တရုတ်မယားအဖြစ် နှစ်ကြိမ်ရောင်းစားခံရပြီး ဖုန်းအစုတ်လေးတစ်လုံးကြောင့် ပြန်လွတ်လာသူ

တရုတ်မယားအဖြစ် နှစ်ကြိမ်ရောင်းစားခံရပြီး ဖုန်းအစုတ်လေးတစ်လုံးကြောင့် ပြန်လွတ်လာသူ
တရုတ်မယားအဖြစ် နှစ်ကြိမ်ရောင်းစားခံရပြီး ဖုန်းအစုတ်တစ်လုံးကြောင့် ပြန်လွတ်လာသူအား တွေ့ရစဉ်
တရုတ်မယားအဖြစ် နှစ်ကြိမ်ရောင်းစားခံရပြီး ဖုန်းအစုတ်တစ်လုံးကြောင့် ပြန်လွတ်လာသူအား တွေ့ရစဉ်
Published 2 December 2018
ဇော်မင်းနိုင်

ရှပ်အကျႌအနီရောင် လက်ပြတ်ကို ဝတ်ဆင်ထားတဲ့ အသက် ၂၇ နှစ်အရွယ် မအေးအေးသက်မှာ ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်ကို တစ်သျှူးစတချို့ယူပြီး သုတ်လိုက်ပါတယ်။ ပါးမှာ လိမ်းထားတဲ့ သနပ်ခါးတချို့က မျက်ရည်ကြောင့် တချို့နေရာတွေ ပျက်ကုန်ပါတယ်။

“အဲဒီအချိန်က ငရဲထဲကို ရောက်နေသလိုပဲ” လို့ သူမက ပြောပါတယ်။

ရန်ကုန်တိုင်း ထောက်ကြန့် မြို့နယ်မှာနေထိုင်တဲ့ မအေးအေးသက်ဟာ အရင်တုန်းက အထည်ချုပ်စက် ရုံတစ်ရုံမှာ အလုပ်လုပ်ခဲ့ပါတယ်။

အထည်ချုပ်စက်ရုံမှာ သုံးနှစ်ကျော်လုပ်ကိုင်ခဲ့ပြီး တစ်လကို တစ်သိန်းကျော်ဝင်ငွေသာရှိတဲ့ သူမအတွက် ကံဆိုးမိုးမှောင်ကျစေမယ့် အဖြစ်အပျက်တစ်ခု နိဒါန်းပျိုးရောက်ရှိလို့ လာပါပြီ။

အဲဒါကတော့ မအေးအေးသက်ရဲ့ လည်ပင်းမှာ အကျိတ်တစ်ခုဖြစ်လာခဲ့ပြီး ဆရာဝန်က ခွဲစိတ်ရမယ်ဆိုတဲ့ သတင်းစကားဖြစ်ပါတယ်။ ဒါပေမဲ့ သူမအတွက် ကုသဖို့ အချိန်ရသေးတယ်ဆိုတဲ့ ဆရာဝန်ရဲ့ စကားကြောင့် ပိုက်ဆံရှာဖို့ကိုပဲ လုံးပန်းရတော့မှာဖြစ်ပါတယ်။

ယာဉ်နောက်လိုက်တစ်ဦးဖြစ်တဲ့ သူမရဲ့ ယောကျ်ားရဲ့ဝင်ငွေ၊ သုံး နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်တဲ့ သူမရဲ့ကလေး အဲဒီအခြေအနေတွေကြောင့် ဆေးကုသစရိတ်ကတော့ အလှမ်းဝေးနေဆဲပါပဲ။

မကောင်းတဲ့သတင်းစကားတွေ ကြားနေရတဲ့အချိန်မှာ မအေးအေးသက်အတွက် အသက်ရှူကျပ် စေမယ့်သတင်းတစ်ခုကလည်း စောင့်ကြိုနေပါတယ်။ အဲဒါကတော့ ခွင့်ယူတာများတဲ့အတွက်ကြောင့် သူလုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံကလည်း သူ့ကိုအလုပ်ထုတ်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ အလုပ်လက်မဲ့ ဖြစ်သွားသူတစ်ဦးအတွက်ကတော့ သူ့မိသားစုစရိတ်မပြောနဲ့ သူ့ကျန်းမာရေးအတွက်တောင် ပိုအလှမ်းဝေးသွားပြီဖြစ်ပါတယ်။

“အလုပ်လိုက်ရှာလို့ မရတာ သုံးလလောက် ဖြစ်သွားတယ်။ ဘယ်မှာမှလည်း ရှာလို့မရဘူး။ ယောကျ်ားရဲ့ ဝင်ငွေကလည်း တစ်ရက်ကောင်း လိုက်မကောင်းလိုက်ဖြစ်နေတာ။ ဘယ်လိုမှ အဆင်မပြေဘူး” လို့ မ အေးအေးသက်က ဆိုပါတယ်။

စီးပွားရေးအဆင်မပြေမှုတွေ များလာတဲ့အချိန်မှာ မအေးအေးသက်အတွက် အလုပ်တစ်ခုရရှိဖို့က အရေးကြီးတဲ့အရာတစ်ခုဖြစ်နေပါပြီ။ ဝင်ငွေရလာပြီဆိုရင် အရင်ဆုံးဖြေရှင်းရမှာကတော့ မိသားစုစား ဝတ်နေရေးအတွက်ဖြစ်ပြီးတော့ ဒုတိယဖြေရှင်းရမယ့်အရာကတော့ သူ့ကျန်းမာရေးပဲဖြစ်ပါတယ်။ ဒါတွေအကုန်လုံးကို အဆင်ပြေဖို့ဆိုတာက အလုပ်တစ်ခုရဖို့ပဲ ဖြစ်ပါတယ်။

“အိမ်မှာက စားအိုးလည်း ကြီးတယ်။ အဖေနဲ့အမေတို့ကလည်း အသက်ကြီးနေပြီလေ”လို့ မအေးအေးသက်က အားငယ်ဖျော့တော့စွာနဲ့ ပြောပြပါတယ်။

စီးပွားရေးအဆင်မပြေမှု၊ သုံးစွဲရမှာတွေ များလာတဲ့ မအေးအေးသက်အတွက် နိုင်လင်းဆိုတဲ့သူနဲ့ တွေ့ဆုံခဲ့ခြင်းက သူ့အတွက်ကောက်ရိုးမျှင်တစ်ခုဖြစ်တယ်ဆိုတာကိုတော့ အဲဒီအချိန်တုန်းက မှတ်ယူထားပါတယ်။

အလုပ်လိုက်ရှာနေတဲ့ မအေးအေးသက်က နိုင်လင်းဆိုတဲ့သူနဲ့ တွေ့ဆုံချိန်မှာတော့ ရွှေလီမှာ အလုပ်ရမယ်။ တစ်လကို သုံးလေးသိန်းလောက်ရမယ်ဆိုတာကတော့ သူ့အတွက် အဲဒီအချိန်တုန်းက ရွှေတောင်ကြီးတစ်ခုလိုပါပဲ။

“ရွှေလီက ဟော့ပေါ့ဆိုင်မှာ သွားလုပ်ရမယ်။ တစ်လကို သုံးလေးသိန်းရမယ်ဆိုတာက ကျွန်မအတွက် အဲဒီအချိန်တုန်းက ထီပေါက်သလိုပဲ” လို့ မအေးအေးသက်က ပြောပါတယ်။

နိုင်လင်းဆိုတဲ့သူရဲ့ ပြောကြားချက်တွေနဲ့ မအေးအေးသက်က ဒီအလုပ်ကို လက်ခံလိုက်ပါတယ်။ အဲဒီအတွက် နိုင်လင်းက ကျပ်ငွေ တစ်သိန်းခွဲပေးပါတယ်။ အဲဒီတစ်သိန်းခွဲကို လောလောဆယ် အိမ်ကိုပေးလိုက်ပြီးတော့ တရုတ်ပြည်ကို လိုက်သွားခဲ့ပါတယ်။

ရန်ကုန်မြို့အောင်မင်္ဂလာအဝေးပြေးဝင်းကနေ နိုင်လင်းဆိုတဲ့သူနဲ့ ထွက်လာပြီးတော့ မူဆယ်ကို သွားခဲ့တယ်။ မူဆယ်ကတစ်ဆင့် တရုတ်ပြည် ရွှေလီမြို့ကို ဆက်သွားရပါတယ်။ မူဆယ်ကို ရောက်တဲ့အချိန် မှာမအေးအေးသက်အတွက် အဝတ်အစားတွေ ဝယ်ပေးတယ်။ အဲဒီအချိန်အထိ သူ့အတွက်က စိတ်ပူစရာ အဖြစ်တွေ မရောက်လာသေးပါဘူး။

ရွှေလီမြို့ကို ရောက်တဲ့အခါမှာတော့ မြင့်မြင့်လို့ခေါ်တဲ့ မြန်မာအမျိုးသမီးတစ်ဦးက သူတို့ကို လာကြိုပါတယ်။ အလုပ်လုပ်ရမယ့်နေရာက ရွှေလီမြို့ထဲမှာ မဟုတ်တဲ့အတွက်ကြောင့် ကားထပ်စီးရမယ်လို့ မြင့်မြင့်က ပြောပြီးတော့ ယောကျ်ားလေးတစ်စီး မိန်းကလေး တစ်စီးစီးရမယ်လို့ မြင့်မြင့်က ပြောပါတယ်။

အဲဒါကြောင့် နိုင်လင်းက တစ်စီး မအေးအေးသက်က တစ်စီးစီးရပါတယ်။ ရွှေလီမြို့ကနေ တစ်ရက် ခန့်ကြာအောင် ကားစီးရပြီးတော့ မအေးအေးသက်ကို အိမ်တစ်အိမ်မှာ ထားပါတယ်။ ဒါပေမဲ့ နိုင်လင်းကို မတွေ့လို့ မေးတဲ့အချိန်မှာတော့ နိုင်လင်းက ဆေးမှုနဲ့ အဖမ်းခံထားရတယ်ဆိုပြီး မြင့်မြင့်က ပြောပါတယ်။

“ နိုင်လင်းက ဆေးမှုနဲ့ တရုတ်ထောင်ထဲရောက်နေပြီ။ အလုပ်က အစ်မဆီမှာ လုပ်ရမှာဆိုပြီး သူ (မြင့်မြင့်) ကပြောတော့ ကျွန်မလည်း ဒီအတိုင်းပဲ နေလိုက်တာပေါ့” လို့  မအေးအေးသက်က ပြောပါတယ်။

နှစ်ရက်ခန့်အကြာမှာတော့ တရုတ်အမျိုးသား သုံးလေးယောက် သူနေတဲ့ အိမ်ကို ရောက်လာပါတယ်။ အိမ်ရှင်ဖြစ်တဲ့ မြင့်မြင့်နဲ့စကားပြောတာတွေကို တွေ့ရတယ်။ သူတို့ ဘာပြောသလဲဆိုတာကိုတော့ တရုတ်စာမတတ်တဲ့ မအေးအေးသက်အတွက် နားမလည်ပါဘူး။ သူ့ စိတ်ထဲမှာရှိတာကတော့ ဟော့ပေါ့ ဆိုင်ကိုသွားပြီး ဘယ်တော့အလုပ် လုပ်ရမလဲဆိုတာကိုပဲ တွေးနေမိပါတော့တယ်။

လေး ငါးရက်အကြာမှာတော့ မြင့်မြင့်က အလုပ်လုပ်ရမယ်ဆိုပြီး တရုတ်အမျိုးသားနဲ့ ထည့်ပေးလိုက်ပါတယ်။

“အဲဒီတရုတ်အမျိုးသားက ခေါ်သွားတယ်။ ဟိုကျတော့ ဆိုင်မဟုတ်ဘူး။ အိမ်ဖြစ်နေတော့ အရောင်းစားခံရတယ်ဆိုတာကို သိတယ်” လို့ မအေးအေးသက်က ပြောပါတယ်။

အရောင်းစားခံရပြီလို့ သိတဲ့အချိန်မှာ သူ့ကို ကူညီကယ်ဆယ်ဖို့ ဘယ်သူမှ မရှိပါဘူး။ နေထိုင်တဲ့နေရာကလည်း တရုတ်ပြည်က လောရန်ဆိုတဲ့ မြို့လေးတစ်မြို့ ဖြစ်ပါတယ်။

“နေ့တိုင်းပဲ ငိုတယ်။ ကျွန်မအတွက်က ဘာသာစကားအခက်အခဲရှိတယ်။ အစားအသောက်လည်း ခက်တယ်။ အဲဒါတွေအဆင်ပြေဦး ကျန်ခဲ့တဲ့ မိသားစုကို သတိရတယ်။ ထွက်ပြေးဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ဘယ်လိုမှ မရဘူး” လို့ မအေးအေးသက်က ပြောပါတယ်။

အဲဒီတရုတ်အမျိုးသားအိမ်ကတော့ အဓိကလုပ်တဲ့ စီးပွားရေးက စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီးတော့ မိသားစု လေးယောက်ရှိပါတယ်။ တရုတ်အမျိုးသားရယ်၊ သူ့အမေရယ်၊ သူ့ညီမနှစ်ယောက် ရှိပါတယ်။

“အိမ်အလုပ်တွေ ၀ိုင်းလုပ်ရတယ်။ တစ်ခါတလေ အရိုက်ခံရတယ်” လို့ မအေးအေးသက်က ပြောပါတယ်။

တစ်ပတ်လောက်အကြာမှာတော့ အဲဒီအိမ်က ထွက်ပြေးဖို့ မအေးအေးသက် ကြိုးစားပါပြီ။ အိမ် က သုံးထပ်အမြင့်ရှိတဲ့အတွက်ကြောင့် အိမ်ပေါ်ကနေ ခုန်ချလိုက်ပါတယ်။ မြေပြင်ပေါ်ကို ရောက်တဲ့ အချိန်မှာတော့ မအေးအေးသက် တစ်ယောက်မထနိုင်တော့ပါဘူး။ အဲဒီအချိန်မှာ တရုတ်အမျိုးသားရဲ့ အမေက တွေ့သွားပြီးတော့ ပြန်လည် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

“အဲဒီနောက်ပိုင်း သူတို့ဆက်ဆံတာက ပိုဆိုးလာတယ်။ လေး ငါး ရက်လောက်နေတော့ မြင့်မြင့်ကို ခေါ်ပြီး ကျွန်မကို ပြန်ထည့်ပေးလိုက်တယ်။ အဲဒါနဲ့ မြင့်မြင့်ဆီ ပြန်ရောက်သွားတယ်” လို့ မအေးအေးသက်က ပြောပါတယ်။

အဲဒီအိမ်မှာနေခဲ့ရတာ နှစ်ပတ်မပြည့်ခဲ့ဘူးလို့ မအေးအေးသက်က ဆိုပါတယ်။ တရုတ်မယား အဖြစ် ရောင်းစားခြင်းခံရတဲ့ မအေးအေးသက်အတွက် မုန်တိုင်းပြီးသွားပြီလို့ ထင်ရပေမယ့် တကယ်တော့ မပြီးသေးပါဘူး။

မြင့်မြင့်ဆီကို ပြန်ရောက်သွားတဲ့ မအေးအေးသက်တစ်ယောက် နောက်ထပ်အမျိုးသားတစ်ဦးဆီကို ရောက်ရှိသွားပြန်ပါပြီ။

“နင်ပြန်လည်း နင့်ကို တရုတ်ရဲက ဖမ်းမယ်ဆိုတဲ့စကားပဲပြောတယ်။ ကိုယ်ကလည်း ဘယ်နေရာ ရောက်လို့ ရောက်မှန်းလည်း မသိဘူး။ ဘယ်မှလည်း မသွားတတ်ဘူး” လို့ မအေးအေးသက်က ဆိုပါတယ်။

ဒုတိယအကြိမ် ရောက်ရှိခဲ့တဲ့ နေရာကတော့ တရုတ်ပြည်က ကန်ဟုဆွေလို့ ခေါ်တဲ့မြို့လေးဖြစ်ပါတယ်။ အဲဒီနေရာကလည်း မြို့လို့ ခေါ်ပေမယ့် ကျေးလက်ရွာအဆင့်ပဲ ဖြစ်ပါတယ်။

အဲဒီက တရုတ်အမျိုးသားရဲ့ နာမည်က ရူရွှီးလို့ ခေါ်ပြီး သူ့မှာ တော့ တရုတ်လူမျိုး အဖေနဲ့အမေပဲ ရှိပါတယ်။

သူတို့ဆီမှာက အိမ်အလုပ်တွေ လုပ်ရတဲ့အပြင် စီးပွားရေးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ် ငန်းတွေမှာ လုပ်ကိုင်ပေးရပါတယ်။

မွေးမြူရေးလုပ်ငန်းတွေကတော့ ဝက်မွေးမြူရေးနဲ့ ဆိတ်မွေးထားပြီးတော့ စိုက်ပျိုးရေးကတော့ ပန်းသီး၊ ပြောင်းဖူးတွေ စိုက်ပျိုးတယ် လို့ သူမက ဆိုပါတယ်။

“အဲဒီမှာက မနက် ၈ နာရီ လောက်ကို ခြံထဲဆင်းရတယ်။ နေ့လယ်လောက် ပြန်တက်။ ပြီးရင်ခြံ ထဲပြန်ဆင်း ၅ နာရီလောက်ပြန်တက်ရတယ်” လို့ မအေးအေးသက်ကဆိုပါတယ်။

စားသောက်ရတာကတော့ ထမင်းအစား ဂျုံနဲ့လုပ်ထားတဲ့ မန်ထိပေါက်စီနဲ့ ဂျုံဖျော်ရည်ဆိုတာတွေ စားရပြီးတော့ ထမင်းကိုတော့ တစ်ခါတစ်ရံမှ စားရပါတယ်။

အဲဒီအိမ်ကို ရောက်တဲ့အချိန်မှာတော့ လွတ်မြောက်ဖို့အတွက် မအေးအေးသက်တစ်ယောက် ပြန်ကြိုးစားပါပြီ။ သူ့မှာ ရန်ကုန်ကပါလာတဲ့ ဖုန်းတစ်လုံးပဲရှိပါတယ်။ အဲဒီဖုန်းကလည်း ဓာတ်ခဲထည့်လို့ မရပါဘူး။

“အဲဒီဖုန်းရှိတာကို ဘယ်သူမှ မသိဘူး။ အဲဒီဖုန်းက ကျွန်မကို ကယ်လိုက်တာ” လို့ မအေးအေးသက်က ဆိုပါတယ်။

ပထမရောက်ရှိသွားတဲ့ တရုတ်အိမ်မှာတုန်းက ဖုန်းကိုအသုံးပြုဖို့ ကြိုးစားပေမယ့် လိုင်းမမိပါဘူး။ ဒု တိယအိမ်မှာတော့ လိုင်းမိပါတယ်။ အဲဒီဟာက သူ့အတွက် ကောက်ရိုးတစ်မျှင်ပါပဲ။

“လိုင်းကမမိတော့ ဘယ်လိုမှ လုပ်လို့မရဘူး။ ဒုတိယအိမ်ကတော့ လိုင်းမိတယ်။ ဒါပေမဲ့ ခက်တာက ဖုန်းဘက်ထရီက ထည့်လို့မရတာဘဲ”လို့ နောက်ကျောဖုန်းကာဘာ မရှိတဲ့ Samsung တံဆိပ် ဖုန်းလေး ကို ကိုင်ပြီးပြောပါတယ်။

ဖုန်းကာဘာမရှိတဲ့အတွက်ကြောင့် ဘက်ထရီကပြန်ပြုတ်ကျနေလို့ ဖုန်းကိုအသုံးပြုတဲ့အခါမှာတစ်သျှူးစ ထိုးထည့်ပြီး သုံးခဲ့ရတာလို့ မအေးအေးသက်က ပြောပါတယ်။

သူပထမဆုံး အဆက်အသွယ်ရတာကတော့ အမေဖြစ်သူနဲ့ပဲ ဖြစ်ပါတယ်။ Viber မှတစ်ဆင့် အဆက် အသွယ် ပြန်ရတာပဲဖြစ်ပါတယ်။ သူ့မိသားစုအနေနဲ့ မအေးအေးသက်တစ်ယောက် တရုတ်မှာ အလုပ်သွား လုပ်နေတယ်လို့ ထင်နေတဲ့အချိန်မှာ သူမက ရောင်းစားခံလိုက်ရတာပဲ ဖြစ်ပါတယ်။

“ အမေနဲ့ စကားစပြောရတော့ မျက်ရည်တောင် ကျတယ်။ ဘာမှ မပြောနိုင်ဘူး။ စာလည်း ရိုက်လို့မရဘူး” လို့ မအေးအေးသက်က ဆိုပါတယ်။

သူတရုတ်ပြည်ကို ရောက်ရှိပြီး သုံးလအကြာမှာ မြန်မာနိုင်ငံက မိသားစုဝင်တွေနဲ့ ပထမဆုံးအကြိမ် အဆက်အသွယ်ပြန်ရခြင်းပဲဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် လူကုန်ကူးမှု လုပ်ငန်းတွေကို တိုက်ဖျက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတစ်ဆင့် မြန်မာနိုင်ငံကို ပြန်နိုင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

“လစ်မယ့်အချိန်ကို စောင့်နေရတယ်။ လစ်တာနဲ့ Viber ကနေ ပြောတယ်။နောက်တစ်ခုက We Chat နဲ့ ပြောရတယ်။ တစ်ခုမဟုတ် တစ်ခုအဆင်ပြေတာနဲ့ပြောရတယ်” လို့ မအေးအေးသက်က ဆိုပါတယ်။

ရန်ကုန်မှာ နေတုန်းက နည်းပညာအသုံးပြုတာကို အနည်းငယ် တတ်မြောက်ထားတဲ့ မအေးအေး သက်အတွက် ကံကောင်းခြင်းတစ်ခုပဲ ဖြစ်ပါတယ်။

“ဒီဖုန်းအစုတ်လေးရှိတာကို ဘယ်သူမှ မသိဘူးလေ။ ဖုန်းကို အားခိုးသွင်းရတယ်။ ခြံထဲမဆင်းရတဲ့နေ့တွေဆို ဖုန်းအားသွင်းဖို့ လုပ်ရတယ်” လို့ မအေးအေးသက်က ဆိုပါတယ်။

“သူ့မိသားစုတွေလာပြောတာနဲ့ လူကုန်တားက ရဲမှူးတစ်ယောက်ဆီကို လှမ်းချိတ်တယ်။ သူ့ဘက်ကလည်း အကူအညီပေးတယ်။ ဘာလိုအပ်တယ်ဆိုတာကို ကျွန်တော်တို့က လှမ်းပြောပေါ့။ သူနေတဲ့နေရာမှာ ဘာရှိလဲ။ လိပ်စာလည်း မသိရဘူး။ သူနဲ့ ဆက်သွယ်လို့ရတာ Viber က တစ်ဆင့်ပဲ ပြောလို့ရတယ်” လို့ လူ ကုန်ကူးခြင်းခံရသည့် မအေးအေးသက်အား ကူညီခဲ့သည့် ထိုင်းရောက် မြန်မာနိုင်ငံသားအရေး လှုပ်ရှားသူ ဦးကျော်သောင်းက ပြောပါတယ်။

မအေးအေးသက်ရဲ့ မိသားစု က လှိုင်သာယာမှာရှိတဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်း နဲ့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (ဗဟို) အတွင်းရေးမှူး ဦးသန်းဆင့်နဲ့ ဦးကျော်သောင်းတို့က လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသင်းက တာဝန်ရှိသူတွေကို ချိတ်ဆက်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

မအေးအေးသက်ကို ပြန်ခေါ်နိုင်ဖို့ ပထမဆုံးလုပ်ဆောင်ရတဲ့ အရာကတော့ သူ့ရဲ့နေရပ်လိပ်စာကို သိဖို့ အရေးကြီးပါတယ်။ အဲဒီလိပ်စာရဖို့အတွက်ကလည်း ဘာသာစကား အခက်အခဲရှိတဲ့ မအေးအေး သက်အတွက်ကတော့ မလွယ်ကူလှပါဘူး။

“သူ့ကို ဘာလုပ်ခိုင်းရလဲဆိုတော့ အိမ်နားမှာ ကျောင်းရှိလား။ ထင်ရှားတဲ့အမှတ်အသား ဘာရှိလဲ ဆိုတာကို မေးပြီး ဓာတ်ပုံရိုက်ခိုင်းရတယ်။ ပြီးတော့ အိမ်ထဲမှာ ဖိတ်စာလိုဟာမျိုးရှိလား။ ရှိရင် အဲဒါကိုပို့ ခိုင်းရတယ်” လို့ ဦးကျော်သောင်းက ပြောပါတယ်။

အရေးကြီးတာ တစ်ခုကတော့ သူ့ကို ယူထားတဲ့ တရုတ်က ဘယ်သူလဲဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ အဲဒီ လိုသိမှ နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

“သူ့ကို ဓာတ်ပုံခိုးရိုက်တာတွေ၊ သူ့မှတ်ပုံတင်ကို ခိုးရိုက်ပြီး ပို့ပေးရတယ်။ အဲဒီတုန်းက လုပ်ရတာတွေ ကတော့ တစ်သက်မမေ့ဘူး။ လူလစ်တဲ့အချိန်ကိုပဲ စောင့်နေရတာ။ သူများတွေ အိပ်နေတဲ့အချိန်မှာတောင် လစ်မလား စောင့်ရတယ်” လို့ မအေးအေးသက်က ဆိုပါတယ်။

နှစ်နိုင်ငံ ချိတ်ဆက်ပြီးတဲ့အချိန်မှာတော့ မအေးအေးသက်ကို တရုတ်ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ခေါ် ဆောင်ပါတယ်။ ဒါပေမဲ့ မအေးအေးသက်က ပြန်ပါမလာခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ပြန်မလိုက်ချင်ဘူးလို့ အမျိုးသားက တရုတ်ရဲတွေကို ပြောခဲ့လို့ဖြစ်ပါတယ်။

“ မိသားစုနဲ့ လိုင်းပေါ်မှာတွေ့တော့မှ အဲဒါကိုသိတာ။ သူတို့က ပြောတာက လာခေါ်လိမ့်မယ်ဆိုပြီး ပြောထားတာ။ လာခေါ်တာလည်း မတွေ့ဘူး။ တကယ်က ကျွန်မထပ် အလိမ်ခံရတာ။ မိသားစုက ပြောတော့မှသိတယ်”လို့ မအေးအေးသက်က ဆိုပါတယ်။

အဲဒီလိုဖြစ်ပြီးတဲ့ နောက်ပိုင်းမှာတော့ တရုတ်အမျိုးသားက မအေးအေးသက်ကို အလစ်မပေးတော့ပါဘူး။ သတင်းပို့တဲ့ဖုန်းကိုလည်း ရှာတွေ့သွားပြီးတော့ အထဲ မှာ ရေးထားတဲ့စာတွေကို မြန်မာစကားနားလည်တဲ့သူတွေကို ပြတာတွေ လုပ်လာတယ်လို့ မအေးအေးသက်က ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တရုတ်အစိုးရတာဝန်ရှိသူတွေအကြား ထပ်မံပူးပေါင်းဆောင်ရွက်မှုနဲ့ မအေးအေးသက်ကို တရုတ်ရဲတပ်ဖွဲ့တွေက လာခေါ်ပါတယ်။

“သူတို့လာခေါ်တုန်းက ဘာမှပြန်မယူခဲ့ဘူး။ အဲဒီဖုန်းကိုပဲ ပြန်တောင်းလိုက်တယ်”လို့ မအေးအေးသက်က ပြောပါတယ်။

တရုတ်အမျိုးသားနှစ်ဦးထံကို နှစ်ကြိမ်ရောင်းစားခံရတဲ့ မအေးအေးသက်ဟာ သူတို့လက်ထဲမှာ လေးလနီးပါးလောက် နေခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပြည်တော်ပြန် ခရီးက အဆင်မပြေသေးပါဘူး။ တရုတ်အကျဉ်းထောင်မှာ တစ်လနဲ့ ၁၉ ရက်တိတိ နေခဲ့ရပါသေးတယ်။

“ အိမ်ကလာခေါ်သွားပြီးတော့ အကျဉ်းထောင်ကို ပို့သေးတယ်။ အဲဒီမှာ စစ်ဆေးတာက တစ်လနဲ့ ၁၉ ရက်ကြာတယ်” လို့ မအေးအေးသက်က ပြောပါတယ်။

သူနောက်ဆုံးနေခဲ့ရတဲ့ ကန်ဟုဆွေလို့ ခေါ်တဲ့မြို့နဲ့ ရွှေလီမြို့က မော်တော်ယာဉ်စီးသွားရင် နှစ်ညနဲ့  သုံးရက် ကြာပါတယ်။ မအေးအေးသက်ကို အမျိုးသမီး ရဲမေတစ်ဦးနဲ့ အမျိုးသားတစ်ဦးက လိုက်ပို့တယ်။

“အိပ်တဲ့အချိန်တွေဆိုရင် သူတို့က ခုတင်တိုင်နဲ့ လက်ထိပ်ခတ်ထားတာ။ သူတို့က အပေါ်ကအိပ်။ ကိုယ်က အောက်မှာ အိပ်ရတာ” လို့ သူမက ဆိုပါတယ်။

ရွှေလီမြို့ကနေ မူဆယ်မြို့ကို ရောက်တဲ့အချိန်မှာတော့ သူမတင်းထားတဲ့စိတ်တွေ လျှော့ချလိုက်ပါပြီ။ မူဆယ်မြို့မှာရှိတဲ့ ပြန်လည်လက်ခံရေးစခန်းမှာ ၁၀ ရက်ကျော်နေထိုင် အပြီးမှာတော့ နိုဝင်ဘာ ၁၄ ရက်မှာ တော့ သူမအိမ်ကို ပြန်ရောက်ခဲ့ပါတယ်။

“မူဆယ်မှာ မိသားစုနဲ့ဖုန်းပြောရတယ်။ ဘာစကားမှ မပြောနိုင်ဘူး” လို့မအေးအေးသက်က ပြောပါတယ်။

မြန်မာနိုင်ငံက လူကုန်ကူးခံရတဲ့ အမျိုးသမီးအတော်များများက တရုတ်နိုင်ငံကို လူကုန်ကူးခြင်းခံနေရပါတယ်။ အကြောင်းရင်းအများစုကတော့ ဆင်းရဲမှုဒဏ်ကနေ ထွက်ပေါက်တစ်ခုအဖြစ်နဲ့ နယ်စပ်တွေမှာ သွားရောက်လုပ်ကိုင်ဖို့ သွေးဆောင်ခံရတာပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့လည်း ပညာပေးလုပ်ဆောင်တာတွေ လုပ်တယ်။ အခုဖြစ်စဉ်ဆိုရင် တော်တော်ခက်ခက်ခဲခဲနဲ့ လုပ်လိုက်ရတယ်။ ဒုတိယတစ်ခါ ပြန်သွားခေါ်ဖို့အတွက် တော်တော်လုပ်ယူလိုက်ရတယ်။ ဟိုဘက်က ဘာပြောလဲဆိုတော့ မင်းတို့လူက ပြန်မလာတော့ဘူးဆိုတာကိုပဲ ပြောနေတာ။ သူတို့နားလည်အောင် တော်တော်လုပ်ယူလိုက်ရတယ်”လို့ မအေးအေးသက်ပြန်လည်ရောက်ရှိဖို့အတွက် လုပ်ဆောင်ပေးခဲ့တဲ့ လှိုင်သာယာမြို့နယ်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဦးသန်းဆင့်က ပြောပါတယ်။

မအေးအေးသက်အနေနဲ့ အိမ်ကိုပြန်လာတဲ့အချိန်မှာတော့ သူအတွက် အတော်ခက်ခဲတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ အဓိကစိုးရိမ်တဲ့အခြေ အနေကတော့ မိသားစုက ဘယ်လိုဆက်ဆံမလဲဆိုတဲ့ဟာပဲ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူကတော့ ဆူပူကြိမ်းမောင်းတာကိုတော့ ခံခဲ့ရပေမယ့် မအေးအေးသက်အတွက် ဘာမှမဖြစ်ပါဘူး။ သူ့အတွက်ဆုံးမလမ်းညွှန်မှုလို့ပဲ သဘောထားပါတယ်။

“ ကျွန်မအတွက်ကတော့ သင်ခန်းစာ ကြီးကြီးမားမားရလိုက်တာပါ။ အဲဒီအကြောင်းတွေ ပြန်မပြော ချင်တော့ဘူး။ မိဘရင်ခွင်က အကောင်းဆုံးဆိုတာကို သိလာတယ်။ ကျွန်မသမီးလေး အရွယ်ရောက်လာ ရင်တော့ ဒီလိုမကြုံရအောင် ကာကွယ်ရလိမ့်မယ်” လို့ မအေးအေးသက်က ဆိုပါတယ်။

တရုတ်ပြည်မှာ နှစ်ကြိမ်ဆက်တိုက် ရောင်းစားခံရခဲ့တဲ့ မအေးအေးသက်အတွက်တော့ ဒီအရာတွေက ပြန်မပြောချင်တဲ့အကြောင်းတွေပဲ ဖြစ်ပါတယ်။

“ကျွန်မအတွက်က ဒီဖုန်းလေးက ကျေးဇူးရှင်ပဲ။ ဟိုကနေ ပြန်လာတုန်းကတောင် ဒီဖုန်းကို မရရအောင် သယ်ခဲ့တာ။ ကျွန်မအတွက် အမှတ်တရတွေအများကြီးပဲ။ ဒီဖုန်းလေးက အခုသုံးလို့မရတော့ဘူး။ ဒါပေမဲ့ သိမ်းထားတယ်။ ကျွန်မကို ဒုတိယဘဝ ပြန်ပေးတာ ဒီဖုန်းလေးပဲ” လို့ မအေးအေးသက်က ပြောဆိုရင်း နောက်ဖုံးလေးမရှိတော့တဲ့ ဖုန်းလေးကို အိတ်ထဲထည့်လိုက်ပါတယ်။

မအေးအေးသက်ကို တရုတ်နိုင်ငံကို ရောင်းစားခဲ့တဲ့ တရားခံ နိုင်လင်းဆိုသူနဲ့ တရုတ်နိုင်ငံမှာ လူကုန်ကူးနေတဲ့ မြင့်မြင့်ဆိုသူတွေကတော့ အခုချိန်အထိ လွတ်မြောက်နေဆဲပဲ ဖြစ်နေပေမယ့် မအေးအေးသက်ကတော့ ဘဝကို ပြန်စနိုင်ဖို့ တော်တော်ကြိုးစားရဦးမှာ ဖြစ်ပါတယ်။

“အားတော့ တော်တော်ယူရဦးမယ်။ အခုအထိ အိမ်ထဲက မထွက်ရဲသေးဘူး” လို့ မအေးအေးသက်က ဆိုပါတယ်။

 

(ယခုဆောင်းပါးတွင် အမှန်တ ကယ်လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီး ၏ အမည်အား ပြောင်းလဲထားပါ သည်။)