သမိုင်းထဲက ယနေ့မြောက်ဦး

သမိုင်းထဲက ယနေ့မြောက်ဦး
စေတီပုထိုး၊ ရှေးဟောင်း အမွေအနှစ်များဖြင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့တစ်နေရာအား နံနက်အရုဏ်တက်တွင် တွေ့ရစဉ် (Photo : Mrauk Oo Kingdom)
စေတီပုထိုး၊ ရှေးဟောင်း အမွေအနှစ်များဖြင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့တစ်နေရာအား နံနက်အရုဏ်တက်တွင် တွေ့ရစဉ် (Photo : Mrauk Oo Kingdom)
Published 9 December 2018
သန်းလှိုင် (စစ်တွေ)

နှင်းမှုန်နှင်းပွင့်တွေအောက်မှာ လှချင်တိုင်းလှနေတဲ့ မြောက်ဦးရဲ့ ဆောင်းမနက်ခင်းကို ကြည့်ရှုခံစားရတဲ့ အရသာဟာ ဘယ်အရာနဲ့မှ အစားထိုးလို့မရနိုင်ဘူး။ နေရောင် ထွက်စအချိန်အခိုက်အတန့်လေးမှာ နှင်းထုထဲ ထိုးထိုးထောင်ထောင်ထွက်နေတဲ့ စေတီပုထိုးတွေဟာ အတိတ်သမိုင်းကို လွမ်းမောစေပါတယ်။

သက္ကရာဇ် ၁၄၃၁ မှာ ရခိုင်ဘုရင် မင်းစောမွန်က တည်ထားခဲ့တဲ့ မြောက်ဦး။ ဒီမင်း မတိုင်ခင်ကတည်းက ဓညဝတီ၊ ဝေသာလီ၊ လေးမြို့ခေတ်တွေလည်း ရှိသေးတယ်။ ကိုယ့်ထီးကိုယ့်နန်းနဲ့ စိုးစံအုပ်ချုပ်ခဲ့ကြတဲ့ မင်းနေပြည်တော်။ သမိုင်းဆိုတာ ဖျောက်ဖျက်လို့မရနိုင်တဲ့ ပုံရိပ်တစ်ခုဖြစ်တာမို့ မြောက်ဦးသားတွေအတွက်က အမွေအနှစ်တွေရဲ့ ကြားထဲမှာ နေခွင့်ရတာကိုက ဂုဏ်ယူစရာပါ။

ရှေးဟောင်းအမွေအနှစ်တွေ၊ တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေနဲ့ ယဉ်ကျေးမှုတွေဟာ မြောက်ဦးကို ဂုဏ်တက်စေခဲ့တာတော့ အမှန်ပါပဲ။ အထပ်ထပ်ကာရံထားတဲ့ မြို့ရိုးတွေ၊ မြို့တံခါးတွေ၊ ဗိသုကာလက်ရာတွေ၊ ကျုံးတွေ၊ နန်းရင်ပြင်တွေ အစရှိတဲ့ ရှေးခေတ်ဗိသုကာလက်ရာတွေကို ယနေ့တိုင်မြင်တွေ့ခွင့်ရတာကိုက မြောက်ဦးကို ရောက်လာသူတစ်ယောက်အဖို့ ကံကောင်းတယ်လို့ ယူဆနိုင်ပါတယ်။

ဒါကြောင့်လည်း မြောက်ဦးလို့ဆိုလိုက်တာနဲ့ စိတ်မဝင်စားတဲ့သူ မရှိသလောက်ပေါ့။ မြန်မာနိုင်ငံအနှံ့က aလူတွေစိတ်ဝင်စားသလို ပြည်ပနိုင်ငံတွေကလည်း စိတ်ဝင်စားမှုတွေကို တွေ့ရပါတယ်။ ပွင့်လင်းရာသီရောက်ပြီဆိုတာနဲ့ မြောက်ဦးမှာ ပြည်တွင်းပြည်ပခရီးသွားတွေ တဖွေးဖွေးရှိနေတတ်တယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ နိုင်ငံခြားဧည့်သည်တွေ ဝင်ရောက်မှုနည်းပါးနေတယ်လို့ ဆိုပါတယ်။ ဒါကလည်း မတည်ငြိမ်သေးတဲ့ ရခိုင့်အနောက် တံခါးပြဿနာကြောင့် ဖြစ်ပါတယ်။ မြောက်ဦးမှာက လုံခြုံစွာသွားလာနိုင်တယ်လို့လည်း ဧည့်လမ်းညွှန်တွေက ပြောဆိုကြပါတယ်။

တောင်ကုန်းတောင်တန်းတွေကြားမှာ သိုဝှက်ထားတဲ့ မြို့တစ်ခုအဖြစ် တည်ဆောက်ထားကတည်းက ခံတပ်မြို့တစ်ခုဖြစ်တယ်ဆိုတာကို တွေးကြည့်လို့ရပါတယ်။ ဒါကြောင့်လည်း မြောက်ဦးမြို့ကို အဝေးကနေကြည့်လို့ မမြင်နိုင်ပါဘူး။ မြို့ကလေးကကျဉ်းပေမယ့် အရပ်လေးမျက်နှာကို ကြည့်လိုက်တိုင်းစေတီ ပုထိုးတွေ၊ ရှေးဟောင်းအမွေအနှစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ တချို့စေတီပုထိုးတွေဟာ ချုံနွယ်ပိတ်ပေါင်းထဲမှာရှိနေဆဲ၊ ရေညှိတွေနဲ့ ဟောင်းအိုဆွေးမြည့်နေဆဲဆိုပေမယ့် သမိုင်းတန်ဖိုးမပျက်စီးဖို့အတွက် စောင့်ရှောက်ထားကြတာကိုလည်း တွေ့ရပါတယ်။

အုတ်ချပ်တွေ မပေါ်သေးမီကတည်းက ကျောက်တုံးကျောက်ချပ်တွေနဲ့ တည်ဆောက်ထားခဲ့တဲ့ လက်ရာတွေကို မြောက်ဦးမှာ တွေ့ရတယ်။ ရခိုင်ကျောက်ခေတ်သစ်ယဉ်ကျေးမှုကို ဘီစီ ၂၀၀၀ ဝန်းကျင်က စတင်ခဲ့တယ်လို့ ဒေါက်တာဘာနာဂျီက ပြောပါတယ်။ ဒီလိုပါပဲ ကျောက်ခေတ်ကနေစပြီး ကြွေထည်လုပ်ငန်းတွေ၊ စဉ့်ထည်လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခဲ့တဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေ အများအပြားကို မြောက်ဦးမှာတွေ့ရမှာ ဖြစ်ပါတယ်။ စဉ့်ထည်လုပ်ငန်းနဲ့ပတ်သက်လို့ လောင်ပန်းပြောက်စေတီဆိုရင် အထင်အရှားရှိသေးတဲ့အတွက် မြောက်ဦးခေတ်မှာ စဉ့်ထည်လုပ်ငန်းကို  တွင်ကျယ်စွာအသုံးပြုခဲ့တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

တကယ်တော့ မြောက်ဦးမှာ ကြွေထည်၊ ကြေးထည်တွေကို ပြုလုပ်ခဲ့ရုံသာမက ငွေဒင်္ဂါးတွေကိုလည်း ထုတ်ဝေသုံးစွဲခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းများအရဆိုရင် နရမိတ်လှ (မင်းစောမွန်) ဟာ ဒင်္ဂါးနှစ်မျိုး ခတ်နှိပ်ခဲ့ကြောင်းတွေ့ရပါတယ်။ ကောဇာသက္ကရာဇ် ၇၉၂ မှာ ပထမဆုံးခတ်နှိပ်ခဲ့တဲ့ ဒင်္ဂါးရဲ့ ရင်နှင့်ကျောနှစ်ဖက်စလုံးမှာ ၇၉၂ ရွှေနန်းသခင်၊ နရမိတ်လှရာဇာလို့ ခပ်နှိပ်ထားခဲ့တာကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။

မြောက်ဦးမြို့ရှိ စေတီပုထိုး စုစုပေါင်းအရေအတွက်ကို ‘အုန်းပွင့်ပန်းခိုင်’ တလှိုင်လှိုင်လို့ စာဆိုရှိခဲ့ရာ စေတီပုထိုးပေါင်း ၁၅၅၂ ဆူရှိခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ရှေးဟောင်းသုတေသနဦးစီးဌာနရဲ့ ၂၀၀၄-၂၀၀၅ ဘဏ္ဍာနှစ်စာရင်းတွေအရ မြောက်ဦးဒေသတွင် စေတီ၊ ပုထိုး၊ ဘုရား၊ ပိဋကတ်တိုက်၊ သိမ် အစရှိတဲ့ ရှေးဟောင်း အဆောက်အအုံ ၃၇၅ ခုသာရှိတယ်လို့ ဖော်ပြထားတာကိုလည်း တွေ့ရှိရပါတယ်။

တချို့ကလည်း “သဇင်ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း” လို့ စာပေတွေမှာ တွေ့နေရတယ်။ သမိုင်းဆိုင်ရာမှတ်တမ်းတွေမှာလည်း တွေ့နေရပါတယ်။ မြောက်မြားလှစွာသော ဘုရား၊ စေတီပုထိုးတော်တွေကို ရည်ညွှန်းထားတာဖြစ်တဲ့အတွက် မြောက်ဦးမှာ စေတီပုထိုးတွေ လက်ညှိုးထိုးမလွဲအောင် ပေါများလှပါတယ်။ မြေအောက်မှာ တိမ်မြုပ်ပျောက်ကွယ်နေသေးတဲ့ စေတီပုထိုးတော်တွေလည်း အများကြီးရှိနိုင်ပါသေးတယ်။

လက်ရှိအနေအထားမှာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နိုင်ဖို့အတွက်လည်း ပညာရှင်တွေနဲ့ လေ့လာဆန်းစစ်ပြီး စာရင်းပြုစုတင်ပြထားတာရှိတယ်လို့လည်း သိရတယ်။ တကယ်လို့သာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းထဲဝင်သွားမယ်ဆိုရင်တော့ မြောက်ဦးဟာ ပိုမိုအလေးထားခြင်းခံရမှာဖြစ်သလို လာရောက်လည်ပတ်သူတွေလည်း များလာမှာဖြစ်ပါတယ်။ ဒီလိုလည်ပတ်ဖို့ ရောက်လာသူတွေ များပြားလာမယ်ဆိုရင်တော့ အရင်ထက် ပိုမိုသန့်ရှင်းသပ်ရပ်လာမှာဖြစ်သလို ဒေသခံတွေလည်း ဝင်ငွေကောင်းကောင်း ရလာနိုင်ပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့လုပ်ငန်းအားလုံးလည်း လည်ပတ်မှုအားကောင်းလာမှာ ဖြစ်တယ်လို့လည်း ဒေသခံတွေက မျှော်လင့်ထားကြတယ်လို့ ဆိုပါတယ်။

“ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်သွားပြီဆိုရင် ဂုဏ်ဒြပ်အားဖြင့်လည်း တက်သွားမယ်။ မြန်မာနိုင်ငံရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဝင်တာက မြန်မာနိုင်ငံမှာ သရေခေတ္တရာတစ်ခုတည်းသာ ရသေးတာဖြစ်တဲ့အတွက် ဒုတိယမြောက်ရတဲ့ မြို့လည်းဖြစ်လာမယ်။ ရပြီဆိုတာနဲ့ ခရီးသွားတွေ အများကြီးတိုးလာမယ်။ လမ်းပန်းဆက်သွယ်ရေးလည်းကောင်းလာမယ်။ ဟိုတယ်တွေလည်း အများကြီးဖြစ်လာမယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရှိလာမှာ သေချာပါတယ်။ ပုဂံမှာ ဟိုတယ် ၁၀၀ ကျော်ရှိတယ်။ မြောက်ဦးမှာလည်း ဟိုတယ် လေးငါး ဆယ်ဖြစ်လာမယ်ဆိုရင်တောင် အလုပ်အကိုင်အခွင့်အလမ်းတွေက မနည်းဘူးပေါ့ဗျာ။ ရခိုင်တွေ နိုင်ငံခြားမှာ သွားလုပ်နေမယ့်အစား ကိုယ့်မြို့၊ ကိုယ့်ရွာမှာ အလုပ်အကိုင် အများကြီးရတယ်ဆိုတဲ့ အစီအစဉ်တွေ ဖြစ်လာမယ်။ အခုဖြစ်နေတာလူတွေ အတော်များများက Migrant လုပ်နေရတယ်။ ပြီးတော့ တစ်ကမ္ဘာလုံးဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ရလာမယ်။ စာရင်းဝင်သွားပြီဆိုတာနဲ့ မြောက်ဦးမြို့က တစ်ဟုန်ထိုး တိုးတက်လာမှာ ဖြစ်တဲ့အတွက် ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုက မဖြစ်မနေလိုအပ်ပါတယ်” လို့ ရှေးဟောင်းသုတေသနဌာနက ဦးညိမ်းလွင် ပြောကြားခဲ့တဲ့စကားကို နားမှာ ကြားယောင်လာမိတယ်။ အရေးပါလှတဲ့ ကိစ္စရပ်တွေဖြစ်တာကြောင့် မြောက်ဦးဒေသခံတွေ အားလုံးပူးပေါင်းပါဝင်ခြင်းဟာ အကောင်းဆုံးရလဒ်တစ်ခုကို ရလာနိုင်တယ်လို့လည်း တွေးတောမိပါတယ်။

မြောက်ဦးမြို့တစ်ပတ်လည့်လည် ကြည့်ရှုမယ်ဆိုရင် ဘုရားပုထိုးတွေနဲ့ ရှေးဟောင်း လက်ရာတွေကိုသာ တွေ့မြင်ရမှာဖြစ်တယ်။ ဘုရင်တွေခေတ်က ထုလုပ်ထားခဲ့ကြတဲ့ နံရံကပ်ရုပ်တုတွေ၊ ပန်းပုလက်ရာတွေကလည်း ဘယ်လောက်အထိ ရှေးကျတယ်ဆိုတာကို သမိုင်းပညာရှင်တွေက အသိပဲဖြစ်ပါတယ်။ အံ့သြရလောက်အောင် တိုးတက်ခဲ့တဲ့တိုင်း ပြည်တစ်ခုဖြစ်ခဲ့တယ်ဆိုတာကို သမိုင်းက သက်သေအထင်အရှားပါပဲ။

ဒါပေမဲ့ မြောက်ဦးဟာ အရင်ကနဲ့မတူတဲ့ စိတ်ခံစားချက်တွေကို ပေးနေပြီလားလို့တောင် တွေးမိပါသေးတယ်။ ဘုရားပုထိုးတွေကို ဖျက်ဆီးသူတွေလည်းရှိလာခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒီလိုမျိုးလုပ်ရပ်ဟာ ဘယ်တိုင်းရင်းသားလူမျိုး၊ ဘယ်ဗုဒ္ဓဘာသာကမှ လက်မခံနိုင်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်ဆိုတာကို တွေးကြည့်စရာတောင် မလိုပါဘူး။

တကယ်တော့ ရခိုင်ဘုရင်တွေ စိုးစံအုပ်ချုပ်ခဲ့တဲ့ခေတ်က မြောက်ဦးဟာ ပေါ်တူဂီ၊ နယ်သာလန်၊ အင်းဝ၊ ပဲခူး၊ အာရေးဗီးယား၊ ပါရှား၊ အိန္ဒိယနိုင်ငံတွေနဲ့  ကူးသန်းရောင်းဝယ်ဖောက်ကားမှုတွေ ရှိခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ ဟင်းခတ်အမွှေး အကြိုင်၊ ဆင်၊ ကျေးကျွန်၊ မြင်း၊ ဆန်စပါး၊ ချည်မျှင်၊ ပတ္တမြားအစရှိတဲ့ ကုန်သွယ်မှုတွေ ရှိခဲ့တယ်လို့ ဆိုတယ်။ ဘင်္ဂလား ၁၂ မြို့ကို ပိုင်ခဲ့တဲ့ ခေတ်တွေလည်း ရှိခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေက ဆိုပါတယ်။ ဒါတွေဟာ အခုအချိန်မှာ အိပ်မက်သာဖြစ်နေခဲ့ပြီလားဆိုတာကို တွေးတောပြီး အဝေးကို ငေးကြည့်နေခဲ့မိပါတယ်။

လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ ခေတ်တုန်းကဆိုရင် မြောက်ဦးကို ရောက်ဖူးချင်ပေမယ့်မရောက်ဖြစ်ဘဲ အသက်ကုန်ဆုံးသွားခဲ့ကြရတဲ့ ရှေးကဘိုးဘွားတွေလည်း အများကြီးရှိခဲ့မှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခဲ့ပြီဖြစ်တဲ့အတွက် သွားလမ်းသာလို့ လာလမ်းဖြောင့်နေပြီဖြစ်ပါတယ်။ ဒီအကြောင်းတွေ တွေးမိတိုင်း “ငါမြို့ဟောင်းကို မရောက်နိုင်ခဲ့တာ ဝမ်းနည်းတယ်ကွာ” လို့ အဘိုးမသေခင် ပြောခဲ့တဲ့စကားကို မှတ်မိနေသေးတယ်။

မြောက်ဦးမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ သင်္ကြန်လွန်ရင်ကျင်းပမယ့် သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ်နဲ့ မာန်ငါးပါး ဘုရားပွဲတော်ကို စဉ်လာမပျက်စည်ကားသိုက်မြိုက်စွာ ကျင်းပကြဦးမှာဖြစ်ပါတယ်။ လောင်းလှေတွေစီးပြီး ချောင်းငယ်လေးအတွင်းမှာ ရေပက်ကစားကြမှာဖြစ်သလို ပြိုင်လောင်းပြိုင်ပွဲကိုလည်း စည်ကားစွာကျင်းပကြဦးမှာ ဖြစ်ပါတယ်။

တကယ်လို့ ရခိုင့်ရှေးဟောင်း မြို့တော်ဖြစ်တဲ့ မြောက်ဦးဟာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ်သာ သတ်မှတ်ခံရမယ်ဆိုရင် …..။  ။