လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေ ဘယ်လိုရှိသလဲ

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေ ဘယ်လိုရှိသလဲ
ရန်ကုန်မြို့အတွင်း မေ ၅ ရက်က လူအင်အား ၅၀၀ ကျော်ဖြင့် ငြိမ်းစုစီဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းအား ကန့်ကွက်ဆန္ဒြ့ပနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့အတွင်း မေ ၅ ရက်က လူအင်အား ၅၀၀ ကျော်ဖြင့် ငြိမ်းစုစီဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းအား ကန့်ကွက်ဆန္ဒြ့ပနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 9 December 2018
ဆန်းမိုးထွန်း

မြန်မာနိုင်ငံတွင် တပ်မတော် အစိုးရလက်ထက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီး နောက်ပိုင်း ၂၀၁၀ တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ ယင်းရွေးကောက်ပွဲတွင် တပ်မတော်မှ အရပ်ဘက်သို့ ကူးပြောင်းလာသော ဗိုလ်ချုပ်ကြီးများ အများစုပါဝင်သည့် ပြည်ခိုင်ဖြိုးပါတီမှာ မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိခဲ့ပြီး သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အစိုးရတစ်ရပ် ပေါ်ထွက်လာသည်။

ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးမည်ဟု  ပြောကြားခဲ့သည့် သမ္မတဦးသိန်းစိန် လက်ထက်တွင် စာပေကင်ပေတိုင်အဖြစ် လူသိများသည့် စာပေစိစစ်ရေးကို ဖျက်သိမ်းပေးခြင်း၊ ပုဂ္ဂလိက သတင်းစာများကို ပြန်လည်ထုတ်ဝေခွင့်ပေးခြင်း၊ သံချပ်များကို ပြန်လည်ခွင့်ပြုပေးခြင်းနှင့် ဥပဒေတစ်ရပ် ရေးဆွဲ၍ ဆန္ဒပြခြင်းကို ခွင့်ပြုပေးခဲ့သည့်အတွက် ယခင်ကထက်စာလျှင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်သည် အနည်းငယ်လွတ်လပ်မှု ရှိလာသည်ဟု သုံးသပ်မှုများရှိခဲ့သည်။

ထိုသို့သော အခြေအနေများမှ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး NLD အစိုးရဖြစ်လာချိန်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ဦးသိန်းစိန်အစိုးရ လက်ထက်ကထက် ပို၍ လွတ်လပ်လာနိုင်သည်ဟု အားလုံးက ယုံကြည်ခဲ့ကြသည်။

ထိုသို့ ယုံကြည်ရခြင်း၏ အခြေခံအကြောင်းတရားများကလည်း ရှိခဲ့သည်။ NLD အစိုးရ စတင်တာဝန်ယူချိန်တွင် ဦးသိန်းစိန် လက်ထက်က အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့သည့်အတွက် ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်နေရသည့် ကျောင်းသားများ၏ အမှုကို သမ္မတသစ် ဦးထင်ကျော် က ပိတ်သိမ်း၍ ပြန်လွှတ်ပေးခဲ့သည်။

ထို့ပြင် ဦးသိန်းစိန်လက်ထက်က အစိုးရကို ဆန္ဒပြခြင်းကြောင့် နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျနေသည့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ အလုပ်သမား နှင့် လယ်သမားများကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ ယင်းသို့ လုပ်ဆောင်မှုများသည် NLD အစိုးရလက်ထက် ကနဦး အစတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ကောင်းမွန်သည့်ခြေလှမ်းများ ဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိခဲ့သည်။

သို့သော် NLD ဦးဆောင်သော အရပ်သားအစိုးရလက်ထက် သက်တမ်းထက်ဝက် ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်သည် ယခင် အခြေအနေများထက် ဆိုးရွားလာ သည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်သော သုတေသန စာတမ်းများက ဆိုသည်။

ထိုသို့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ကျဆင်းလာရခြင်းတွင် ဆက်သွယ်ရေးဥပဒေပြင်ဆင်ရာ၌ ပုဒ်မ ၆၆(ဃ)ကို မပယ်ဖျက်ခဲ့ခြင်း၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပိုမိုတင်းကျပ်သည့် အခြေအနေ ဖြစ်ရန် ဖန်တီးပြင်ဆင်ခြင်း၊ ရန် ကုန်တိုင်းဒေသကြီး ၁၁ မြို့နယ် တွင် ဆန္ဒထုတ်ဖော်ခွင့် ပိတ်ပင်ခဲ့ ခြင်း၊ လူမှုကွန်ရက်များကို အစိုးရ က စောင့်ကြည့်ထိန်းကျောင်းခြင်း၊ ဆွေးနွေးပွဲ၊ ဆုတောင်းပွဲများနှင့် ကဗျာရွတ်ဆိုပွဲများကိုပါ ပိတ်ပင်မှု ရှိလာခြင်းနှင့် သတင်းသမားများကို တရားစွဲဆို ထောင်ချခံရမှုများ များ ပြားလာခြင်း စသည့်အချက်များ ဖြစ်သည်ဟု အသံအဖွဲ့က ထုတ် ဝေခဲ့သည့် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့် (အစိုးရသက်တမ်းဝက် အစီရင်ခံစာ)တွင် ဖော်ပြထား သည်။

NLD အစိုးရလက်ထက်တွင် လွတ်လပ်စွာပြောဆိုနိုင်သည့် အပိုင်းနှင့် လွတ်လပ်စွာပြောဆိုခွင့် မရအောင် ချုပ်ခြယ်ထားသည့် အပိုင်းလည်းရှိကြောင်း မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က သုံးသပ်သည်။

“လွတ်လပ်စွာပြောလို့ရတဲ့ အပိုင်းတွေရှိသလို လွတ်လပ်စွာ ပြောလို့မရအောင် ချုပ်ခြယ်တဲ့ အ ပိုင်းတွေလည်း ရှိတာပေါ့။ သဘော ကတော့ လွတ်လပ်စွာပြောဆိုခွင့် သည်းခံခွင့်လွှတ်တဲ့ ခေါင်းဆောင် ရှိသလို သည်းမခံခွင့်မလွှတ်တဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေလည်း ရှိနေသေးတယ်” ဟု ဦးယုလွင်အောင်က ဆိုသည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ကို မပယ်ဖျက်ခဲ့ခြင်း

ဆက်သွယ်ရေးဥပဒေကို ၂၀၁၃ အောက်တိုဘာတွင် ပြဌာန်းခဲ့သည်။ ယင်းဥပဒေပြဋ္ဌာန်းချိန် တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ လာရောက် လုပ်ကိုင်ကြမည့် ဆက် သွယ်ရေးကုမ္ပဏီများအတွက် ရည် ရွယ်ပြဋ္ဌာန်းခဲ့သော်လည်း နောက် ပိုင်းတွင် ဥပဒေ၌ ပါဝင်သည့် ပုဒ်မ ၆၆(ဃ)ဖြင့် အစိုးရပိုင်းက စတင် အရေးယူမှုများ ပြုလုပ်ခဲ့သည့်အ တွက် နာမည်ဆိုးဖြင့်ကျော်ကြားလာ သော ဥပဒေဖြစ်လာသည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)သည် ပြည်သူကို ချိုးနှိမ်နေသည့် အဓိကပုဒ်မဖြစ်နေပြီး ယင်းပုဒ်မကို လိုသလိုအသုံးပြုနိုင် ရန် ကျားကန် ပေးထားသည့် ပုဒ်မ မှာ ပုဒ်မ ၈၀ ဖြစ်သည်။

ပုဒ်မ ၆၆ (ဃ) တွင် “ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင် အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံး ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” ဟု ဖော်ပြထားသည်။

ပုဒ်မ ၈၀ ဖော်ပြချက်အရ ပထမအချက်တွင် ဥပဒေပါ ပြစ်မှုများကို ရဲအရေးပိုင်ပြစ်မှုအဖြစ် သတ်မှတ်ထားသည်။ နောက်ထပ် အချက်မှာ ဥပဒေအရ တရားစွဲဆို သည့်အခါတွင် ဝန်ကြီးဌာန၏ ကြို တင်ခွင့်ပြုချက်ကို ရယူရမည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ရဲလုပ်ထုံးလုပ် နည်းအရ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် ခံရသူကို စိတ်ကြိုက်လုပ်ခွင့်ရှိသည့် အပြင် ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့် အရ သာမန်ပြည်သူဖြစ်ပါက တစ် မျိုး၊ အုပ်ချုပ်ရေးအာဏာပိုင်းမှဆို လျှင် တစ်မျိုးကိုင်တွယ်ခွင့် ရှိလာ သည်။

ထိုသို့သောအခြေအနေတွင် ၂၀၁၇ ဇူလိုင် ၆ ရက်က ပြုလုပ်သည့် နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လွှတ် တော်အနေဖြင့် ပုဒ်မ ၆၆ (ဃ) ကို ပြုပြင်ရေးဆွဲရန် စဉ်စားနေပြီဖြစ် ကြောင်း ပြောကြားသည်။

နိုင်ငံတော်အတိုင်ပင်ခံပြော ကြားပြီး နောက်တစ်နေ့တွင် ပြည် ထောင်စုလွှတ်တော် အင်တာနက် စာမျက်နှာ၌ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို ထုတ်ပြန်ခဲ့သည်။ ယင်းမူကြမ်းတွင် ပြင်ဆင်ချက် ခြောက်ချက် ပါရှိသည့် အနက် လူပြောများပြီး အဝေဖန်ခံ နေရသည့် ပုဒ်မ ၆၆ (ဃ) လည်း ပါဝင်လာသည်။

ပုဒ်မ ၆၆ (ဃ) ပြင်ဆင်ချက် ထဲတွင် မူလဥပဒေ၌ ပြဋ္ဌာန်းထား သည့် အနိုင်အထက်ပြုခြင်း၊ မတ ရားတားဆီးကန့်ကွက်ခြင်းနှင့် မလျော်သြဇာသုံးခြင်းဆိုသည့် အချက်များ မပါဝင်လာတော့ပေ။

အစိုးရက ဥပဒေမူကြမ်းတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်များပြုလုပ်ထား သော်လည်း ယင်းပုဒ်မကို အရပ်ဘက် အဖွဲ့အစည်းများ၊ ဥပဒေပညာရှင် များနှင့် တက်ကြွလှုပ်ရှားသူများက ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဘက်ကနေ အချက် ၂၀ ကျော်ကို ဘာကြောင့် ပြင်သင့်ပါတယ်ဆိုပြီး လေ့လာတင် ပြခဲ့တယ်။ အဲဒီဟာတွေ အခုထွက် လာတဲ့ ဥပဒေမူကြမ်းမှာ မပါခဲ့ဘူး။ ကျွန်တော်တို့ တောင်းခဲ့တာက ဆက်သွယ်ရေး ဥပဒေမှာ ၆၆(ဃ)ကို ဖျက်သိမ်းမယ်။ နောက်ပြီးတော့ တခြားပုဒ်မတွေမှာလည်း ပြင်ရ မယ့်ဟာတွေရှိသလို ဖျက်ရမယ့် ဟာတွေလည်းရှိတယ်။ အဲဒီမှာ ကျန်တဲ့ပုဒ်မတွေကို မထိဘဲနဲ့ ကျွန် တော်တို့ ဖျက်ရမယ်ဆိုတဲ့ ပုဒ်မကို ပြင်လိုက်တယ်။ အဲတော့ ဒီဥပဒေ မူကြမ်းက ကျွန်တော်တို့ရဲ့ အသံ မပါဘူးလို့ ပြောလို့ရတယ်” ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့(အသံ)မှ အမှု ဆောင်ဒါရိုက်တာ မောင်ဆောင်းခ က ဆိုသည်။

ထို့ပြင် ပုဒ်မ ၈၀ ပြင်ဆင်ချက် တွင်  ဥပဒေပါ ပြစ်မှုများကို ရဲ အရေးပိုင်အဖြစ်သတ်မှတ်ရန်၊ ပုဒ်မ ၆၆ ပုဒ်မခွဲ (ဂ)၊ (ဃ)နဲ့ ပုဒ်မ ၆၈ ပုဒ်မခွဲ(က) တို့ပါ ပြစ်မှုတွေမှ တစ်ပါး ကျန်ပြစ်မှုများကို တရားစွဲ ဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင် ခွင့်ပြုချက်ရယူရန်၊ ပုဒ်မ ၆၅၊ ပုဒ်မ ၆၆ ပုဒ်မခွဲ (က)၊(ခ)နှင့် (ဃ)တို့ပါ ပြစ်မှုများကို အာမခံပေးနိုင်သည့် ပြစ်မှုများအဖြစ်သတ်မှတ်ရန်နှင့် မည်သည့်တရားရုံးမျှ ပုဒ်မ ၆၆ ပုဒ်မခွဲ (ဃ) ပါ ဆက်သွယ်ရေး ကွန် ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးဦးအား အသရေဖျက်ခြင်း ပြုကြောင်း သက်ဆိုင်ရာ နစ်နာသူ ကိုယ်တိုင်ဖြစ်စေ၊ ထိုသူ၏ ကိုယ် စားလှယ် လွှဲအပ်ခြင်း ခံရသူက ဖြစ် စေ၊ တိုင်တန်းချက်အရ မဟုတ်လျှင် အရေးယူ ဆောင်ရွက်ခြင်းမပြုရဟု ဖော်ပြထားသည်။

ယင်းဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရန် မူကြမ်းထွက်ခဲ့သော် လည်း ထူးထူးခြားခြားအပြောင်း အလဲမျိုး မရှိကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဖက် အတွင်းရေးမှူး(၂) ဦးသာလွန် ဇောင်းထက်က ဆိုသည်။

“ဒီဥပဒေက ပြင်ဆင်တယ်ဆို တာတော့လည်း တကယ်တော့ လည်း ပြင်ဆင်တာက ဘာမှတော့ သိပ်ပြောင်းလဲတာမတွေ့ရဘူး။ အာမခံရလာတယ်။ နောက်တစ်ခု က နစ်နာသူကိုယ်တိုင်က ကိုယ်စား လှယ်လွှဲစာနဲ့ စွဲလို့ရတယ်ဆိုတဲ့ ပြောင်းလဲမှုတွေ နည်းနည်းပဲရှိ တယ်။ တကယ်တမ်းကျတော့ ၆၆ (ဃ) တစ်ခုလုံးက ပြန်ချိန်ကြည့်လို့ ရှိရင် နိုင်ငံသားတိုင်းရဲ့ လွတ်လပ် စွာပြောဆိုပိုင်ခွင့်ကို ထိခိုက်နေ တာပေါ့။ အခုဟာက ပြောင်းတော့ ပြောင်းလဲလိုက်တယ် အမှုရင်ဆိုင် တဲ့အခါမှာ စွပ်စွဲခံရတဲ့သူဘက်က  သက်သောင့်သက်သာနဲ့ အမှုရင် ဆိုင်လို့ရတဲ့ အခြေအနေမျိုးပဲရှိ တယ်။ သိပ်ပြီးတော့ ထူးထူးခြား ခြားပြောင်းလဲသွားတယ်လို့ မမြင်ပါဘူး” ဟု ဦးသာလွန်ဇောင်းထက် က ပြောသည်။

ထိုသို့ ဥပဒေပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက ပုဒ်မ ၆၆(ဃ)ကို ဖျက်သိမ်းရန် အစိုးရကို တိုက်တွန်းနေချိန်တွင် မူလဥပဒေ ထက် ရှုပ်ထွေးစေနိုင်သည့် ပြင်ချက်မူကြမ်း ထွက်ပေါ်လာသည့် အတွက် မမျှတသော ဥပဒေဖြစ် လာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိခဲ့သည်။

“ဘာကြောင့်လဲဆိုတော့ ဒီ ဥပဒေက အာဏာရှင်တွေကနေ သူတို့ အာဏာတည်မြဲရေးအတွက် သူတို့ အာဏာကို ထိခိုက်တဲ့သူ တွေကို ဖိနှိပ်တဲ့ ဥပဒေဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီ အစိုးရလို့ ကြွေးကြော်ထားတဲ့ အတွက်ကြောင့် ဒီဥပဒေကို သုံးကို မသုံးရဘူး။ ဒီမို ကရေစီ လမ်းကြောင်းနဲ့ ဆန့်ကျင် နေတဲ့ ဥပဒေဖြစ်တယ်။ ဒီမိုကရေစီ ကျင့်စဉ်နဲ့ သွေဖည်တဲ့ ဥပဒေဖြစ်တဲ့ အတွက်ကြောင့် ဒါကို သုံးကို မသုံး သင့်ဘူး}}ဟု တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်က ဆိုသည်။

သို့သော် လွှတ်တော်က ဥပဒေ ပညာရှင်များ၊ အရပ်ဖက်အဖွဲ့ အစည်းများနှင့် တက်<ကလှုပ်ရှားသူ များ၏ အကြံပြုချက်များအတိုင်း ပြင်ဆင်ခဲ့ ခြင်းမဟုတ်ဘဲ အပေါ်ယံ ပြင်ဆင်မှုကိုသာ ပြုလုပ်ခဲ့သည်။

ဆက်သွယ်ရေးဥပဒေ ပြင် ဆင်သည့် ဥပဒေကို ၂၀၁၇ သြဂုတ် ၂၉ ရက်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ထင်ရှားသည့် ပြင်ဆင်ချက် သုံးချက် အဖြစ် ပုဒ်မ ၆၆(ဃ)အရ ပြစ်မှုမြောက်စေသည့် အချက်များ ကို လျှော့ချခြင်း၊ ယင်းပုဒ်မပါ ပြစ်မှု ၏ ပြစ်ဒဏ်များကို လျှော့ချခြင်းနှင့် ကြားလူက တရား စွဲဆိုမှု မပြုနိုင်ရန် ထည့်သွင်းပြဋ္ဌာန်းခြင်းတို့ ဖြစ် သည်။

သို့သော် NLD အစိုးရလက်ထက် ဥပဒေပြင်ဆင်ပြီးနောက်ပိုင်း တစ်နှစ်အတွင်း တရားစွဲဆိုမှု ၄၈ မှုရှိကြောင်း အသံအဖွဲ့က ထုတ်ဝေခဲ့သည့် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်  (အစိုးရသက်တမ်းဝက် အစီရင်ခံစာ) တွင် ဖော်ပြထား သည်။

 

ကန့်ကွက်မှုများရှိခဲ့သည့် ငြိမ်းစုစီဥပဒေပြင်ဆင်ခြင်း

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေကို ဦးသိန်းစိန်လက်ထက် ၂၀၁၁ ဒီဇင်ဘာ ၂ ရက်က ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေတွင် လွတ်လပ်စွာစုဝေးခွင့်ကို များစွာ ကန့်ကွက်ထားသော အချက်အ လက်များပါရှိသည့်အတွက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက အပြင်းအထန် ကန့်ကွက်ခဲ့ ကြသည်။

ထို့နောက် ဦးသိန်းစိန် လက် ထက် ၂၀၁၄ ဇွန်တွင် ပြင်ဆင်ရာ၌ မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ ခွင့်ပြုချက် တောင်းခံရမည်ဆိုသည့်အချက်ကို မပြင်ဆင်နိုင်သည့်အတွက် နိုင်ငံ သားများ၏ လွတ်လပ်စွာ ဆန္ဒထုတ် ဖော်ခွင့်ကို ကန့်သတ်ရာရောက်ကြောင်း ဝေဖန်မှုများရှိခဲ့သည်။ NLD လက်ထက် ၂၀၁၆ အောက်တိုဘာတွင် ပြင်ဆင်ရာ၌ ခွင့်ပြုချက်ရယူခြင်းနှင့်ပတ်သက်ပြီး ၄၈ နာရီအတွင်း အကြောင်းကြားရမည် ဟုသာ ပါရှိသောကြောင့် အားလုံးက ကြိုဆိုခဲ့ကြသည်။

သို့သော် ယင်းဥပဒေတွင် ဆန္ဒပြပွဲ ဦးဆောင်ပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက်အလက်များ တောင်းခံခြင်း၊ စီတန်းလှည့်လည် ရာတွင် အသုံးပြုမည့် အလံ၊ ပိုစတာ၊ ကြွေးကြော်သံ၊ ပါဝင်မည့် လူဦးရေ အရေအတွက် စသည့် အသေးစိတ်အချက်အလက်များကို တောင်းခံခြင်း၊ စီတန်းလှည့်လည် မည့် မြို့နယ်တစ်လျှောက် နယ်မြေ ခံရဲစခန်းများကို ကြိုတင်အသိပေး တင်ပြရန် လိုအပ်ခြင်း၊ ရှောင်တခင် ဖြစ်ပေါ်လာသော စုဝေးမှုနှင့် ပတ် သက်သည့် အချက်အလက်များ မပါဝင်ခြင်းနှင့် ပုဒ်မ ၁၀(ဋ)အရ ကြိုတင်သတ်မှတ်ထားသော ဒေ သန္တရ စည်းမျဉ်း၊ စည်းကမ်းများနှင့် သဘောတူညီချက်များကို လိုက်နာ ရခြင်းတို့ကို ပြင်ဆင်ရန် လိုအပ် ကြောင်း အရပ်ဘက်အဖွဲ့အစည်း များက အကြိမ်ကြိမ် အကြံပြုခဲ့ကြ သည်။

ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ငြိမ်းစုစီဥပဒေပြင်ဆင် သည့် ဥပဒေကြမ်းနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းခဲ့သည်။

ထပ်မံပြင်ဆင်မည့် ဥပဒေ ကြမ်းတွင် အရပ်ဘက်အဖွဲ့အစည်း များ အကြံပြုထားသည့် အချက်များ မပါဝင်ဘဲ ဆန္ဒပြမည့်သူများအပေါ် ပိုမိုတင်းကျပ်ရှုပ်ထွေးစေမည့် ဝန် ထပ်ဝန်ပိုးဖြစ်စေမည့် အချက်များ ပါဝင်လာသည့်အတွက် ဝေဖန်မှု များက မြင့်တက်ခဲ့သည်။

ထပ်မံပြင်ဆင်မည့် ငြိမ်းစု စီဥပဒေကြမ်း၌ ပါရှိသည့် ပထမ အချက်တွင်  “ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဆန္ဒပြရန် အကြောင်းကြားသည့်အခါတွင် ခန့်မှန်းကုန်ကျ စရိတ်နှင့် ငွေကြေးထောက်ပံ့သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ရှိလျှင် ဖော်ပြရန်” ဟု ပါရှိသည်။ ဒုတိယ အချက်ဖြစ်သည့် ပုဒ်မ ၁၈ တွင် “မည်သူမဆို နိုင်ငံတော် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ပြည်သူတို့၏ ကိုယ် ကျင့်တရားအကျိုးတို့ကို ပျက် ပြား စေရန် ငွေ သို့မဟုတ် ပစ္စည်းကို သော်လည်းကောင်း၊ အခြား နည်း လမ်းတစ်ခုခုကိုသော်လည်း ကောင်းသုံးစွဲ၍ သူတစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်း ချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြု အောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကို ပြုကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်” ဟု ဖော်ပြထားသည်။

“ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီး တော့ အင်မတန်ကို ဒီမိုကရေစီကို အန္တရာယ်ပြုတဲ့ ပုဒ်မဖြစ်တယ်လို့ အန်တီကတော့ သုံးသပ်တယ်” ဟု ဥပဒေပညာရှင် ဒေါက်တာညိုညိုသင်းက ဆိုသည်။

ယခင်ပြန်ကြားရေး ဝန်ကြီး ဟောင်း ဦးရဲထွဋ်က ငြိမ်းစုစီဥပဒေ ကို ငြိမ်ပိစေဥပဒေ ဖြစ်အောင် မလုပ်စေချင်ကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ယခုနှစ်ဖေဖော်ဝါရီ ၂၀ ရက်က ရေးသားထားသည်။

“စစ်သားတစ်ပိုင်း အစိုးရ လက်ထက်ကတောင် မထည့်ခဲ့တဲ့ ကန့်သတ်ချက်တွေ ထပ်ထည့်ပြီး အရပ်သားအစိုုးရ၊ လူထုအစိုုးရလို့ ပြောနေတဲ့ လက်ထက်ကျမှ “ငြိမ်းစုစီ” ဥပဒေကို “ငြိမ်ပိစေ” ဥပဒေ ဖြစ်အောင်တော့ မလုပ်စေချင်ပါဘူး” ဟု ဦးရဲထွဋ်က ရေးသားထားသည်။

ယင်းဥပဒေကြမ်းကို ပယ်ဖျက်ပေးရန် ရန်ကုန်မြို့တွင် မေ ၅ ရက်တွင် လူအင်အား ၅၀၀ ကျော် က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ငြိမ်းစုစီဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်း ၃၇၈ ဖွဲ့က ကြေ ညာချက်ထုတ်ပြန်ရာတွင် ငြိမ်းချမ်း စွာ စုဝေးစီတန်း လှည့်လည်ခြင်းများကို ဥပဒေနှင့် မညီသည့် စုဝေးစီတန်းမှုအဖြစ် အလွယ်တကူ သတ်မှတ်နိုင်ရန် တင်းကျပ်စွာ ဖိနှိပ်တားဆီးရာရောက်သည့်အတွက် ဒီမိုကရေစီ လူ့အခွင့်အရေးတန်ဖိုးများနှင့် ဆန့်ကျင်သည့် ပြဋ္ဌာန်းချက် ဖြစ်သောကြောင့် နိုင်ငံရေးအရ မှားယွင်းသော ပြဋ္ဌာန်းချက်ဖြစ်သည် ဟု သုံးသပ်ကြောင်း ပါရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၁ ရက် က ထုတ်ပြန်သည့် နိုင်ငံရေးပါတီ ၂၁ ပါတီ၏ ပူးတွဲသဘောထား ကြေညာချက်တွင် ဖွဲ့စည်းပုံပါ နိုင်ငံသား မူလအခွင့်အရေး ပြဋ္ဌာန်းချက်အချို့ကို ကန့်သတ်ရန်နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေး လျော့ပါးစေရန် စီမံဖန်တီးမှု တစ်ခုဖြစ်ပြီး အာဏာပိုင်များ၏ လုပ်ရပ်အလွဲအမှားများကို ထောက်ပြဆန့်ကျင်ခြင်းမ ပြုနိုင်စေသည့် ထိန်းချုပ်မှုအဖြစ် ရှုမြင်ကြောင်း ဖော်ပြထားသည်။

ယင်းငြိမ်းစုစီဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းကို မတ် ၅ ရက် နှင့် ၇ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရာ၌ NLD လွှတ်တော်ကိုယ်စားလှယ်များအကြား သဘောထားကွဲ လွဲမှုများရှိခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်များကလည်း လွှတ်တော်ထဲ ဆွေးနွေးချိန်တွင် ကန့်ကွက်မှုများရှိခဲ့သည်။

ယင်းဥပဒေကြမ်းကို ဆွေးနွေး ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးအနက် အတည်မပြုရန် NLDကိုယ်စားလှယ် လေးဦး၊ ANP ကိုယ်စားလှယ် နှစ်ဦး၊ USDP ကိုယ်စားလှယ် တစ်ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦး၊ တပ်မတော်သား ကိုယ်စားလှယ် နှစ်ဦးတို့က ဆွေးနွေးခဲ့သဖြင့် မဲခွဲဆုံး ဖြတ်ရာတွင် ထောက်ခံမဲ ၁၁၃ မဲ ရရှိသောကြောင့် အမျိုးသားလွှတ်တော်က ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။ ပြည်သူများ အကြား ဝေဖန်မှုများနေသည့် ပုဒ်မ ၁၈ တွင် ထောင်ဒဏ် သုံးနှစ်အစား နှစ်နှစ်ကို ပြောင်းလဲပြင်ဆင်ခဲ့သည်။

အသံအဖွဲ့၏ ကောက်ယူရရှိထားသော စာရင်းများအရ NLD အစိုးရ သက်တမ်းထက်ဝက်အတွင်း ငြိမ်းစုစ ဥပဒေဖြင့် တရားစွဲဆိုခံထားရသော အမှုပေါင်း ၃၉ မှုရှိပြီး တက်ကြွလှုပ်ရှားသူ ၁၄၂ ဦး တရားရင်ဆိုင် နေရကြောင်း သိရသည်။

 

ရန်ကုန်တိုင်း ၁၁ မြို့နယ်တွင် ဆန္ဒထုတ်ဖော်ခွင့် ပိတ်ပင်ခဲ့ခြင်း

၂၀၁၇ နိုဝင်ဘာ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က  ရန်ကုန်မြို့တွင်း ၁၁ မြို့နယ်၌ ဆန္ဒထုတ်ဖော်ခွင့်ကို ကန့်သတ်လိုက်သည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  မြို့နယ် ၁၁ မြို့နယ်တွင် ငြိမ်းချမ်း စွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် (ဆန္ဒပြ) ခြင်း များ ပြုလုပ်ရန် အသိပေးတင်ပြလာပါက ခွင့်မပြုရန်ဆိုသည့် ကြေညာချက်ဖြစ်ပြီး နိုဝင်ဘာ ၇ ရက် ရက် စွဲဖြင့် ရန်ကုန်တိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုးကာ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့များသို့ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ၁၁ မြို့နယ်မှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ဗဟန်း၊ စမ်းချောင်း၊ ဒဂုံ၊ အလုံ၊ မင်္ဂလာတောင်ညွန့်နှင့် ပုဇွန်တောင်မြို့နယ်တို့ဖြစ်ပြီး ယင်းမြို့နယ်များသည် ရန်ကုန်မြို့၏ အဓိကအရေးပါသော နေရာများနှင့် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်းမကြီးများ ရှိသည့်အပြင် အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်လမ်းကြောင်းများလည်း ပါဝင်နေသောကြောင့် တားမြစ်ရခြင်းဖြစ်ကြောင်း ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး ၁၁ မြို့နယ်အတွင်း ဆန္ဒထုတ်ဖော်ခွင့်၊ စီတန်းလှည့်လည် ခွင့်မပြုခြင်းသည် ဒီမိုကရေစီစံနှုန်း၊ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးကို ပြန်ပြီးကန့်သတ်လိုက်သည့် သဘောဟု ယူဆကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်(ရန်ကုန်)တွင် ၂၀၁၇ နိုဝင်ဘာ ၂၃ ရက်က လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍  ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

“ဒီဟာမျိုးကို ကန့်သတ်ပြီး ပိတ်ပင်လိုက်တယ် ဆိုတာကတော့ ကျွန်တော်တို့ အမြင်နဲ့တော့ ဒီမိုကရေစီ စံနှုန်းတွေကို ပြန်ပြီးလျှော့ချလိုက်တယ်။ နိုင်ငံသားရဲ့ မူလအခွင့်အရေးဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံသား အခွင့်အရေးတွေကို ပြန်ပြီးတော့ လျှော့ချပြီး ကန့်သတ်လိုက်တဲ့ သဘေ ကိုဆောင်ပါတယ်။ နိုင်ငံသား အခွင့်အရေးမှာကိုက လွတ်လပ်စွာ ရေးသားပြောဆိုခွင့်တွေက အများပြည်သူရဲ့ ငြိမ်းချမ်းတည်ငြိမ်မှုကို မထိခိုက်ရင်၊ နောက်တစ်ခါကတော့ ရပ်ရွာတည်ငြိမ်အေးချမ်း သာယာရေးကို မနှောင့်ယှက်ရင်၊ နိုင်ငံတော်လုံခြုံရေးကို မထိပါးရင် လွတ်လွတ်လပ်လပ်ကို ဆန္ဒထုတ်ဖော်ခွင့်၊ ရေးသားခွင့်၊ စုဝေးခွင့် ရှိရမည်ဆိုပြီးတော့ ဖော်ပြထားတာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေကတော့ မဖြစ်လာသေးဘူး။ ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံရဲ့လုံခြုံရေး၊ ဒေသရဲ့ လုံခြုံရေးကို ထိခိုက်မယ်ဆိုတဲ့ အမြင်မျိုးနဲ့ သတ်မှတ်ပြီးတော့ ၁၁ မြို့ နယ်မှာ ဆန္ဒထုတ်ဖော်ခွင့်၊ စီတန်းလှည့်လည်ခွင့် မပြုဘူး ဆိုတာကတော့ ကျွန်တော်တို့သွားနေတဲ့ ဒီမိုကရေစီစံနှုန်း၊ လူ့အခွင့် အရေးတွေကို နိုင်ငံသားရဲ့ အခွင့်အရေးတွေကို ပြန်ပြီး ကန့်သတ်လိုက်တဲ့ သဘောမျိုးလို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု ဒေါက်တာပွင့်ဆန်းက ဆိုသည်။

၂၀၁၆ အောက်တိုဘာတွင် ပြဋ္ဌာန်းခဲ့သော ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေတွင် စီတန်းလှည့်လည်ခြင်းမပြုမီ ၄၈ နာရီကြိုတင်ကာ သက်ဆိုင်ရာမြို့နယ် ရဲစခန်းများသို့ အကြောင်းကြားရန်သာ လိုအပ်သည်ဟု အတိအလင်း ပြဋ္ဌာန်းထားသည့်အတွက် ပြည်ထောင်စုအဆင့်က ပြဋ္ဌာန်းထားသော ဥပဒေတစ်ရပ်အပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမိန့်ညွန်ကြားချက် ထုတ်ပြန်ကာ ဆန္ဒပြသည့် နေရာအား ကန့်သတ်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များဟု ဖော်ပြထားချက်များကိုလည်း ဖောက်ဖျက်ရာရောက်ကြောင်း လွတ်လပ်သော ရှေ့နေများအဖွဲ့မှ ဦးသိန်းသန်းဦးက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးသို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေး များကို လွတ်လပ်စွာသုံးစွဲဆောင် ရွက်ခွင့်ရှိသည်။ (က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ (ခ) လက်နက် မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ (ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊ (ဃ) တိုင်းရင်းသား လူမျိုးတစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသား လူမျိုးအချင်းချင်းကို လည်းကောင်း၊ အခြားဘာသာ၊ သာသနာကို လည်းကောင်း၊ ထိခိုက်နစ်နာမှု မရှိဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း ဖော်ပြထားသည်။

“ဖွဲ့စည်းပုံကိုလည်း ဆန့်ကျင်တယ်။ ၂၀၁၂ ခုနှစ် ငြိမ်းစုစီ ဥပဒေ မှာလည်းပါတယ်။ ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဋ္ဌာန်းထားချက်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က မပြောနဲ့၊ ပြည်ထောင်စုအစိုးရ အဖွဲ့ကတောင် ပြင်လို့မရဘူး။ ပြင်ခြင်းပြင် ပြည်ထောင်စု လွှတ်တော်ကပဲပြင်ရတာ။ အဲဒါကြီးကို၊ နောက်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုယ့်သဘောနဲ့ ကိုယ်အဓိပ္ပာယ်ဖွင့်လို့ မရဘူး” ဟု ဦးသိန်းသန်းဦးက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦနိုင်ငံလင်းက ရှင်းလင်းရာတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ခရီးစဉ်လုံခြုံရေးအရ ကန့်သတ်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ သို့သော် ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်ပြီးဆုံးသည့် နောက်ပိုင်းတွင်လည်း ၁၁ မြို့နယ် ဆန္ဒပြခွင့် ပိတ်ပင်ထားသည့် အမိန့်ကို ရုပ်သိမ်းခြင်း မရှိသေးပေ။

လူမှုကွန်ရက်များကို အစိုးရက စောင့်ကြည့်ထိန်းကျောင်းခြင်း

၂၀၁၇ နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် တွင် ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၏ ”လူငယ်လူရွယ်များအကျင့် စာရိတ္တပျက်ပြားခြင်း၊ ရပ်ရွာတည် ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ ကြောင့် IT နည်းပညာ အလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့် ထိန်းကျောင်းနိုင်ရန်(Monitoring) ပြုလုပ်နိုင်ရန် အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ဝန်ကြီးဌာနက ထောက်ခံခဲ့ပြီး လွှတ်တော်၌ အတည်ပြုခဲ့သည်။

လွှတ်တော်၌ အဆိုနှင့် ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်က Facebook အပါအဝင် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းအမှားများကို အဖွဲ့တစ်ခုဖွဲ့စည်း၍  ဥပဒေနှင့် အညီစောင့်ကြည့် ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် Facebook နှင့် အခြားဆိုရှယ်မီဒီယာများကို ဥပဒေနှင့် အညီစောင့်ကြည့် ထိန်းကျောင်းမှု ပြုလုပ်နိုင်ရေးအတွက် Social Media Monitoring Team ကို ဖွဲ့စည်းခွင့်ပြုရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ၂၀၁၇  သြဂုတ် ၂၂ ရက်က တင်ပြခဲ့ရာ သြ ဂုတ် ၂၃ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်း အဝေးအမှတ် ၁၆ /၂၀၁၇ ဖြင့် သဘောတူခွင့်ပြုခဲ့ပြီးနောက် နိုင်ငံတော်သမ္မတရုံးက Social Media Monitoring Team ကို ယခုနှစ် ဖေဖော်ဝါရီ ၇ ရက် တွင် ဖွဲ့စည်း ပေးခဲ့သည်။

ထိုသို့ ဖွဲ့စည်းပြီးနောက် ယခုနှစ် မတ် ၁၉ ရက် က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင်လည်း အင်တာနက် သို့မဟုတ် ဆိုရှယ်မီဒီယာ အသုံးပြုပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နစ်နာစေရန် ပြုလုပ်နေသူများအား ရှာဖွေ ဖော်ထုတ်နိုင်ရေးအတွက် ကျပ်သန်း ၆၄၀၀ ကျော် သုံးစွဲထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

ယင်းအဖွဲ့လုပ်ငန်းများ အတွက် လိုအပ်သည့် နည်းပညာနှင့် စက်ပစ္စည်းများဝယ်ယူရန် နိုင်ငံတော်သမ္မတရုံး၏ အထူးရန်ပုံငွေမှ ကျပ် ၆၄၂၆ သန်း သုံးစွဲခြင်းထားခြင်းသည် အရေးပေါ်ရန်ပုံငွေ သုံးစွဲမှုမူဝါဒနှင့် ကိုက်ညီကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုးက နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်တွင် ပြောကြား သည်။

အစိုးရအနေဖြင့် လူမှုကွန်ရက်များကို စောင့်ကြည့်ရန်အတွက် ငွေကျပ်သန်းပေါင်း ၆၄၂၆ သန်း အသုံးပြုထားသည့် ကိစ္စနှင့် ပတ်သက်၍ ပြည်သူများအကြားတွင် ဝေဖန်မှုများ ရှိခဲ့သည်။

သတင်းမီဒီယာလွတ်လပ်ခွင့်

NLD အစိုးရလက်ထက်တွင် သတင်းသမားများအပေါ် တရားစွဲဆိုထားသော အမှုပေါင်း ၂၈ မှုရှိပြီး သတင်းသမား ၄၄ ဦး တရားရင်ဆိုင်နေရကြောင်း အောက်တိိုဘာ ၁၀ ရက်က အသံအဖွဲ့မှ သတင်း ထုတ်ပြန်သည်။

ယင်းသို့ တရားစွဲဆိုသူများထဲတွင် အစိုးရဝန်ထမ်းများက တရားစွဲဆိုသောအမှု ၁၇ မှု၊ တပ်မတော်က တရားစွဲဆိုသော အမှုသုံးမှုနှင့် အခြားသူများက တရားစွဲဆိုထားသော အမှု ရှစ်မှုတို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

သတင်းမီဒီယာများကို တရားစွဲဆိုရာတွင် ဆက်သွယ်ရေးဥပဒေကို အသုံးပြုမှု အများဆုံးဖြစ်ပြီး မတရားအသင်း ဥပဒေ၊ လေကြောင်းပျံသန်းမှု ဥပဒေ၊ ပို့ကုန်၊ သွင်းကုန် ဥပဒေ၊ လူဝင်မှု ကြီးကြပ်ရေးဥပဒေ၊ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ၊ အသရေဖျက်မှု ပုဒ်မ ၅၀၀၊ သတင်းမီဒီယာ ဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ် ပေးရေးဥပဒေတို့ဖြင့် တရားစွဲဆိုခဲ့သည်။

သမ္မတဦးသိန်းစိန်၏ ပြည်ခိုင်ဖြိုး အစိုးရလက်ထက် ငါးနှစ်အတွင်း တရားစွဲဆိုခံရသော သတင်းထောက် ၄၇ ဦးရှိခဲ့သည်။ ထို့ကြောင့် NLD အစိုးရသက်တမ်း ထက်ဝက်တွင် သတင်းသမား ၄၄ ဦးကို စွဲဆိုမှုသည် သမ္မတ ဦးသိန်းစိန်၏ ငါးနှစ်သက်တမ်းအတွင်း စွဲဆိုခံရသော သတင်းသမား အရေအတွက်ကို ပြည့်မီရန် သုံးဦးသာ လိုတော့သည်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ၏ ၂၀၁၈ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း (World Press Freedom Index) တွင် မြန်မာနိုင်ငံ၏ သတင်း မီဒီယာလွတ်လပ်ခွင့်က ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၇ မှာ ရပ်တည်နေကြောင်း ဧပြီ ၂၅ ရက်က ထုတ်ပြန်ခဲ့သည်။ 

RSF ၏ ထုတ်ပြန်ချက်အရ ၂၀၁၇ က မြန်မာနိုင်ငံ၏ အဆင့်သည် ၁၃၁ ရှိခဲ့ပြီး ယခုနှစ်တွင် အဆင့်ခြောက်ဆင့် အထိကျ၍ သတ်မှတ်ခံခဲ့ရသည်။ ထုတ်ပြန်ချက်တွင် သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ နိုင်ငံများကို အရောင်လေးမျိုးဖြင့် သတ်မှတ်ထားပြီး မြန်မာနိုင်ငံသည် ဆိုးရွားသည့် အဆင့်သတ်မှတ်မှု အနီရောင်နယ်မြေ၌ ပါဝင်သည်။

မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အခြေအနေသည် ၂၀၁၇ က ထက်စာပါက ဆုတ်ယုတ် လာသည်ဟု နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။ NLD အစိုးရလက်ထက် အစိုးရနှင့် တပ်မတော်အပေါ် ဝေဖန်ဆန်းစစ်ချက်များတွင်မူ သတင်းသမားများကို ဖမ်းဆီး ထောင်ချတာမျိုးများကို စိုးရိမ်ရန် မလိုတော့ကြောင်း မြန်မာသတင်းသမားများက မျှော်လင့်ထားကြသော်လည်း ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ ဦးစားပေးလုပ်ငန်းစဉ်များတွင် သတင်းလွတ်လပ်ခွင့် မပါကြောင်း နယ်စည်းမခြားသတင်း ထောက်များအဖွဲ့ RSF က ဆိုသည်။

၂၀၁၇ ခုနှစ်အတွင်း သတင်းသမားများကို ဖမ်းဆီးခြင်း၊ တရားစွဲခြင်း၊ ထောင်ချခြင်း၊ သတင်းယူခွင့် ပိတ်ပင် တားဆီးခံရခြင်းများက သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းကျရန် လုံလောက်သော အကြောင်းရင်းများ ဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က သုံးသပ်သည်။

“ ဒီအညွှန်းကိန်းတွေက ကျွန်တော်တို့ရဲ့ အခြေအနေကို ထင်ဟပ်တယ်လို့ ကျွန်တော်ကတော့ သဘော တူတယ်။ ဒီအညွှန်းကိန်းတွေ တစ်ခုတည်းကိုပဲ အားကိုးရမယ်လို့ မပြောလိုပါဘူး။ ဒါပေမဲ့ ဒီဟာတွေက တကယ်ဖြစ်နေတဲ့ အခြေအနေတွေကို ထင်ဟပ်တယ်။ အဲဒီအချက် အလက်တွေကို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံး အဓိက ကတော့ အစိုးရတို့လို လက်နက်ကိုင် အဖွဲ့အစည်းတို့လို သူတို့တွေက ဒီဟာတွေကို ထည့်သွင်း စဉ်းစားသင့်တယ် လို့မြင်တယ်” ဟု ဦးမြင့်ကျော်က ဆို သည်။

သတင်းသမားများကို ဖမ်းဆီး တရားစွဲဆို ထောင်မှုများအပေါ် NLD အစိုးရက ဟန့်တားပြောဆိုမှု မရှိသည့်အပြင် အစိုးရနှင့် NLD ပါတီဝင်များကပါ တရားစွဲဆိုမှုများ ရှိလာသည့်အတွက် သတင်းလွတ်လပ်ခွင့်ကို ထိခိုက်လာကြောင်း မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ဦးဇေယျာလှိုင်က ပြောသည်။ ထို့ပြင် သတင်းသမားများသာမက သတင်းရင်းမြစ်များကိုပါ ခြိမ်းခြောက်ပြဿနာရှာမှုများ ရှိလာကြောင်း ၎င်းကဆိုသည်။

“အဲဒီထက်ဆိုးတာကို ထပ်မြင်ရတာက သတင်းအရင်းအမြစ်တွေကိုပါ ဒုက္ခပေးလာတာပေါ့။ လက်ရှိဆိုလို့ရှိရင် သတင်းအရင်း အမြစ်လို့ ယူဆရတဲ့ ဒုရဲမှူး မိုးရန်နိုင်ဆိုလို့ရှိရင်လည်း ခြိမ်းခြောက်မှုတွေ ပြဿနာရှာမှုတွေနဲ့ သူတွေ့နေရတယ်။ အဲဒါကိုကြည့်ပြီးတော့ ကျန်တဲ့အစိုးရဌာနက သတင်းရင်းမြစ်တွေကလည်း ပြောဖို့ဆိုဖို့ ကြောက်ရွံ့သွားတယ်။ ဒါကလည်း အညွှန်းကိန်းကို ထပ်မံကျဆင်းစေမယ့် ဖြစ်ရပ်တွေလို့ မြင်တယ်။ အဲဒါ ကြောင့်မို့လည်း အညွှန်းကိန်းက ကျဆင်းသွားတယ်လို့ မြင်ပါတယ်” ဟု ဦးဇေယျာလှိုင်က ဆိုသည်။

NLD အစိုးရ၏ ဒုတိယမြောက် နှစ်သက်တမ်း ၂၀၁၇ အတွင်း သတင်း ထောက် ၂၀ ဦးခန့် တရားစွဲဆိုခံခဲ့ ရပြီး ပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူခံ ရသူ အတော်များများ ပါဝင်ကြောင်း နယ်စည်းမခြားသတင်းထောက်များ အဖွဲ့ RFS က ဆိုသည်။

ရခိုင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ သတင်း အမှောင်ချခံထားရပြီး ယင်းအခြေအနေများကို စုံစမ်းထောက်လှမ်းဖို့ ကြိုးစားသည့် သတင်းသမားများကိုလည်း ဖမ်းဆီးထောင်ချမှုများ ရှိနေသည့်အပြင် ရှမ်းနှင့် ကချင်ပြည်နယ်အပါအဝင် ပဋိပက္ခနယ်မြေများကို သတင်းရယူခွင့် ပိတ်ပင် တားမြစ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် Freedom House အဖွဲ့က ထုတ်ပြန်သည့် ကမ္ဘာ့လွတ်လပ်ခွင့်ဆိုင်ရာ ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် တစ်စိတ်တစ်ပိုင်းသာ လွတ်လပ်ခွင့်ရှိသည့် နိုင်ငံအဖြစ် ဖော်ပြထားသည်။ လွတ်လပ်ခွင့် အရှိဆုံးဖြစ်သည့် အဆင့် ၁ မှ လွတ်လပ်ခွင့် မရှိသည့် အဆင့် ၇ ကြားက တိုင်းပြည်များထဲတွင် မြန်မာနိုင်ငံက အဆင့် ၅ ၌ ရှိနေသည်ဟု ဖော်ပြထားသည်။ နိုင်ငံပေါင်း ၁၉၅ နိုင်ငံက နိုင်ငံရေးနှင့် နိုင်ငံသားဆိုင်ရာ လွတ်လပ်ခွင့်များကို ၂၀၁၇ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ စစ်တမ်းကောက်ယူပြီး ယင်းအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

NLD အစိုးရနှင့် လွှတ်တော်က မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရန် ဦးစားပေးလုပ်ငန်းစဉ် မရှိသည့် ပြဿနာ၏ အကျိုးဆက်အဖြစ် မီဒီယာ အညွှန်းကိန်းများ ကျဆင်းလာခြင်းဖြစ်ကြောင်း NHK သတင်းဌာနက ဦးသီဟသွေးက သုံးသပ်သည်။

NLD ပါတီ၏၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် သတင်းမီဒီယာနှင့် ပတ်သက်၍ အချက်သုံးချက်ကို ထည့်သွင်းဖော်ပြထားပြီး ယင်းအချက်များမှာ (၁) အစိုးရ၏ မဏ္ဍိုင်သုံးရပ် လှုပ်ရှားမှု အမှန်အခြေအနေများအား ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာပေးမည်။ (၂) ပြည်သူများ၏ နားနှင့်မျက်စိဖြစ်သော သတင်းမီဒီယာများသည် မိမိတို့ စောင့်ထိန်းအပ်သော ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာများနှင့် အညီ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်နှင့် သတင်းရယူဖော်ပြခွင့် အားဖော်ဆောင်ပေးမည်။ (၃) ရုပ်/ သံ၊ ရေဒီယို အစရှိသော ထုတ်လုပ်ခြင်းများ၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် သတင်းစာအစရှိသော ပုံနှိပ်မီဒီယာများနှင့် တယ်လီဖုန်း၊ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများ စျေးကွက်စီးပွားရေးအရ လွတ်လပ်ပွင့်လင်းစွာ ပါဝင်ယှဉ်ပြိုင် လုပ်ပိုင်ခွင့်ကို အားပေးဖော်ဆောင်မည်ဟု ဖော်ပြထားသည်။

NLD အစိုးရ သက်တမ်း ထက်ဝက်ကျော်ခဲ့သော်လည်း ရွေးကောက်ပွဲကြေညာစာတမ်းထဲမှ အချက်များကို လက်ရှိအချိန်အထိ အကောင်အထည်ဖော် ဆောင်ပေးနိုင်ခြင်း မရှိသေးသည့်အပြင် သတင်း ရယူပိုင်ခွင့်မှာလည်း အတားအဆီးများက ယခင်ကထက်ပိုလာကြောင်း သတင်းမီဒီယာသမားများက ထောက်ပြကြသည်။

“လွှတ်တော်မှာ သတင်းယူတာဖြစ်ဖြစ်၊ နိုင်ငံတော်အဆင့်ပွဲတွေမှာ သတင်းယူတာပဲဖြစ်ဖြစ် အစိုးရမီဒီယာတွေနဲ့ အစိုးရနဲ့ နီးစပ်တဲ့ မီဒီယာလောက်ပဲ ဝင်လို့ရတယ်။ လွှတ်တော်ချယ်နယ်မှာဆို ဘယ်သူမှဝင်လို့မရဘူး။ စကိုင်းနက်ပဲ ဝင်လို့ရတယ်။ ဒါကလည်း Level Media Playground မရှိတာပေါ့။ ညီတူမျှတူဖြစ်တဲ့ ယှဉ်ပြိုင်မှုမျိုး မရှိတာကလည်း စိန်ခေါ်မှုဖြစ်တယ်။ နောက်တစ်ခု မြေပြင်ဆင်းပြီးတော့ သတင်းသွားယူတဲ့အခါ အတားအဆီးတွေ အရမ်းများတယ်။ ချက်ပွိုင့်တွေမှာ တားတယ်။ ပြီးတော့ မမျှော်လင့်ဘဲ ဖမ်းပစ်တာမျိုးတွေပေါ့။ ဒါတွေက စိန်ခေါ်မှုတွေ များတယ်။ ဒါတွေကို အစိုးရက မသိ ကျိုးကျွန်ပြုနေတာက လည်းခက်ပါတယ်” ဟု မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ဦးဇေယျာလှိုင်က ဆိုသည်။

ထို့ပြင် သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ဖူးသည့် ဦးဖေမြင့်နှင့် ဦးအောင်လှထွန်းတို့ကို ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးနှင့် ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့်တိုင် ပုဂ္ဂလိကမီဒီယာများ ရှင်သန် ရပ်တည်ရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ သတင်း အချက်အလက်ရယူခွင့် အခြေအနေ တိုးတက်လာမှုမရှိသည့်အပြင် သတင်းသမားများကို ဖမ်းဆီးတရားစွဲဆို ထောင်ချမှုများက မီဒီယာ လွတ်လပ်ခွင့်ညွှန်းကိန်းကို ဆက်လက်ကျဆင်း လာစေနိုင်သည်ဟု ခန့်မှန်းမှုများရှိ နေသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း NLD အစိုးရ ဖြစ်လာသည့်အခါတွင် မြန်မာနိုင်ငံ၏ သတင်းမီဒီယာလောက ပိုမိုရှင်သန် အားကောင်းလာမည်ဟု အများစုက မျှော်လင့်ခဲ့ကြသည်။ သို့သော် လက်ရှိအချိန်အထိ မှန်းချက်နှင့် နှမ်းထွက် မကိုက်သေးပေ။ မြန်မာ့ဒီမိုကရေစီအိုင်ကွန်ဟု သတ်မှတ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အစိုးရဖြစ်သည့်အပြင် သတင်းမီဒီယာကောင်စီ ဒုဥက္ကဋ္ဌ လုပ်ခဲ့ဖူးသည့် ပြန်ကြားရေးဝန်ကြီးနှင့် ဒုဝန်ကြီး တာဝန်ထမ်းဆောင်နေသော ယခုလ ိုကာလမျိုးတွင် မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ အဆင့်သတ်မှတ်မှု ကျဆင်းခဲ့ခြင်းက ရုပ်ဆိုးလွန်းလှသည်ဟု ဝေဖန်မှုများရှိနေသည်။

အဘယ်ကြောင့်ဆိုသော် စစ်သားတစ်ပိုင်းအစိုးရဟု ခေါ်ကြသည့် ဦးသိန်းစိန ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့် အဆင့်သတ်မှတ်မှုက တက်ခဲ့ပြီး ဒီမိုကရေစီနညး်ကျ ပြည်သူက ရွေးချယ်တင်မြှောက်ခံထားသော NLD အစိုးရလက်ထက်တွင် အဆင့်သတ်မှတ်မှု ကျဆင်းခဲ့ခြင်းက မေးခွန်းထုတ်ရတော့မည့် အနေအထားအပင်ဖြစ်သည်။

“ဒီမိုကရေစီစနစ်နဲ့ သတင်းလွတ်လပ်ခွင့် ဆိုတာကတော့ ဒင်္ဂါး ပြားရဲ့ ခေါင်းနဲ့ ပန်းလိုပဲ။ တွဲလျက်ရှိ နေတယ်။ အခုလို ကျသွားတာက ဒီမိုကရေစီရေချိန်မှာ မေးခွန်းထုတ်စရာ ရှိတာပေါ့”  ဟု မြန်မာသတင်း ပညာသိပ္ပံမှ စီမံအုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်မင်းဆွေက ဆိုသည်။