အသက် ၁၈ နှစ်အောက် ထိမ်းမြားလက်ထပ်မှု ဂယက်ကြောင့် ဘာတွေအငြင်းပွားနေသလဲ

အသက် ၁၈ နှစ်အောက် ထိမ်းမြားလက်ထပ်မှု ဂယက်ကြောင့် ဘာတွေအငြင်းပွားနေသလဲ
နိုဝင်ဘာ ၁၉ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တက်ရောက်နေသော ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)
နိုဝင်ဘာ ၁၉ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တက်ရောက်နေသော ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)
Published 2 December 2018
ဆန်းမိုးထွန်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကနေ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ ၁၉၉၃ ကလေးသူငယ်ဥပဒေက ခေတ်နဲ့မလျော်ညီတော့တာကြောင့် ဒီဥပဒေကြမ်းကို ပြန်လည်ရေးဆွဲပြီး တင်သွင်းခဲ့တာပါ။

နိုဝင်ဘာ ၂၈ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဒီဥပဒေကြမ်းထဲက အပိုဒ် ၂၃ ပါ ထိမ်းမြားလက်ထပ်မှုဆိုင်ရာ အသက်ကန့်သတ်ချက်နဲ့ ပတ်သက်လို့ ပြင်လိုတဲ့ အဆိုကို တင်သွင်းခဲ့သူက လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း ဖြစ်ပါတယ်။

အပိုဒ် ၂၃ ရဲ့ မူလအဆိုပြုချက်မှာ “အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့် အ သက်သည် ၎င်းတို့၏ သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေများတွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်စေရမည်။ သို့ရာတွင် ထိမ်းမြားလက်ထပ်ခြင်း စာချုပ်ချုပ်ဆို၍ ထိမ်းမြားလက်ထပ်ခြင်း ဖြစ်ပါက ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ် ပြုနိုင်သည့် အသက်သည် ၁၈ နှစ် ပြည့်ပြီး ဖြစ်ရမည်” လို့ ဖော်ပြထားပါတယ်။

အသက် ၁၈ နှစ်အရွယ်ဟာ လူကြီးအနေအထားဖြစ်တာကြောင့် အခုပြဋ္ဌာန်းမယ့် ဥပဒေဟာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေ အတွက်သာ စဉ်းစားဖို့ဖြစ်ပြီး ထိမ်းမြားခြင်း အသက်အရွယ် သတ်မှတ်ချက်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဒေသဓလေ့ထုံးတမ်းတွေကို ထည့်သွင်းစဉ်းစားဖို့ လိုတယ်လို့ ဦးကျော်စိုးလင်းက ထောက်ပြပါတယ်။

“တည်ဆဲဥပဒေများ၊ ဓလေ့ထုံးတမ်းများဆိုတဲ့ အခါမှာ ဥပမာအားဖြင့် ကျွန်တော်ပြောရမယ် ဆိုလို့ရှိရင် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းမှာ ဆိုလို့ရှိရင် ပုဆိုးတန်းတင်ရုံဖြင့် အကြင်လင်မယား ဖြစ်ပါတယ်။ နောက်ပြီးတော့ အရှေ့ခုနစ်အိမ်၊ အနောက် ခုနစ်အိမ် အသိပေးရုံဖြင့် အကြင်လင်မယားဆိုတဲ့ ဓလေ့ရှိပါတယ်။ ချင်းပြည်နယ်မှာ ဆိုလို့ရှိရင် လည်း အသက် ၁၃ နှစ်ပြည့်ရုံဖြင့် စေ့စပ်မင်္ဂလာပွဲတွေ ပြုလုပ်လို့ရပါတယ်။ ရှမ်းပြည်နယ်မှာ ဆိုလို့ရှိရင် လက်ဖက်တစ်ရိုး၊ ကွမ်းတစ်ရိုးကျွေးရုံဖြင့် အကြင်လင်မယားအဖြစ် ဓလေ့တွေရှိပါတယ်။ ကျွန်တော်တို့ စာဆိုလည်းရှိပါတယ်။ စျေးသုံးလည်း မ မလွယ်နဲ့ ရှေးထုံးလည်း မပယ်နဲ့ ဆိုသလိုပါပဲ။ ကျွန်တော်တို့ ဒီထုံးတွေလည်း ပယ်ဖို့မသင့်ပါဘူး” လို့ ဦးကျော်စိုးလင်းက ဆိုပါတယ်။

ဒါ့အပြင် ထိမ်းမြားခြင်းနဲ့ ပတ်သက်လို့ တည်ဆဲဥပဒေတွေမှာ အသက်သတ်မှတ်ချက်တွေ ရှိတဲ့အတွက် ဥပဒေကြမ်းပါ ထိမ်းမြားလက်ထပ်ဖို့ ပဋိညာဉ်ပြုနိုင်တဲ့ အသက်က ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ် ဆိုတာက ဆန့်ကျင်ကွဲလွဲတယ်လို့ သူက ဆက်ပြောပါတယ်။

“တည်ဆဲဥပဒေတွေ၊ ဓလေ့ထုံးတမ်း ဥပဒေတွေ ရှိပါလျက်နဲ့ နောက်က ကျွန်တော်တို့ အသက် ၁၈ နှစ် ပြည့်မှ ပဋိညာဉ်ပြုနိုင်မယ်ဆိုတဲ့ အချက်က ဥပဒေနှင့် ကျွန်တော်တို့ သက်ဆိုင်ရာ ဥပဒေနှင့် တည်ဆဲဥပဒေတွေနှင့် အညီ ဆန့်ကျင်ကွဲလွဲလျက် ရှိနေပါတယ်” လို့ သူကပြောပါတယ်။

အရင်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေမှာ အသက် ၁၈ နှစ်ပြည့်မှ အိမ်ထောင်ပြုနိုင်တယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ရှေ့နောက် မညီညွတ်တာကြောင့် ဥပဒေကြမ်းကော်မတီကနေ ထိမ်းမြားလက်ထပ်ဖို့ ပဋိညာဉ်ပြုနိုင်တဲ့ အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ် ဆိုတဲ့အချက်ကို ပယ်ဖျက်လိုက်ပါတယ်။

ဒီလို ဥပဒေကြမ်းကော်မတီရဲ့ ပယ်ဖျက်မှုကို ကန့်ကွက်သူကတော့ ကျောက်တန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ဖြစ်ပါတယ်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း ပုဒ်မ ၃ ပုဒ်မခွဲ (ဘ) မှာ ကလေးသူငယ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းက လက်ထပ်စေခြင်းနဲ့ ဆက်စပ်နေတာကို လေ့လာတွေ့ရှိရတယ်လို့ ဒေါ်အေးမြမြမျိုးက ဆိုပါတယ်။

ဒါ့အပြင် ကလေးသူငယ်တွေကို လက်ထပ်ထိမ်းမြားပေးခြင်း၊ ဆောလျင်စွာ ကိုယ်ဝန်ဆောင်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် မိခင်နဲ့ ကလေးသေဆုံးမှုကို ပိုမိုမြင့်တက်စေတဲ့အတွက် ကျန်းမာရေး ရှုထောင့်ကကြည့်ရင် ဘယ်လိုမှ မကောင်းနိုင်ဘူးလို့သူက ပြောပါတယ်။

“ကျွန်မတို့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဆိုလို့ရှိရင်လည်း အသက် ၁၈ နှစ်ကို လက်ထပ်ထိမ်းမြားတဲ့ အသက်ကို သတ်မှတ်ထားတဲ့ နိုင်ငံတွေ အများကြီး ရှိပါတယ်။ ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက် နမ်တို့၊ ကမ္ဘောဒီးယားတို့လို တောင်မှလည်း ဒီလို သတ်မှတ်ထားတာ ဖြစ် ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး သတ်မှတ်ခြင်းက ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းသာ တည်ဆောက် နိုင်မှာဖြစ်တဲ့အတွက် ကျွန်မ ဒီအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်” လို့ ဒေါ်အေးမြမြမျိုးက ဆိုပါတယ်။

ဥပဒေကြမ်းကော်မတီက ပြင်ဆင်ချက် အဆိုတင်သွင်းပြီး ဒေါ်အေးမြမြမျိုးက မူလအဆိုပြု ပြဋ္ဌာန်းချက်အတိုင်း ထားရှိဖို့အဆို တင်သွင်းတဲ့အတွက် လွှတ်တော်က ဆန္ဒမဲပေးပြီး အဆုံးအဖြတ် ရယူရာမှာ ထောက်ခံမဲ ၃၃၀ ရရှိပြီး ကန့်ကွက်မဲက ၃၃ မဲသာ ရှိတာကြောင့် ဥပဒေကြမ်း ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပါတယ်။

လွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေကြမ်းပြင်ဆင်ချက်မှာ “အမျိုးသားနှင့် အမျိုးသမီးတို့၏ထိမ်းမြား လက်ထပ်နိုင်သည့် အသက်သည် ၎င်းတို့၏ သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေများတွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်စေရမည်” လို့ ပါရှိပြီး ဝန်ကြီးဌာနကလည်း သဘောတူခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ထိမ်း မြားလက်ထပ်ဖို့ ပဋိညာဉ်ပြုနိုင်တဲ့ အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ့်အ ချက်ကို ပယ်ဖျက်ပြီး အတည်ပြုလိုက်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေပညာရှင်၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကြားမှာ ပွဲဆူတဲ့ အငြင်းပွားမှု အခြေအနေ ဖြစ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ ၁၈၇၅ ခုနှစ် အရွယ် ရောက်သူများ အက်ဥပဒေမှာ အ သက် ၁၈ နှစ်ပြည့်ပါက အိမ်ထောင် ပြုခွင့်နဲ့ အရွယ်ရောက်သူအဖြစ် သတ်မှတ်ထားတယ်လို့ ကျောက် တန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ထောက်ပြဝေဖန်ပါတယ်။

ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေကြမ်းအပိုဒ် ၂၃ ကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုတုန်းက ကန့်ကွက်မဲပေးခဲ့တဲ့ လွိုင်ကော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ ကတော့ အမျိုးသမီးငယ်လေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြု မှာစိုးတဲ့အတွက် ကန့်ကွက်မဲ ပေးခဲ့ တာလို့ ပြောပါတယ်။

“ဘာလို့ ကန့်ကွက်ရလဲဆို တော့ ငယ်ငယ်လေးနဲ့ လင်ယူကုန်မှာစိုးလို့။ အသက်ငယ်ငယ်လေး တွေနဲ့ လက်ထပ်ပွဲတွေ လုပ်နေတာ ကို ဖေ့စ်ဘွတ်ထဲမှာ တွေ့နေတော့ ကန့်ကွက်လိုက်တာပါ” လို့ ဒေါက်တာခင်စည်သူက ဆိုပါတယ်။

ဥပဒေကြမ်းပါ ထိမ်းမြားလက်ထပ်ဖို့ ပဋိညာဉ်ပြုနိုင်တဲ့ အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ့်အချက်ကို ပယ်ဖျက်လိုက်တာဟာ ၁၈ နှစ် မပြည့်လည်း လက်ထပ်ထိမ်းမြားလို့ ရတယ်ဆိုတဲ့ သဘောပဲလို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဝေဖန်လိုက်ပါတယ်။

“၁၈ နှစ်ပြည့်ရမယ်ဆိုတဲ့ အချက်ကို ပယ်ဖျက်လိုက်တယ်ဆိုရင် မပြည့်လည်းဘဲ လက်ထပ်ထိမ်းမြားလို့ ရတယ်လို့ဆိုတာ။ အဲဒီသဘောပဲ” လို့ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းမှာ ထိမ်းမြားလက်ထပ်ခြင်းနဲ့ ပတ်သက်တဲ့ အသက်သတ်မှတ်ချက်ကို တည်ဆဲဥပဒေနဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေကို ပြန်ညွှန်းလိုက်တဲ့ သဘောဖြစ်ပြီး အသက် ၁၈ အောက်ကို ဆိုလိုခြင်း မဟုတ်ဘူးလို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ရှင်းပြပါတယ်။

“သူ့ရဲ့ ဓလေ့ထုံးတမ်းဥပဒေ တွေရှိပါတယ်။ တည်ဆဲဥပဒေတွေ ရှိပြီးဖြစ်တဲ့အတွက် ဒါမလိုအပ်ဘူး လို့ ပြောတာပါ။ ၁၈ အောက်မှာမှ မင်္ဂလာဆောင်ရမယ်လို့ ပြောတာ မဟုတ်ပါဘူး” လို့ ဦးကျော်စိုးလင်း ဆိုပါတယ်။

ဥပဒေရဲ့ အကြောင်းအရာကို နားမလည်တဲ့အတွက် အပြင်မှာ အငြင်းပွားနေတာဖြစ်မယ်လို့ ပုလဲမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“ဥပဒေပုဒ်မ ၂၃ ရဲ့ဆိုလိုရင်း အဓိပ္ပာယ်ကို သေချာနားလည်ဖို့ရာ လိုတယ်။ ဒီဥပဒေပြဋ္ဌာန်းလိုက်တဲ့ ရည်ရွယ်ချက်ကိုလည်း သေချာနား လည်ဖို့ လိုတယ်။ ဥပဒေရဲ့ ရည်ရွယ် ချက်က ဘာလဲဆိုရင်ကလေးသူငယ် တွေရဲ့ ဂုဏ်သိက္ခာ၊ ပုဂ္ဂိုလ်ရေးဆိုင် ရာ လွတ်လပ်ခွင့်နဲ့ လုံခြုံရေးတွေကို ကာကွယ်နိုင်ဖို့နဲ့ ဒီဟာတွေနဲ့ ပတ် သက်ပြီး ဥပဒေအရ ကာကွယ်အ ထောက်အပံ့ ပြုနိုင်ဖို့အတွက် ဥပဒေ ကို ပြဋ္ဌာန်းလိုက်တာဖြစ်တဲ့အတွက် ပြောမယ်ဆိုရင် ၁၈ နှစ်အောက်ကို ကလေးသူငယ်အဖြစ် တိုင်းပြည်မှာ သတ်မှတ်ထားတဲ့အတွက်ကြောင့် ၁၈ နှစ်အောက်ကလေးသူငယ်တွေ အတွက် ဒီဥပဒေအရ စိုးရိမ်ဖွယ်ရာ မရှိဘူး။ပုဒ်မ ၂၃ ရဲ့ ဆိုလိုရင်းက ဘာလဲဆိုရင် ထိမ်းမြားလက်ထပ် မယ်ဆိုရင် ဓလေ့ထုံးတမ်းဥပဒေ တွေရှိတယ်။ နောက်တစ်ခုက တည် ဆဲဥပဒေတွေရှိတယ်။ ဒီဥပဒေရဲ့ အကာအကွယ်ကို ရဖို့ရာအတွက် ကို ဒါကို ပြဋ္ဌာန်းပေးလိုက်တာဖြစ် တယ်။ ဒါပေမဲ့ ခုနကပြောသလို ကျွန်မတို့မှာ အစဉ်အလာတွေက ရှိ လာပြီးသားဖြစ်တယ်။ ဟိန္ဒူတွေရှိ တယ်။ တိုင်းရင်းသားလူမျိုးတွေရှိ တယ်။ ခရစ်ယာန်တွေရှိတယ်။သူ တို့ရဲ့ အယူဝါဒ၊ ဓလေ့ထုံးစံအရ ထိမ်းမြားလက်ထပ်ခွင့်ပြုတာက တစ်ပိုင်း။ နောက်တစ်ခုက တည်ဆဲ ဥပဒေအရ ကာကွယ်စောင့်ရှောက် မှာက တစ်ပိုင်းဖြစ်နေတဲ့အတွက် ကလေးသူငယ်တွေကို ၁၈ နှစ် မပြည့်ခင် ထိမ်းမြားလက်ထပ်ခွင့်ရှိတယ် ဆိုတဲ့ဟာက မဟုတ်ဘူး။ ဒါရဲ့ အပေါ်မှာ ဥပဒေရဲ့အကြောင်းအရာကို သေချာနားမလည်တဲ့အတွက် အပြင်မှာ အငြင်းပွားနေတာ ဖြစ်တယ်” လို့ ဒေါ်ခင်စန်းလှိုင်က ဆိုပါတယ်။

အသက် ၁၈ နှစ်ကိုတော့ နိုင်ငံတကာ စံချိန်စံညွှန်းအရ ကလေး သူငယ်တွေရဲ့ Mother Law မှာ ထည့်စေချင်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က ဆိုပါတယ်။

“အသက် ၁၈ နှစ်ကိုတော့ Mother Law ဖြစ်တဲ့အတွက်ကြောင့်မိုလို့ နိုင်ငံတကာ စံနှုန်းနဲ့အညီ ထည့်ချင်တယ်။ လက်ရှိမှာလည်း ၁၅၊ ၁၆ နှစ်လည်း ပြုနေတာပဲပေါ့နော်။ ကျွန်မတို့က အဲဒါကို ဖျက်ချင်တယ်။ ကလေးသူငယ် Mother Law မှာတော့ နိုင်ငံတကာစံနှုန်းနဲ့အညီ ထည့်ချင်တယ်။ Mother Law မှာ ထည့်လိုက်ပြီဆိုရင် နောက်ဟာတွေက သူ့ဟာနဲ့သူ ပြင်သွားမှာပေါ့နော်။ တချို့ ဥပဒေတွေလည်း တစ်ခုနဲ့ တစ်ခု Conflict ဖြစ်တာ အများကြီးပဲ။ ဥပဒေပြုတဲ့သူတွေက ဒါကို ကြည့်ရမှာက အနည်းစုကိုလည်း ကြည့်ရမှာဖြစ်သလို အများစု အတွက်လည်း ကျွန်မတို့က အကာအကွယ်ပေးရမယ်။ အဲဒါကြောင့် ဥပဒေလုပ်ထုံး လုပ်နည်းအရ လုပ်လို့ရတာတွေ အများကြီး ရှိပါတယ်” လို့  ဒေါ်ရွှေရွှေစိန်လတ်က ပြောပါတယ်။

တည်ဆဲဥပဒေ၊ ဓလေ့ထုံးတမ်း ဥပဒေတွေနဲ့ သတ်မှတ်ထားတဲ့အတိုင်း ဖြစ်ရမယ်ဆိုပါက ဥပဒေကြမ်းပါ မူလအဆိုပြုချက်အတိုင်း ထားသင့်ပြီး ပြင်ဆင်လိုက်တဲ့အတွက် တရားဥပဒေအရ လွတ်လပ်စွာ အိမ်ထောင်ပြုခွင့်ရသွားတဲ့ အဓိပ္ပာယ်မျိုး ဖြစ်သွားတယ်လို့ ရသေ့တောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သုံးသပ်ပါတယ်။

“တည်ဆဲဥပဒေ၊ ဓလေ့ထုံး တမ်းဥပဒေ သတ်မှတ်ထားတဲ့အ တိုင်းဖြစ်ရမယ်ဆိုရင်လည်း ဒီဥစ္စာ ကို ဒီအတိုင်းထားလိုက်လေ။ ဓလေ့ ထုံးတမ်းအစဉ်အလာအရ ရှိတယ် ဆို ဒီအတိုင်းထားလည်း ရတာပဲ။ ဒီ ဟာကို ပြင်လိုက်တဲ့အခါ ဘာပဲဖြစ် ဖြစ် မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အ လာအရတော့ ၁၈ နှစ်အောက်ဆို တာ တော်တော်ငယ်ပါသေးတယ်။ အဲဒါကို လူတွေက ဝေဖန်နေကြတာ ဖြစ်တယ်။ အထူးသဖြင့်တော့ အန် တီတို့ အမြဲတမ်းထောက်ပြနေပါ တယ်။ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ တွေက ၁၁ နှစ်၊ ၁၂ နှစ်ဆို အိမ် ထောင်ပြုနေပြီ။ ဆိုတော့ နိုင်ငံသား မဟုတ်တဲ့ လူတွေ မြန်မာနိုင်ငံအ တွင်းမှာ နေထိုင်တယ်ဆို ဒါက သက် ဆိုင်တယ်။ အဲဒါကြောင့် အန်တီတို့ က ကလေးငယ်တွေ အိမ်ထောင်ပြု တာတွေကို ကျယ်ကျယ်လောင်လောင်နဲ့ ကန့်ကွက်နေကြတယ်။ ဒီဥပဒေအတည်ဖြစ်သွားရင်တော့ တရားဥပဒေအရ လွတ်လွတ်လပ် လပ် အိမ်ထောင်ပြုခွင့်ရသွားပြီ ဆိုတဲ့ အဓိပ္ပာယ်ပေါက်သွားတယ်။ အဲဒါ ကြောင့် အန်တီတို့ကတော့ ဒီဥပဒေ ကို ဒီအတိုင်းဆက်လက်ထားစေချင် တယ်။ ၁၈ နှစ်အောက်ကို အိမ်ထောင် ပြုတာတို့ ဘာတို့ကိုတော့ မသတ် မှတ်စေချင်ပါဘူး” လို့ ဒေါ်ခင်စောဝေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ထပ်ထိမ်းမြားခြင်းနဲ့ ပတ်သက်ပြီး ကိုးကွယ်ရာ ဘာသာအသီးသီးနဲ့ ရိုးရာဓလေ့ထုံးတမ်း ဥပဒေတွေအရ ထိမ်းမြားလက်ထပ်နိုင်တဲ့ အသက်အရွယ် သတ်မှတ်ချက်တွေ ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ခ်က ရှင်းပြပါတယ်။

“သက်ဆိုင်ရာဓလေ့ထုံး တမ်း ဥပဒေမှာ အသက် ၁၈ နှစ်မပြည့်ရင် မိဘက သဘောတူရမယ်။ အသက် ၂၁ နှစ် မပြည့်ရင် မိဘက သဘောတူ ရမယ်ဆိုတာပါပြီးဖြစ်တဲ့အပြင် ရာ ဇသတ်ကြီးဥပဒေမှာလည်း အသက် ၁၅ နှစ်အောက်ဆိုရင် မုဒိမ်းမှု မြောက်နိုင်တဲ့ အနေအထားတွေကို ပြဋ္ဌာန်းထားတဲ့အတွက် အလိုအလျောက် ၁၅ နှစ်အောက်ဆို မရဘူး ဆိုတာကို ကန့်သတ်ပြီးသားလို့ ဥပဒေတွေကို ဆက်စပ်လိုက်တဲ့အခါမှာ သုံးသပ်တွေ့ရှိရတယ်” လို့ ဦးငိုင်ဆာ့ခ်က ဆိုပါတယ်။

မြန်မ့ာဓလေ့ထုံးတမ်း ဥပဒေအရ ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦးဟာ အသက် ၂၀ မပြည့်ရင် (တစ်ခုလပ် သို့မဟုတ် မုဆိုးမ မဟုတ်ရင်) မိဘအုပ်ထိန်းသူရဲ့ သဘောတူညီချက်နဲ့ လက်ထပ်ထိမ်းမြား နိုင်ပါတယ်။ ဒါကြောင့် မိဘအုပ်ထိန်းသူက သဘောတူရင် မိန်းမ၊ ယောကျ်ား အသက်ကန့်သတ်ချက် မရှိဘဲ ထိမ်းမြားနိုင်ပါတယ်။

အစ္စလမ်ဘာသာမှာတော့ အစ္စလမ်တရားဥပဒေအရ အရွယ်ရောက်ရင် လက်ထပ်ထိမ်းမြားနိုင်ပါတယ်။ အရွယ်ရောက်မှုနဲ့ ပတ်သက်လို့ အငြင်းပွားလာရင်တော့ အသက် ၁၅ နှစ်ကို အရွယ်ရောက်သူအဖြစ် သတ်မှတ်ထားပါတယ်။

၂၀၁၇ က ပြည်ထောင်စုလွှတ်တော်မှာ ပြင်ဆင်ပြဌာန်းခဲ့တဲ့ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေမှာလည်း မိန်းမက အသက် ၁၅ နှစ်ပြည့်ရင် လက်ထပ်နိုင်ပြီး ယောကျ်ားက အသက် ၁၆ နှစ်ပြည့်မှ ထိမ်းမြားလက်ထပ် နိုင်မယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အသက် ၂၁ နှစ် မပြည့်သေးတဲ့ မိန်းမဆိုရင်တော့ မိဘသဘောတူဖို့ လိုပါတယ်။

တိုင်းရင်းသား ဓလေ့ထုံးတမ်းအရ ထိမ်းမြားခြင်းမှာတော့ ချင်းလူမျိုးအချင်းချင်း၊ ကချင်လူမျိုးအချင်းချင်း၊ လီဆူလူမျိုးအချင်းချင်း စတဲ့ တောင်တန်းဒေသတိုင်းရင်းသားတွေ ထိမ်းမြားလက်ထပ်တဲ့အခါမှာ သူတို့ ဓလေ့ထုံးတမ်း ဥပဒေတွေနဲ့ ထိမ်းမြားလက်ထပ်ခြင်း၊ လင်မယားကွာရှင်းခြင်း၊ အမွေဆက်ခံခြင်း ပြုလုပ်ရာမှာ ကျင့်သုံးခွင့် ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ခ်က ရှင်းပြပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရာဇသတ်ကြီးဥပဒေအရ မုဒိမ်းမှုဖြစ် သွားနိုင်တဲ့ ထိမ်းမြားလက်ထပ်ခြင်း တွေကလည်း ရှိနေပါတယ်။ ရာဇ သတ်ကြီး ပုဒ်မ ၃၇၅ အရ အသက် ၁၅ နှစ် မပြည့်သေးတဲ့ မိန်းမကို ထိမ်း မြားပြီး ကာမဆက်ဆံပါက မုဒိမ်းမှု မြောက်တဲ့အတွက် ပုဒ်မ ၃၇၆ အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျ ခံနိုင်ပါတယ်။ ကင်းလွတ်ခွင့်အဖြစ် ယောကျ်ားက အသက် ၁၅ နှစ်အောက် မဟုတ်တဲ့ မိမိရဲ့မယားကို ကာမ ဆက်ဆံရင်တော့ မုဒိမ်းမှုမဟုတ်ဘူးလို့ ပြဋ္ဌာန်းထားပါတယ်။ ဒါ ကြောင့် အသက် ၁၅ နှစ် မပြည့်သေးတဲ့ မိန်းကလေးကို ထိမ်းမြားလက်ထပ်ပြီး ကာမဆက်ဆံရင်တော့ မုဒိမ်းမှုမြောက်တယ် ဆိုတာကို သတိထားရမှာ ဖြစ်ပါတယ်။

“ဓလေ့ထုံးတမ်းဥပဒေဆိုတာ ကို အိမ်ထောင်ပြုနိုင်မယ့် ပဋိညာဉ် နဲ့ သွားတိုင်းတာလိုက်ရင် ၁၈ နှစ်ဆို တာကို သတ်မှတ်တာ ပြဿနာ မရှိ ပါဘူး။ ဒါပေမဲ့ ကျွန်တော်စိုးရိမ်တာက ဒီလိုသတ်မှတ်လိုက်ခြင်းအားဖြင့် သက်ဆိုင်ရာဓ လေ့ထုံးတမ်းဥပဒေ အသီးသီးမှာ သူ့ဟာနဲ့သူ အဆင်ပြေ နေတဲ့ မိဘသဘောတူညီချက်နဲ့ ထိမ်း မြားလို့ရတဲ့ကိစ္စ ပျက်ယွင်းစေပြီး တော့ ဓလေ့ထုံးတမ်းရဲ့ အခြေခံကျော ရိုးတွေကိုလည်း မှေးမှိန်စေမလား ဆိုတာကိုလည်း တော်တော်စိတ်ပူ တယ်။ ဒါကြောင့် မလိုအပ်ဘဲနဲ့ ဒါ မျိုးတွေကို မကန့်သတ်သင့်ဘူးလို့ နံပါတ် (၁) အချက်အနေနဲ့ ယူဆတယ်။ နံပါတ် (၂) ရာဇသတ်ပြစ်မှု ၃၇၅ မှာ အသက် ၁၆ နှစ်အောက်ဆို ရင် မိန်းကလေးက ဘယ်လောက် သဘောတူတူ မုဒိမ်းမှုကျူးလွန်တာပဲ။ ဆိုတော့ အဲဒါမျိုးလည်းမဖြစ်ရ အောင် အသက်က ကန့်သတ်ထားပြီးသား။ အသက် ၁၅ နှစ်ကျော်တဲ့ မိမိမယားကို ဆက်ဆံတာက မုဒိမ်းမှု မဟုတ်ဘူးလို့ ပြောပြီးသား။ ဆိုတော့ ၁၅ နှစ်အောက်ဆိုရင် မယားလည်း ယူလို့မရဘူးဆိုတဲ့ သဘော သက်ရောက်တယ်။ ခရစ်ယာန်ထုံးတမ်း အစဉ်အလာ ဥပဒေအရ အရင်တုန်းက ၁၃ နှစ် လက်ထပ်လို့ရတယ် ဆိုပေမယ့် အဲဒီရာဇသတ်ကြီးဥပဒေ နဲ့ ညှိနှိုင်းပြီးတော့ ၁၅ နှစ်ဆိုပြီး ပြင် ပေးထားတယ်။ အစ္စလမ်မှာလည်း ၁၅ နှစ်ပဲ။ ကိစ္စတိုင်းကို ပဋိညာဉ်ပြုနိုင်တဲ့ အနေအထားလိုမျိုး သွားလုပ် လိုက်ရင် အိမ်ထောင်ရေးဆိုတာက စျေးရောင်းစျေးဝယ်လို စာချုပ်နဲ့ ဆုံးဖြတ်ရတဲ့ ကိစ္စလည်း မဟုတ်ဘူး။ အဲဒါကိုလည်း သုံးသပ်ရမယ်။ တကယ်တော့ သက်ဆိုင်ရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အသီးသီးမှာ မြန်မာ့ဓလေ့ ထုံးတမ်းမှာလည်း ရှိပြီးသား။ ခရစ်ယာန် ဥပဒေမှာလည်း ရှိပြီးသား။ အစ္စလမ်ဥပဒေမှာလည်း အသက် ၁၅ နှစ် မိန်းကလေး လက် ထပ်လို့ရတယ်ဆိုတာ ပြောပြီးသား။ ဒီလို သူ့ဟာနဲ့သူ အဆင်ပြေနေတဲ့ ကိစ္စကို ကလေးသူငယ် ဥပဒေမှာ အသက် ၁၈ နှစ် ပြည့်ရမယ်လို့ သွားပြီးသတ်မှတ်ပေးခြင်းအားဖြင့် မလိုလားအပ်ဘဲနဲ့ ကန့်သတ်ချက်တစ်ခု ဖြစ်လာနိုင်တယ်။ ရှိပြီးသား သက်ဆိုင်ရာ ဓလေ့ထုံးတမ်းတွေရဲ့ အခြေခံကျောရိုး တည်ရှိနေမှုကိုလည်း ယိုယွင်းနိုင်တယ်လို့ စိုးရိမ်တယ်” လို့  တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ခ်က ဆိုပါတယ်။

ဒါပေမဲ့ ပြည်သူ့လွှတ်တော် အတည်ပြုလိုက်တဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ကြမ်း အပိုဒ် ၂၃ ပါ ထိမ်းမြားလက်ထပ်ဖို့ ပဋိညာဉ်ပြုနိုင်တဲ့ အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမယ့် အချက်ကို ပယ်ဖျက်လိုက်တာဟာ မုဒိမ်းမှုတွေကို ကာကွယ်ပေးသလို ဖြစ်သွားတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ထောက်ပြပါတယ်။

“မဖျက်သင့်ဘူး ဆိုတာက အဲဒီလို ဖျက်လိုက်လို့ရှိရင် မုဒိမ်းမှုတွေ ဘာတွေ ဖြစ်လာမယ်ဆိုရင် ဟိုတုန်းကတော့ ၁၈ နှစ်ကျော်မှ လက်ထပ်ရတယ်။ မုဒိမ်းမှုမှာ ၁၈ နှစ်အောက် ဆိုလို့ရှိရင် မိဘသဘောမတူလို့ရှိရင် ပြစ်မှုမြောက်တယ်။ အဲဒီပြစ်မှု မြောက်တာကို မုဒိမ်းမှုဖြစ်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် စေ့စပ် ပြီး ကျေအေးလို့ရှိရင် မုဒိမ်းမှု မမြောက်တော့ဘူးဆိုပြီး ဖြစ်သွားတာပေါ့။ မုဒိမ်းမှုတွေကို ကာကွယ်ပေးသလို ဖြစ်သွားတယ်” လို့ ဦးကြီးမြင့်က ဆိုပါတယ်။

ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း အပိုဒ် ၂၃ ပါ ထိမ်းမြားလက်ထပ်ဖို့ ပဋိညာဉ်ပြုနိုင်တဲ့ အသက် ၁၈ နှစ်ပြည့် ပြီးဖြစ်ရမယ့် အချက်ကို ပယ်ဖျက်လိုက်တဲ့ အပေါ်မှာ ဝေဖန်ထောက်ပြမှုတွေ ရှိတဲ့အတွက် ပြန်စဉ်းစားဖို့ လိုတယ်လို့ ရသေ့တောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

“ဥပဒေကြမ်းကော်မတီ ဘက်ကလည်း မှန်နေတယ် ဆိုရင်တော့ ပြည်သူကို အသိပညာတွေ ပေးလို့ရတယ်။ ကော်မတီဘက်က ပြောတော့လည်း ဓလေ့ထုံးတမ်း အစဉ်အလာအရကိုပဲ ပြောတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒီဘက်က CSO တွေရော ဘာတွေရော အကုန်လုံးကလည်း ကလေးသူငယ်တွေကို အခွင့်အရေးတွေက ဆုံးရှုံးစေတယ်။ နောက်ပြီး အသက် ၁၈ နှစ်အောက်က မြန်မာအမျိုးသမီးပဲဖြစ်ဖြစ် တခြားဘာသာကို ကိုးကွယ်တဲ့ ကလေးငယ်တွေပဲဖြစ်ဖြစ် ဒီဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းအားဖြင့် လူမှုရေးကဏ္ဍရော၊ ကျန်းမာရေး ကဏ္ဍအရရော၊ ပညာရေး ကဏ္ဍအရရော အမျိုးသမီးငယ်လေးတွေကို နစ်နာစေတယ်ဆိုပြီး ဝေဖန်ထောက်ပြ နေတာတွေ ရှိကြတယ်။ အဲဒီအတွက်ကြောင့် ဒါကိုတော့ တော်တော်စဉ်းစားဖို့ လိုပါတယ်” လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့တာပါ။ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ပြင်ဆင်ချက် ၁၂၉ ချက်ပါဝင်တဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကို အမျိုးသားလွှတ်တော်ကို ထပ်မံပေးပို့ပြီး အတည်ပြုရမှာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်း အမျိုးသားလွှတ်တော်ကို ရောက်လာပါက ဥပဒေရဲ့ အကာအကွယ်ကို နိုင်ငံသားအားလုံး ရစေချင်တဲ့အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားမယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က ဆိုပါတယ်။

“ကျွန်မနာဂသွားတုန်းကဆို နာဂအမျိုးသမီးလေးတွေက သူတို့ဓလေ့ထုံးတမ်းအရ တချို့ဆို မမွေးခင်ကတည်းက မိဘတွေက သဘောတူပြီးသားရှိတယ်။ အဲဒီလိုဆိုတော့ သူတို့မှာ ချည်ပြီးတုပ်ပြီးသား။ ချစ်ကြိုက်တဲ့ သူကိုလည်း မယူရဘူး။ သူတို့ရဲ့ လွတ်လပ်ခွင့်၊ နောက်ပြီးတော့ ပညာ သင်ချင်ရင် ပြည်မကလိုပဲ သင်တန်း တွေတက် အဲဒီလို တိုးတက်စေချင်တယ်။ ခေတ်ကလည်း ပြောင်းလဲလာ ပြီ။ ဒါကြောင့် ခေတ်နဲ့အညီ ဓလေ့ ထုံးတမ်းတွေကို ပြင်ကို ပြင်ဆင်ရမှာ။ ဥပဒေဆိုတာ ထိခိုက်နစ်နာနေ တဲ့သူတွေကို ပိုပြီးတော့တောင် ကာ ကွယ် ပေးရမယ်။ ဓလေ့ထုံးတမ်းတွေ အဲဒါတွေက ပြောရလို့ရှိရင် ကြာပြီ။ ခေတ်နဲ့လည်း မညီတော့ဘူး။ အရင် ခေတ်တုန်းက ၁၄ နှစ်၊ ၁၅ နှစ်နဲ့ အခု အချိန်နဲ့ အကုန်လုံးကွာသွားပြီ။ စီးပွားရေး၊ လူမှုရေး အကုန်လုံး ကွာသွားပြီ။ ဥပဒေနဲ့ ကာကွယ်ပေး လိုက်ရင် အရွယ်မရောက်သေးဘဲနဲ့ အိမ်ထောင်ပြုမှုတွေ မလျော့သွား ဘူးလား။ ကျွန်မတို့က အဲဒါကို ပြော စေချင်တာ” လို့ ဒေါ်ရွှေရွှေစိန်လတ်က ပြောပါတယ်။

အမျိုးသား လွှတ်တော်က ပြည်သူ့လွှတ်တော်မှာ ပယ်ဖျက်လိုက်တဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းအပိုဒ် ၂၃ ပါ ထိမ်းမြားလက်ထပ်ဖို့ ပဋိညာဉ်ပြုနိုင်တဲ့ အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမယ့် အချက်ကို ပြန်ပြီးအတည်ပြု ခဲ့ရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ အဆုံးအဖြတ်ရယူရမှာ ဖြစ်ပါတယ်။

“ပြုလိုက်တဲ့ ဥပဒေက မှန်ကန်တယ် ဆိုရင်လည်း လူထုကို အသိပေးရမယ်။ နားလည်အောင် ရှင်းပြပေးရမယ်။ ပြုလိုက်တဲ့ ဥပဒေက ပြည်သူအတွက် အကျိုးပြုတယ် ဆိုရင်တော့ ဘယ်သူမှ ကန့်ကွက်ကြမှာ မဟုတ်ဘူး။ အခုက အကျိုးမပြု ကလေးသူငယ် အခွင့်အရေးကို ပိုမိုပြီးတော့ ထိခိုက်ဆုံးရှုံး လာနိုင်တယ်ထင်ပြီး အငြင်းပွား နေကြတာ။ အဲဒီအတွက်ကြောင့် ဥပဒေတစ်ခုကို လုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသား အကျိုးစီးပွားကို အကျိုးပြုတဲ့ဟာကိုတော့ ဖြစ်စေချင်တယ်” လို့ ရသေ့တောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သုံးသပ်ပါတယ်။