လူမှုကွန်ရက်တို့၏သက်ရောက်မှုကို သတိပြုခြင်း

လူမှုကွန်ရက်တို့၏သက်ရောက်မှုကို သတိပြုခြင်း
Published 3 December 2018

Facebook ကဲ့သို့ လူမှုကွန်ရက်နှင့် နည်းပညာလှိုင်း ရိုက်ခတ်မှုကြောင့် မီဒီယာကဏ္ဍသည် သိသာသော ကျဆင်းမှုနှင့် ထိုးနှက်ခံရမှုများရှိနေပြီဆိုသည့် အသံများကျယ်လောင်စွာ ထွက်ပေါ်လာသည်။ မြန်မာနိုင်ငံတွင်လည်း လူမှုကွန်ရက်တို့၏ အခန်းကဏ္ဍကြီးထွားမှုနှင့်အတူ ယင်းတို့၏ အကျိုးဆက်သည် သတင်းမီဒီယာများအပေါ် သက်ရောက်နေသည်မှာ အမှန်ပင်ဖြစ်သည်။ လူတစ်ဦးချင်း မိုဘိုင်းဖုန်းသုံးစွဲမှုနှုန်း မြင့်မားလာခြင်းနှင့်အတူ အင်တာနက်သုံးစွဲမှုနှုန်းလည်း ငါးနှစ်တာအတွင်း မြန်ဆန်စွာ တိုးတက်လာခဲ့သည်။ ကမ္ဘာနှင့်အဝှမ်း Facebook အမြဲတစေသုံးစွဲမှု လစဉ်နှစ်ဘီလျံခန့်အထိ ရှိလာသကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း လူမှုကွန်ရက်အမျိုးမျိုးကို အသုံးပြုသူနှုန်း တစ်ဟုန်ထိုးမြင့်မားလာသည်။ အထူးသဖြင့် Facebook သည် မြန်မာ့လူမှုအသိုက်အဝန်းတွင် လျင်မြန်စွာပျံ့နှံ့၍ သက်ရောက်မှုကြီးသကဲ့သို့ အခြားတစ်ဖက်တွင် ပြဿနာများစွာလည်း ရှိနေသည်။

လူမှုကွန်ရက်ကို ဆိုးသွမ်းသောလူများ၏ အလွဲသုံးပြုမှုနှင့် အချို့မှာ ရည်ရွယ်ချက်အမျိုးမျိုးအတွက် ကြောက်စရာကောင်းသော လက်နက်တစ်ခုအသွင် အသုံးပြုလာခြင်းကြောင့် နောက်ဆက်တွဲအန္တရာယ်များနှင့် ရင်ဆိုင်နေကြရပြန်သည်။ လူမှုကွန်ရက်သည် မျက်မှောက်ခေတ်တွင် ဒီမိုကရေစီစနစ်ကိုပါ ခြိမ်းခြောက်မှုပြုနိုင်သော အခြေအနေမျိုး အထိအန္တရာယ်ရှိလာခဲ့သည်။ ယင်းကို Facebook တာဝန်ရှိသူများကလည်း လူမှုမီဒီယာပေါက်ကွဲမှုသည် ဒီမိုကရေစီအတွက် ဖြစ်နိုင်ခြေရှိသောခြိမ်းခြောက်မှုဟု ဝန်ခံထားခဲ့သည်။ အသုံးပြုသူ နှစ်ဘီလျံကြားတွင် မှားယွင်းသော သတင်းအချက်အလက်များကို ပျံ့နှံ့စေမှုအား ရပ်တန့်ရန် ပျက်ကွက်ခြင်းအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် Facebook က ၎င်း၏သြဇာကြီးသော လူမှုမီဒီယာကို ကောင်းမှုအတွက် အင်အားအဖြစ် ပြောင်းလဲပေးရန်လည်း ဆောင်ရွက်မည်ဟု ကမ္ဘာသို့ ကတိပြုခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း အသိအမြင်ကြွယ်ဝသော လူမှုဝန်းကျင်ဖြစ်လာစေရန်နှင့် သတင်းအစစ်အမှန်များ လည်ပတ်စီးဆင်းမှုကို ပိုမိုကောင်းမွန်လာစေရန် သတင်းအမှားများအကြား အသိပညာပေးအစီအစဉ်နှင့် မီဒီယာသင်တန်းများကို Facebook က ပြုလုပ်ပေးနေသည်။

လူမှုကွန်ရက်မှ ပျံ့နှံ့လာသော သတင်းအမှားများနှင့် သတင်းလိမ်များသည် လူမှုဝန်းကျင်အား ထိခိုက်စေနိုင်ပြီး သတင်းမှန်ရရှိမှုကိုပါ လျော့ကျစေနိုင်သဖြင့် ထိုကဲ့သို့သတင်း အမှားများပြန့်ပွားမှုကို ထိန်းချုပ်ရန် Mainstream Media များကပါ သတိပြုလုပ်ဆောင်ရန် လိုအပ်နေပေသည်။ လူမှုကွန်ရက်သည် လျင်မြန်သောနှုန်းဖြင့် သတင်းများကို လူထုထံ အရောက်ပို့ပေးနိုင်သော်လည်း အခြားတစ်ဖက်တွင် သတင်းမှားများ၊ သတင်းလိမ်များအတွက် အကန့်အသတ်၊ အတားအဆီးများရှိမနေခြင်းက ပြဿနာပင်ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း Facebook သည် သတင်းများဖြန့်ချိမှုကို များစွာချုပ်ကိုင်လာနိုင်ခြင်း နှင့် အတူ အစဉ်အလာအရရှိခဲ့သည့် မီဒီယာကုမ္ပဏီများနှင့် ထုတ်ဝေသူများသည် ၎င်းတို့၏ တရားဝင်သတင်းအချက်အလက်များကို ပြည်သူထံသို့ ရောက်ရှိနိုင်စွမ်းမှာ တိုး၍ဆုံးရှုံးလာစေပြန်သည်။ တစ်နည်းဆိုရသော် Facebook လူမှုကွန်ရက်သည် မီဒီယာများအပေါ် ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အသေသတ်ရန် စစ်ခင်းလာခြင်းဟုပင် ဆိုကြပြန်သည်။

မည်သို့ပင်ဆိုစေ ဒစ်ဂျစ်တယ်နည်းပညာသည် ခေတ်သစ်ကမ္ဘာကြီးကို အရှိန်အဟုန်ဖြင့် ပြောင်းလဲလာစေသည်မှာ အမှန်ပင်ဖြစ်သည်။ နည်းပညာတိုးတက်လာမှုနှင့်အမျှ လူ့အဖွဲ့အစည်းအတွင်း အန္တရာယ်များသည်လည်း ပို၍မြင်သာထင်သာရှိလာသည်။ နည်းပညာတိုးတက်လာမှု၏ အကျိုးကို လူအများခံစားရသကဲ့သို့ပင် နောက်ဆက်တွဲအပြစ် နှင့် ဖြစ်လာနိုင်သောအန္တရာယ်များကိုလည်း ရင်ဆိုင်ကြရမည် ဖြစ်သည်။ ယင်းတို့ထဲတွင် လူမှုကွန်ရက်၏ ခြိမ်းခြောက်မှုအန္တရာယ်ကိုလည်း မျက်ခြေမပြတ်သတိပြုကြရန် လိုနေပေသည်။ တရားဝင်ဖြစ်သော သတင်းမီဒီယာများအနေဖြင့် လူမှုကွန်ရက်တို့၏ ထိုးနှက်မှုကို သတိကြီးစွာထားနေရသကဲ့သို့ပင် ယင်းပလက်ဖောင်းပေါ် အခြေပြု၍ ခေတ်မီသော နည်းပညာတို့၏ အကူအညီဖြင့် သတင်းနှင့်ပတ်သက်၍ဖြစ်စေ၊ အခြားမီဒီယာဆိုင်ရာ ကဏ္ဍတွင် ဖြစ်စေ၊ ပြည်သူထံ ပိုမိုကောင်းမွန်သော အခြေအနေများကို ပေးလာနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်ရာ Social Media ၊ လူမှုကွန်ရက်တို့၏ အကျိုးနှင့်အပြစ်ကို ကောင်းစွာဆင်ခြင်သုံးသပ်၍ သက်ရောက်နိုင်ခြေအပေါ် သတိပြုနိုင်မှုသည် အရေးကြီးမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)