားများအတွက် ယခုဖြစ်စဉ်မှာ သတိထားရတော့မည့် ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဆက်လက် စောင့်ကြည့်ရမည့် အခြေအနေဖြစ်ကြောင်း စင်ကာပူတွင် အလုပ်သွားရောက် လုပ်ကိုင်နေသူ ကိုရန်နောင်စိုးက အွန်လိုင်းမှတစ်ဆင့် ပြောကြားသည်။

“အလုပ်သမားတွေ အတွက်ကတော့ ကြီးကြီးမားမား ရိုက်ခတ်မှု မရှိသေးဘူး။ ရက်ပိုင်းလေးပဲ ရှိသေးတော့ အခြေအနေက စောင့်ကြည့်ရမှာပေါ့” ဟု ကိုရန်နောင်စိုးက ပြောကြားသည်။

စင်ကာပူနိုင်ငံသားနှစ်ဦး ရန်ကုန်မြို့တွင် အဖမ်းခံရပြီးနောက် စင်ကာပူနိုင်ငံရှိ မြန်မာငွေလဲ ကောင်တာများကို စင်ကာပူရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာငွေစက္ကူ အတုဟု ယူဆရသည့်ငွေများ ဖမ်းဆီးရမိထားကြောင်း စင်ကာပူရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်ဟု Channel News Asia က ရေးသား ဖော်ပြထားသည်။

စင်ကာပူရဲများက ငွေလွှဲလုပ်ငန်း ၁၈ ခုကို စီးနင်းခဲ့ပြီးနောက်​ AG (ကဆ)​ နှင့် AE (ကင)​ နှင့်စသော ကျပ်ငွေများကို သိမ်းဆည်းခဲ့သည် ဟုဆိုသည်။

“၁၀၀၀၀​ တန် မြန်မာကျပ်ငွေ အတုပိုင်ဆိုင်မှုနဲ့ မသင်္ကာတဲ့ ငွေလွှဲလုပ်ကိုင်သူတွေကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး နေပါတယ်” ​ဟု စင်ကာပူ ရဲတပ်ဖွဲ့က ပြောကြားသည်။

စင်ကာပူတွင် မြန်မာငွေလဲကောင်တာများ ပေါ်ပေါက်လာခြင်းမှာ မကြာသေးကြောင်း၊ ယခင်က အင်ဒိုနီးရှားငွေကြေး၊ မလေးရှားငွေကြေးနှင့် ထိုင်းငွေကြေးများကို လဲလှယ်သည့် ကောင်တာများသာ ရှိကြောင်း ကိုရန်နောင်စိုးက ပြောကြားသည်။

စင်ကာပူတွင် ငွေလဲလုပ်ငန်း လုပ်ကိုင်သူများမှာ မလေးရှားလူမျိုးအများစုက လုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံတွင် နေထိုင်သူများနှင့် ချိတ်ဆက် လုပ်ကိုင်သူများလည်းရှိကြောင်း အမည်မဖော်လိုသူ စင်ကာပူရောက် မြန်မာလုပ်သားအချို့က ပြောကြားသည်။

“သိပ်အများကြီးတော့ မရှိဘူး။ လေးပေလောက်ရှိတဲ့ အခန်းလေးထဲမှာ ကွန်ပျူတာတစ်လုံးနဲ့ ခုံတစ်လုံး ချထားတာပဲရှိတယ်။ အဲဒီမှာ ငွေလဲချင် သွားလဲလို့ရတယ်။ အများစု လုပ်ကြတာက ကုလားတွေများတယ်” ဟု အမည်မဖော်လိုသူ စင်ကာပူရောက် မြန်မာလုပ်သား တစ်ဦးက ပြောကြားသည်။

ယခင်က ပြည်တွင်းတွင်သာ ဖမ်းဆီးရမိခဲ့သည့် မြန်မာငွေအတုများမှာ အာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်သည့် စင်ကာပူနိုင်ငံတွင် ဖမ်းဆီးရမိမှုများ ရှိလာပြီဖြစ်သည်။ စင်ကာပူနိုင်ငံမှာ မြန်မာလုပ်သား အများဆုံး သွားရောက် လုပ်ကိုင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စည်းကမ်းကောင်းမွန်သည့် နိုင်ငံလည်းဖြစ်သည်။ မြန်မာလုပ်သားများမှာ စင်ကာပူနိုင်ငံသာမက အာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ထိုင်းတွင်လည်း အလုပ်သွားရောက် လုပ်ကိုင်လျက်ရှိသည်။

“အခုဟာက ပြည်တွင်းမှာတောင် ဖမ်းမိတာတွေရှိတာ။ အခုဟာက ပြည်ပကနေ ဝင်လာတဲ့ သဘောမျိုး ဖြစ်နေပြီ။ တော်တော် စိုးရိမ်စရာကောင်းတယ်” ဟု ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။

ရန်ကုန်မြို့တွင် မြန်မာငွေအတု အများဆုံး ဖမ်းဆီးရမိမှုမှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်တွင် တစ်သောင်းတန် ငွေစက္ကူအတု သိန်း ၁၃၀၀ ကျော် ဖမ်းဆီးရမိခဲ့သည်။

၂၀၁၇ ခုနှစ် မတ် ၉ ရက်က မြောက်ဒဂုံမြို့နယ် ၄၇ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး အဆိုပါ နေအိမ်အား ဦးသိန်းကျော် ဆိုသူက ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ပြီး နေအိမ်ပိုင်ရှင် ဦးလှဝင်းက အိမ်သန့်ရှင်းရေး ပြုလုပ်ရန် နေအိမ်ကို သွားရောက် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အိမ်သန့်ရှင်းရေး ပြုလုပ်စဉ် နေအိမ်အိပ်ခန်းအတွင်း ခုတင်အောက်၌ အမည်းရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော မိုးပြာရောင်အိတ်အတွင်းမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တရားခံကိုဖမ်း ဆီးရမိခြင်း မရှိချေ။

ထို့ပြင် ၂၀၁၇ ခုနှစ် မေ ၁၂ ရက်ကလည်း မွန်ပြည်နယ် သထုံမြို့ ရှိ တိမ်ပြာတည်းခိုခန်း၌ တည်းခိုနေ သော လူတစ်ဦးထံမှလည်း ကျပ် ၅၀၀၀ တန်ငွေစက္ကူအတုများ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် အ မျိုးသားမှာ ၂၂ နှစ်အရွယ်ရှိ ပုဂ္ဂလိကဘဏ်တစ်ခုမှ ဝန်ထမ်းတစ်ဦး ဖြစ်ကြောင်းသိရပြီး ၎င်းထံမှ ကျပ် ၅၀၀၀ တန် ငွေစက္ကူအတု ၅၁ ရွက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယခုနှစ် မတ်လအတွင်းက သမ္မတတိုက်ရိုက်အုပ်ချုပ်သည့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဥယျာဉ် ရွာတွင် တစ်သောင်းတန်ငွေစက္ကူ အတုများ ဖမ်းမိသဖြင့် စစ်ဆေးရာ မှ ငွေချေးလုပ်ငန်းလုပ်ကိုင်သည့် ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက်ရှိ အသေးစားငွေချေးသည့် ကုမ္ပဏီတစ်ခုတွင် ငွေကိုင်တစ်ဦးနှင့် စီမံကိန်း ညှိနှိုင်းရေးမှူးတို့ထံမှ တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၃၂ ရွက် သိမ်းဆည်းရမိခဲ့သည်။

အဆိုပါကုမ္ပဏီမှာ ပျဉ်းမနားမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် အသေးစား ငွေချေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

ယင်းဖြစ်စဉ်တွင် ရွာသူရွာသားများက ငွေအတုမှန်း သိသဖြင့် သက်ဆိုင်ရာသို့ သတင်းပေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ငွေစက္ကူအတုများနှင့် ဖမ်းဆီး ရမိခဲ့သော လူငယ်အားစစ်ဆေးရာ တွင် ၅၀၀၀ ကျပ်တန် ငွေစက္ကူအတုများအား Colour Printer ဖြင့် မိတ္တူကူးပြီး သုံးစွဲခဲ့ကြောင်း၊ ၅၀၀၀ ကျပ် တန် ငွေစက္ကူအတု တစ်ရွက်ဖြင့် သထုံမြို့နယ် ကြာပန်းကျေးရွာရှိ သစ်သီးဆိုင် တစ်ဆိုင်တွင် စပျစ်သီး ဝယ်ယူခဲ့ကြောင်း သိရှိရသဖြင့် အဆိုပါ သစ်သီးရောင်းချသည့် စျေးဆိုင်သို့ သွားရောက်ရှာဖွေရာ ကျပ် ၅၀၀၀ တန် ငွေစက္ကူအတုတစ်ရွက် ပြန်လည်တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ငွေစက္ကူအတုများနှင့်အတူ ဖမ်းဆီးရမိသော ပုဂ္ဂလိကဘဏ်ဝန်ထမ်း၏ နေအိမ်အား ထပ်မံရှာဖွေရာ ငါးထောင်ကျပ်တန် ငွေစက္ကူအတု အရွက် ၅၀ ကျော်၊ တစ်သောင်းတန် ငွေစက္ကူအတု လေးရွက် ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

ထို့ပြင် ၎င်း၏နေအိမ်မှ ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသော Canon အမျိုးအစား ကာလာ ပရင်တာ တစ်လုံးနှင့် ရောင်စုံမင်ဘူးများ သိမ်းဆည်းရမိခဲ့သည်။

ငွေတုဂယက် ဘယ်လိုရိုက်ခတ်လဲ    

ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် ဥပဒေများအရ ဗဟိုဘဏ်မှ ထုတ်ဝေထားသော ငွေကြေးများကို အတုပြုလုပ်ခြင်း၊ ငွေတုများကို ပြည်ပမှ တင်ပို့ခြင်း၊ တင်သွင်းခြင်းများကို ပြုလုပ်ပါက ထောင်ဒဏ် ၁၀ နှစ်မှ အနှစ် ၂၀ ချမှတ်နိုင်သည်။

ပြည်တွင်း၌ ဖမ်းဆီးရမိသည့် ငွေတုဖြစ်စဉ်များအား လေ့လာရာတွင် Colour Pirnter များဖြင့်ထုတ်ကာ အတုပြုလုပ်ခြင်းများ ဖြစ်ကြောင်း၊ စနစ်တကျ ပုံစံခွက်ဖြင့် ပြုလုပ်ထားသည့် ငွေစက္ကူအတုများ မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိသည့် ငွေစက္ကူအတုဖြစ်စဉ်များ အနက် နယ်စပ်ဒေသများတွင် အများဆုံး ဖြစ်သည်ကို တွေ့ရှိရပြီး နယ်စပ်တွင် ကုန်စည်ကူးသန်း ရောင်းဝယ်လျက်ရှိသူများ အနေဖြင့် ငွေစက္ကူအတု အန္တရာယ်ကို သတိထားနေရကြောင်း မူဆယ်မြို့အခြေစိုက် ကုန်သည်တစ်ဦးဖြစ်သည့် ကိုဝင်းလွင်က ပြောကြားသည်။

“စိုးရိမ်စိတ်ကတော့ အခုအထိရှိတယ်။ ကိုယ်တွေက နယ်စပ်မှာ စီးပွားရေးလုပ်တာဆိုတော့။ ဘယ်အချိန် ငွေတုမိမလဲ ဆိုတာက သောကတစ်မျိုးပဲ။ ပမာဏများတဲ့အချိန် ဆို တော်တော်ဂရုစိုက်ရတယ်” ဟု ကိုဝင်းလွင်က ပြောကြားသည်။

ဒေသအခေါ် ကုန်သွယ်လက် ကြီးသမားများအနေဖြင့် စိုးရိမ်စရာ မရှိသော်လည်း ကိုဝင်းလွင်တို့ကဲ့သို့ ကုန်သည်များအတွက်မူ ငွေတုဖြစ်စဉ်မှာ စိုးရိမ်ရသည့် အခြေအနေဖြစ်သည်။

“တရုတ်ငွေအတုက တစ်မျိုး၊ မြန်မာငွေအတုက တစ်မျိုးဆိုတော့ တစ်နေ့တစ်နေ့ အဲဒါကိုပဲ အာရုံ စိုက်နေရတယ်” ဟု ကိုဝင်းလွင်က ဆက်လက်ပြောကြားသည်။

ကုန်သည်ကြီးများအနေဖြင့် ငွေရေစက်များ အသုံးပြုခြင်း၊ ဘဏ်နှင့် ချိတ်ဆက်ပြီး ငွေပို့ငွေလွှဲ ပြုလုပ်သဖြင့် ငွေတုများနှင့် ပတ်သက်၍ ကာကွယ်နိုင်သော်လည်း တနိုင်တပိုင် ကုန်သည်များအတွက်မူ ကာကွယ်နိုင်ခြင်း မရှိပေ။

စီးပွားရေးကဏ္ဍတွင် ငွေစက္ကူအတုများ ဝင်ရောက်လာပါက တိုင်းပြည်တွင် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်နိုင်ပြီး ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်ခြင်း၊ နိုင်ငံပိုင် ငွေကြေးခိုင်မာမှု မရှိခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး ပြည်သူများ အနေဖြင့် ငွေကြေးအပေါ် ယုံကြည်မှု ကျဆင်းနိုင်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ပြောကြားသည်။

“သာမန်အားဖြင့် ဝယ်အားများလာနိုင်တယ်။ အဲဒီတော့ ငွေကြေး ဖောင်းပွမှုတွေ ဖြစ်လာနိုင်တယ်။ ဒါကတော့ လောလောဆယ်ဖြစ်မယ့် အနေအထားပေါ့။ အဲဒီ ငွေတုတွေ များများဝင်လာပြီဆိုရင် အစိုးရရဲ့ ငွေကြေးစနစ်အပေါ်မှာ ယုံကြည်မှုတွေ လူတွေကလျော့သွားနိုင်တယ်” ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်းက ပြောကြားသည်။

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအတွင်း ငွေစက္ကူအတု ဝင်ရောက် စီးဆင်းမှုမှာ စိုးရိမ်ရသည့် အခြေအနေတွင် မရှိသေးကြောင်း၊ သို့သော် တိုင်းပြည် စီးပွားရေးအတွက် ရုန်းကန်နေရသည့် အစိုးရ တစ်ရပ်အနေဖြင့် အခက် အခဲများဖြင့် ကြုံတွေ့ရနိုင်ကြောင်း ၎င်းကသုံးသပ် ပြောကြားသည်။

“ဥပမာ နိုင်ငံခြားတိုင်းပြည်က လုပ်တယ်။ ပမာဏများများနဲ့ဆိုရင် တော့ မကောင်းဘူး။ ဥပမာဆိုပါစို့။ အိမ်နီးချင်းနိုင်ငံတချို့က ပမာဏ အများကြီးနဲ့ ဝင်လာမယ်ဆိုတာမျိုး တွေပေါ့။ တစ်ခါတလေဖြစ်တတ် တယ်။ အဲဒီလိုမျိုး ပမာဏအများ ကြီး ဖြစ်လာရင်တော့ ပြည်တွင်းမှာ ဝယ်အားများလာမယ်။ အဲဒီအတွက် ကြောင့် ကုန်စျေးနှုန်း ပိုတက်နိုင် တယ်။ နောက်တစ်ခုကတော့ တရားမဝင်ငွေတွေ သိပ်များ လာမယ်ဆိုရင် တော့ အစိုးရရဲ့ အရေးယူတုံ့ပြန်မှု ပေါ့။ အဲဒီဟာ လိုအပ်ချက် ဖြစ်လာ ရင် လူတွေက ငွေကြေးအပေါ်မှာ ယုံကြည်မှုလျော့နည်းသွားနိုင်တာ ပေါ့။ အဲဒါကတော့ ပိုဆိုးနိုင်တဲ့အ ခြေအနေပေါ့။ အဲဒီအပေါ်မှာ အစိုး ရဘယ်လိုတုံ့ ပြန်မလဲပေါ့။ . . . ဘာပဲပြောပြော ပမာဏများများနဲ့ ဝင်လာလေလေ ငွေကြေးတည်ငြိမ်မှုကို အနည်းအများတော့ ထိခိုက်တယ်” ဟု ဦးဇော်ဖေဝင်းက ပြော ကြားသည်။

နည်းပညာ ထွန်းကားလာသည့် ယနေ့ခေတ်၌ ငွေစက္ကူအတု ပြုလုပ် ရန် လွယ်ကူလာကြောင်း၊ အစိုးရ အနေဖြင့် ငွေတုဖြစ်စဉ်များကို ကြပ် ကြပ်မတ်မတ်ကိုင်တွယ် သင့်ကြောင်း၊ ငွေတုဖြစ်စဉ်များမှာ တားဆီးနိုင်ရန် ခက်ခဲသကဲ့သို့ ယင်းအခက်အခဲကို တားဆီးရာတွင်လည်း စိန်ခေါ်မှုများ စွာရှိကြောင်း ဦးဇော်ဖေဝင်းက ပြော ကြားသည်။

“အခုခေတ်က နည်းပညာတိုး တက်နေတဲ့အတွက် ဒီအတုတွေ လုပ်တာ တော်တော်ကို လွယ်လွယ် ကူကူနဲ့ လုပ်လို့ရနေတာပေါ့။ ထိုင်း ဘက်အခြမ်းတွေမှာဆို အရင်က တည်းက ပမာဏများများနဲ့ လုပ်နေ တာတွေရှိတယ်။ တားဆီးဖို့က ခက်တယ်။ ဖမ်းဆီးအရေးယူတာတွေ လောက်ပဲလုပ်လို့ရမယ်။ တားဆီးဖို့ တော့ သိပ်မလွယ်ဘူး။ ဒါပေမဲ့ ဝင် လာတာကို ရှာမယ်ဖွေမယ် ဖမ်းမယ် ဆီးမယ်။ ဒီလောက်ပဲလုပ်လို့ ရမယ်။ နောက်တစ်ခုက အရင်ကလို ငွေ စက္ကူပေါ်မှာ တစ်မျိုးမျိုးလုပ်မယ် ဆိုရင်တော့ အခြေအနေက ပိုဆိုးသွားနိုင်တယ်။ ဒီကိစ္စက တော်တော် သိမ်မွေ့တယ်။ ကိုင်တွယ်ရတာ” ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေကြေးအတုများနှင့် ပတ်သက်၍ စနစ်တကျ ကိုင်တွယ်လျက်ရှိကြောင်း၊ ပုဂ္ဂလိကဘဏ်များ အနေဖြင့် ငွေကြေးများလာ ရောက်အပ်နှံပါက ငွေစက္ကူ အဟောင်းများကို ထိန်းသိမ်းထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ငွေတုကြောင့် နစ်နာခဲ့ရသူတွေအတွက် ဘာလုပ်ပေးနိုင်မလဲ

ငွေစက္ကူအတု ပြုလုပ်သူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီဇင် ဘာ ၇ ရက်က ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး တစ်ဦးချင်း နစ်နာမှုများအတွက် အစိုးရအနေဖြင့် တစ်ဦးချင်းစီအ လိုက်ဖြေရှင်းပေးရန် ခက်ခဲကြောင်း ၎င်းကပြောကြားခဲ့သည်။

“ဒီငွေစက္ကူအတု လုပ်တဲ့သူတွေကိုတော့ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူမယ်။ ပေါ်ပေါက်အောင် စစ်ဆေးဆောင်ရွက်မယ်။ ကာယကံရှင်တွေကတော့ ဒီအပေါ်မှာ အတုရလာတဲ့အတွက် နစ်နာမှုကတော့ ကျွန်တော်တို့ အစိုးရအနေနဲ့ လူတိုင်းလူတိုင်း လိုက်ပြီးတော့ ဖြေရှင်းဖို့တော့ ခက်တယ်လို့ ကျွန်တော်ပြောချင်တယ်” ဟု ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းခန်းမတွင် ပြုလုပ်သည့် အိမ်တော် သတင်းထောက်များနှင့် တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲတွင် ငွေစက္ကူအတုများ တွေ့ရှိရာတွင် အတုလုပ်သူ မသိရဘဲ ငွေကြေးလဲလှယ်ရန် ကြိုးစားသည့် ပြည်သူများ၏ ငွေများထိန်းသိမ်းခံရခြင်း၊ နစ်နာခြင်းများ ဖြစ်ပွားကြောင်း၊ မကြာခင်က စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့် အမျိုးသမီး တစ်ဦးထံမှ မြန်မာကျပ်ငွေအတုများ မိသည်ဆိုပြီး စစ်ဆေးခံရကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် အဆိုပါ အမျိုးသမီးသည် လုပ်အားခများ ဆုံးရှုံးရခြင်း၊ ဥပဒေအရ နစ်နာခြင်း စသည်တို့ကို မည်ကဲ့သို့ ဖြေရှင်းပေးရန် ရှိမလဲနှင့် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံ ပူးပေါင်းပြီး ငွေစက္ကူအတုကိစ္စ ပူးပေါင်းကိုင်တွယ်ရန်ရှိ

သလားဆိုသည့် သတင်းထောက်တစ်ဦး၏ မေးခွန်းကို ဦးဇော်ဌေးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်လည်း ငွေစက္ကူအတု ပြုလုပ်သူများကို ကွင်းဆက်ဖမ်းဆီးခြင်းများရှိနေပြီး ဖမ်းဆီးမှုများကိုလည်း ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဦးဇော်ဌေးက ဆိုသည်။

ပေါ်လာရင် ပေါ်လာတဲ့အလျောက် ကျွန်တော်တို့ကွင်းဆက်ဖမ်းပြီးတော့ အရေးယူတာ လုပ်ပါတယ်။ နောက်တစ်ခုကတော့ ဒီငွေစက္ကူတွေ အတုထွက်တယ်ဆိုတာလည်း ကျွန်တော်တို့ ထွက်တာနဲ့ ဖမ်းပါတယ်။ ထိန်းသိမ်းတယ်ပေါ့။ အဲဒီအပေါ်မှာလည်း  လူထုကလည်း ဒီငွေစက္ကူအတုတွေ ပေါ်လာတယ်ဆိုတော့ ငွေစက္ကူကို အရင်တုန်းကလို ကြေညာမှာလား၊ မကြေညာဘူးလားဆိုတဲ့ ပြဿနာတွေရှိလာနိုင်တယ်။ အဲဒီအပေါ်မှာလည်း ရှင်းရှင်းလင်းလင်း ပြောချင်တာက ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါပြီးဖြစ်တယ်။ အဲဒီအပေါ်မှာလည်း ကျွန်တော်တို့ ဒီဟာတွေကို တရားမဝင် ကြေညာတာမျိုး မလုပ်ပါဘူး ဟု ပြောကြားသည်။

စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့်အမျိုးသမီးထံမှ မြန်မာကျပ်ငွေအတုများ ဖမ်းဆီးရမိသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ယင်း ငွေစက္ကူများသည် မည်သည့်နေရာမှ ထွက်ရှိသည်ကို စုံစမ်းစစ်ဆေးကာ ပြည်ပနှင့်ဆက်စပ်နေပါကလည်း ပူးပေါင်းဖော်ထုတ်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ဒီဟာတွေက ဘယ်ကလာလဲ။ ဘယ်ကထွက်လဲဆိုတာလည်း ကျွန်တော်တို့က ဥပမာ ပြည်တွင်းမဟုတ်ဘူးဆိုရင် ပြည်ပက ဆက်စပ်လား။ ဆက်စပ်ရင်တော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ပြီး ဖော်ထုတ်သွား ဖို့ရှိပါတယ် ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

ကျပ်တစ်သောင်းတန်ငွေ စက္ကူအတုကိစ္စများနှင့် ပတ်သက်၍ ဆိုရှယ်မီဒီယာများပေါ်တွင် ပြောဆိုမှုများရှိနေခြင်းနှင့် ပြည်တွင်းတွင်လည်း ငွေစက္ကူအတုများ ဖမ်းဆီးရမိနေခြင်းကြောင့် တစ်သောင်းတန်ငွေ အတုကိစ္စများကို မည်ကဲ့သို့ ဆောင်ရွက်သလဲဆိုသည်နှင့် ပတ်သက်ပြီး ဦးဇော်ဌေးက “တစ်သောင်းတန်ကိစ္စကတော့ ကျွန်တော်တို့အဲဒါလည်း ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိတဲ့သူ တွေဆောင်ရွက်နေပါတယ်။ အချိန်တန်ရင် သတင်းထုတ်ပေးပါလိမ့်မယ် ဟု ပြောကြားသည်။

မည်သို့ပင်ဆိုစေကာမူ ငွေတုမှန်းမသိဘဲ သုံးစွဲမိပြီး အဖမ်းခံရသူများအတွက် နစ်နာမှုများမရှိအောင် အစိုးရအနေဖြင့် ကိုင်တွယ်ရမည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက မှတ်ချက်ပြုသည်။

ဒိုက်ဦးဖြစ်စဉ်မှာဆိုရင် ဒီကောင်မလေးက အတုမှန်းမသိလို့ သုံးမိတာပဲ။ သတင်းတွေအရ သူ့ကို သွားဖမ်းတဲ့အချိန်မှာ သိတောင်မသိသေးဘူး။ တကယ်ကို ငွေအတုလုပ်တဲ့ သူဆိုရင် အဲဒါတွေကို ဒီလိုအလွယ်တကူ ဘယ်ထားမှာလဲ။ ဝှက်ထားမှာပေါ့။ အခုဆို သူအဖမ်းခံရပြီဖြစ်တဲ့အတွက်ကြောင့် နစ်နာနေပြီ။ အစိုးရက သူ့အတွက်ဘယ်လို ပြန်လုပ်ပေးမလဲ  ဟု ဦးသိန်းသန်းဦးက ပြောကြားသည်။

ဒိုက်ဦးဖြစ်စဉ်ကဲ့သို့ ပြည်တွင်း၌လည်း ငွေစက္ကူအတုမှန်းမသိဘဲ သုံးစွဲမိကာ နစ်နာသူအများအပြား ရှိနေကြောင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ သိရသည်။

ဘဏ်မှာ ပိုက်ဆံသွားလွှဲတော့မှ အတုမှန်းသိတယ်။ သူတို့က တစ်ခါတည်း ဖျက်ဆီးပစ်လိုက်တယ်။ ဒါပေမဲ့ကိုယ်က နစ်နာသွားတယ်။ တရားမစွဲတာ ကံကောင်းတယ်လို့ မှတ်ယူနေရတယ်။ တကယ်မသိဘဲနဲ့ လက်ဝယ်ရောက်လာတဲ့ဟာတွေကြောင့် ကိုယ်တွေက နစ်နာရတာတွေ အများကြီးပဲ  ဟု အသေးစားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ပြည်တွင်း၌ ငွေအတုများဖြင့် သုံးစွဲနေသည်ကို မည်သူတစ်ဦးမျှ အတိအကျမသိနိုင်ပေ။ လက်ရှိတွင်လည်း ပုဂ္ဂလိကဘဏ်များတွင်ငွေအတု လာရောက်အပ်နှံမိသည့် ဖြစ်စဉ်များလည်း ရှိနေသည်။

နာလန်မထူနိုင်သေးသည့် မြန်မာ့စီးပွားရေးတွင် ငွေအတုကြောင့် နစ်နာမှုများလည်း ရှိနေသည်။ ငွေအတုကိုသုံးစွဲမိခြင်း၊ ငွေအတုအား လက်ခံမိသည့် အခြေအနေများတွင် ခိုင်လုံသော သက်သေများ ရှိနေပါက အဆင်ပြေမည် ဖြစ်သည်။

အခု အဖမ်းခံထားရတဲ့ ကောင်မလေးဆီမှာက တိကျတဲ့ အထောက်အထားတွေသာရှိရင် ပြန်လွတ်မှာပါ။ အဓိကက အတုမှန်း အစစ်မှန်းမသိတဲ့ အခြေအနေက လူတိုင်းနီးပါးလောက် ကြုံရနိုင်တယ်။ အဲဒီအချိန်ကျရင် ကိုယ့်ဘက် ကခိုင်လုံတဲ့သက်သေရှိဖို့လိုတယ်  ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

လက်ရှိတွင် ငွေအတုများမှာ မြန်မာ့စီးပွားရေးအတွင်း ပျံံ့နှံ့လျက် ရှိနေသည်မှာ အသေအချာပင် ဖြစ်သည်။ ယင်းသို့အခြေအနေများတွင် ဖမ်းဆီးရမိမှသာ သိရှိခဲ့သည့် စင်ကာပူမှ ဝင်လာသည့် ငွေတုမှာလည်း ပြည်တွင်း ငွေကြေးလည်ပတ်မှုအတွင်း ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ယင်းအခြေအနေမှာ အစိုးရအတွက် စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ ထို့ အတူ နစ်နာခဲ့ရသည်ဟု ယူဆရသည့် ဒိုက်ဦးမြို့နယ်မှ နော်သောသွဲ့ထူးအတွက်လည်း အမှန်တရားကို ပြန်လည်ဖော်ဆောင်ပေးရန် လိုအပ်နေပြီဖြစ်သည်။            

----------------------------------------------

နော်သောသွဲ့ထူး၏ ဖခင် ဦးကီးဒို၊ မိခင် ဒေါ်သီသီခိုင်တို့နှင့် အင်တာဗျူး

‘ပြောတော့ပြောချင်တယ်။ ပြောလည်းမပြောတတ်ဘူး။ သမီးကိုပဲ အိမ်ကိုပြန်လာစေချင်ပြီ’

 

စင်ကာပူနိုင်ငံ၌ အိမ်အကူလုပ်ငန်း လုပ်ကိုင်ရာမှ ပြန်လည်ရောက်ရှိလာသည့် ကရင်လူမျိုး နော်သောသွဲ့ထူး (၂၅ နှစ်) မှာ ဒီဇင်ဘာ ၆ ရက်က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်တွင် ငွေတုကိုင်ဆောင်သုံးစွဲမှုဖြင့် ဖမ်းဆီးအရေးယူခံခဲ့ရသည်။ ၎င်းအား စင်ကာပူူရှိ အလုပ်ရှင်က ငွေအတုမှန်းမသိဘဲ လုပ်အားခအဖြစ် ပေးလိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် အတုမှန်းမသိဘဲ သုံးစွဲမိသဖြင့် အရေးယူခံထားရခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး နော်သောသွဲ့ထူး၏ ဖခင် ဦးကီးဒိုနှင့် မိခင် ဒေါ်သီသီခိုင်တို့အား Weekly Eleven ဂျာနယ်က ဆက်သွယ်မေးမြန်းခဲ့ပါသည်။

 

မေး - မနော်သောသွဲ့ထူးက ဘယ်နေ့က စင်ကာပူက ပြန်ရောက်တာလဲခင်ဗျ။

ဦးကီးဒိုး - ဒီဇင်ဘာ ၂ ရက် ပြန်ရောက်တာ။ ဟိုမှာ သုံးနှစ်ကြာတယ်။ အပြီး ပြန်လာတာ။ မနှစ်က တစ်ခါတစ်လပြန်လာသေးတယ်။ ဘာမှမဖြစ်ဘူး။ အခုမှ ငွေအတုရှိတယ်ဆိုပြီး ဖမ်းသွားတာ။

မေး - တစ်လကို ဟိုကနေ ဘယ်လောက်လောက်ပြန်ပို့လဲ။

ဦးကီးဒိုး - သူက တစ်လတစ်ခါ မပို့ဘူး။ နှစ်လတစ်ခါပို့တာ။ နှစ်လကို ရှစ်သိန်းနဲ့ ကိုးသိန်းကြားပို့တယ်။

မေး - သူက စင်ကာပူမှာ ဘာလုပ်ရတာလဲ။

ဦးကီးဒို- သူပြန်လာတုန်းက ပြောပြတာတော့ ကလေးထိန်းရတယ်။ အဝတ်လျှော်ရတယ်လို့ ပြောတယ်။

မေး - သူ့အလုပ်ရှင်က ဘယ်သူတဲ့လဲခင်ဗျ။ ဘာလုပ်တာတဲ့လဲ ခင်ဗျ။

ဦးကီးဒို- သူတို့အင်္ဂလိပ်နာမည်တော့ မခေါ်တတ်ဘူး။ အလုပ်ရှင်ကတော့ ရဲဆိုလား၊ စစ်သားဆိုလား သူတစ်ခါပြောဖူးတယ်။ ကျန်တာတော့ မပြောဘူး။

မေး - အဖမ်းခံရတဲ့နေ့က အဖြစ်အပျက်ကိုလည်း ပြောပြပါဦး။

ဦးကီးဒို- သူပြန်ရောက်ပြီး အိမ်မှာ တစ်ရက်နားတယ်။ နောက်ရက်ကျတော့ သူ့အမေနဲ့ စျေးသွားဝယ်တယ်။ စျေးကပြန်လာပြီး အိမ်မှာထိုင်နေတုန်းကို အတုသုံးတယ်ဆိုပြီး လာဖမ်းတာပဲ။

မေး - စျေးထဲမှာ သုံးစွဲနေတုန်းကရော ပိုက်ဆံအတုဆိုတာ သိပါသလား။

ဒေါ်သီသီခိုင် - မသိဘူး။ ဒီအတိုင်းစျေးဝယ်ပြီး ပြန်လာတာ။ အကြွေးပေးစရာလေးတွေ ရှိလို့ ပေးတယ်။ ဒီလောက်ပဲ။ ပိုက်ဆံက အတုမှန်းလည်း မသိဘူး။ အစစ်မှန်းလည်း မသိဘူး။

မေး - မိသားစုက ဘယ်နှယောက်ရှိတာလဲ။

ဒေါ်သီသီခိုင်- မိသားစုက ငါးယောက်။ သူကအကြီးဆုံးပဲ။

မေး - မိသားစုမှာ သူ့ဝင်ငွေပဲ အားထားနေရတာလား။

ဒေါ်သီသီခိုင် - ဟုတ်ပါတယ်။ သူကအကြီးဆုံးလည်းဖြစ်တော့ သူ့ဝင်ငွေကို တော်တော်မှီခိုနေရတာ။

မေး - သူနဲ့ ပတ်သက်ပြီး ဘာသတင်းတွေများ ကြားရသေးလဲ။

ဦးကီးဒို- သူ့ကိုတော့ အခုဖမ်းထားတယ်။ အချုပ်ထဲမှာဆိုတာပဲ သိရသေးတယ်။

မေး -  အခုဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်သူတွေက လာကူညီပေးသေးလဲ ခင်ဗျ။

ဦးကီးဒို- ခုနကတော့ ငါတို့ဝန်ကြီး (ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်း သားရေးရာဝန်ကြီး) လာသွားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါတယ်။

မေး - ဘာတွေများ ပြောသွားကြသေးလဲ။

ဦးကီးဒို- သူတို့ကလာအားပေးတာပေါ့။ ဖြစ်စဉ်တွေကို လာမေးကြတာ။ ဘယ်လိုပြောရမလဲ။ သူတို့လာမေးကြတာပေါ့။ တတ်နိုင်သလောက်ကူညီမယ်လို့ ပြောသွားတယ်။

မေး - သမီးဖြစ်သူအဖမ်းခံရတာနဲ့ ပတ်သက်ပြီး အစိုးရကို ဘာများပြောချင်ပါသလဲ။

ဦးကီးဒို- ပြောတော့ပြောချင်တယ်။ ပြောလည်းမပြောတတ်ဘူး။ သမီးကိုပဲ အိမ်ကိုပြန်လာစေချင်ပြီ။

ဒေါ်အေးအေးခိုင်- သူက အကြီးဆုံးဆိုတော့ သူ့ကိုပြန်လွတ်စေချင်တယ်။ သူအိမ်ကို ပြန်ရောက်တာ ဘယ်နှရက်မှ မကြာသေးဘူး။ ကျန်တာကတော့ ဘယ်လိုပြောရမှန်းမသိဘူး။