ငရုတ်ကောင်းကြိုက်သောကြောင်နှင့် ငရုတ်ကောင်း အကျွေးကောင်းကြသူများ

ငရုတ်ကောင်းကြိုက်သောကြောင်နှင့် ငရုတ်ကောင်း အကျွေးကောင်းကြသူများ
ဒေသခံတောင်သူငါးဦးအား ပုသိမ်ကြီးမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်လချမှတ်ခဲ့ပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေသည်ကို နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ်
ဒေသခံတောင်သူငါးဦးအား ပုသိမ်ကြီးမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်လချမှတ်ခဲ့ပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေသည်ကို နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ်
Published 2 December 2018
မင်းမင်းစိုး

ကြောင်တစ်ကောင်ကို ငရုတ်ကောင်းကျွေးမည်ဆိုလျှင် ဘယ်လိုကျွေးကြမလဲ။ ကြောင်၏ တာဝန်သည် ကြွက်ခုတ်ရန်ဖြစ်ပြီး ကြောင်စားသော အစားအသောက်မှာ အညှီ၊ အစပ်ပါသော အသား၊ ငါးများဖြစ်သည်။ တော်တန်ရုံဖြင့်တော့ ကြောင်ကို ဘယ်လိုမှ ကျွေးမရနိုင်ပါ။ ကြောင်တစ်ကောင်ကို အခန်းထဲတွင် အလုံပိတ်ထားပြီး စားစရာဟူ၍ ငရုတ်ကောင်းတစ်ခုတည်းသာ ချထားပေးလျှင်လည်း အဆိုပါကြောင်သည် ငရုတ်ကောင်းကို တို့ထိမည်မဟုတ်ဘဲ အသက်သာ အသေခံသွားမည်ဖြစ်သည်။ သို့သော်လည်း ယင်းကြောင်ကို ငရုတ်ကောင်းအား သူ့သဘောဖြင့် သူစားချင်စိတ်ပေါ်လာအောင်လုပ်၍ ရပါသည်ဆိုလျှင် လူအများစုက မဖြစ်နိုင်ဟုပြောကြပါလိမ့်မည်။သို့သော်လည်း တကယ်ဖြစ်လာနိုင်ပါသည်။

ယခု ပြန်ကြားရေးဝန်ကြီးဖြစ်နေပြီဖြစ်သော စာရေးဆရာဦးဖေမြင့် ရေးသားခဲ့သည့် စဉ်းစားခြင်းဆိုသည့် စာအုပ်တွင် ကြောင်ကို ငရုတ်ကောင်းကျွေးနည်းအကြောင်း အသေးစိတ်ဖော်ပြထားသည်။ တရုတ်ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းကသူ့ပါတီဝင်များအား ကြောင်ကို ငရုတ်ကောင်းဘယ်လိုကျွေး မလဲဟုမေးသည်။ ကွန်မြူနစ်ထုံးစံကြောင်ကို အတင်းအကျပ်စားခိုင်းမည်။ ခြေလက်များကို ချုပ်ထားပြီး ပါးစပ်ထဲ ငရုတ်ကောင်းခွံ့ကျွေးမည်ဟု တရုတ်သမ္မတ လျူရှောက်ချီ၊ ဝန်ကြီးချုပ် ချုအင်လိုင်းတို့က ဖြေကြသည်။ မော်စီတုန်းကခေါင်းခါသည်။ ကြောင် ဝမ်း ဗိုက်၊ နံဘေးများတွင် ငရုတ်ကောင်းဖြင့် နာနာပွတ်ပေးမည်။ ငရုတ်ကောင်းကြောင့် နေမရ ထိုင်မရဖြစ်လာသော ကြောင်သည် သက်သာအောင် လျှာဖြင့် လျက်လိမ့်မည်။ ယင်းသို့ လျှာဖြင့် ယက်နေသည်ကို မတားဆီးပါနှင့်၊ သူ့ဘာသူလွတ်လပ်စွာလျက်ပါစေ၊ ယင်းနည်းဖြင့် ကြောင်သည် ငရုတ်ကောင်းကိုလိုလို ချင်ချင် လျက်နေပါလိမ့်မည်ဟု ဖြေခဲ့ခြင်း ဖြစ်သည်။ အရေးကြီးသည်မှာ ကြောင်၏ အလုပ်ကြွက်ခုတ်ခြင်းဆိုသော အလုပ်မ လုပ်စေရန်၊ ကြောင်နံဘေးတွင် ငရုတ်ကောင်း များများပွတ်ပေးရန်သာလိုသည် မဟုတ်ပါလော။

ဘိလပ်မြေစက်ရုံဆောက်သည့် ကိစ္စ နှင့် ဆက်စပ်၍ ယခုပြဿနာအကြီးအကျယ် တက်နေသော မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အောင်သပြေရွာကလေးသို့ ယခု နှစ်သုံးလပိုင်းကတည်းက နှစ်ကြိမ်သွား သတင်းယူခဲ့ဖူးပါသည်။ ထိုစဉ်က ယခုလို ဆန္ဒပြခြင်း၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်းမရှိသေးဘဲ ဘိလပ်မြေစက်ရုံဆောက်မည်ကို သဘောမတူသည့် ရွာသူ ရွာသား ငါးဆယ်ခန့်က ဘိလပ်မြေစက်ရုံဆောက်မည့် နေရာ၏ ဝင်ပေါက်ကိုပိတ်ဆို့ကာ ကားများ ဝင်ထွက်မသွားလာနိုင်စေရန် လမ်းပိတ်ဆို့ ဆန္ဒပြနေခြင်းဖြစ်သည်။ စက်ရုံဘက်ကလည်း ဘာမှမတုံ့ပြန်သေးဘဲ အခြေအနေစောင့်ကြည့်နေသကဲ့သို့ ရွာသားများကလည်း ဇရပ်ပေါ်တွင် အေးအေးဆေးဆေးထိုင်ကာ ပိတ်ဆို့ဆန္ဒပြနေရုံမျှသာ ဖြစ်သည်။ ထိုစဉ်က ရွာသားများ တောင်းဆိုသည်မှာ ယခုဘိလပ်မြေစက်ရုံသည် ကျောက််မီးသွေးလောင်စာသုံး စက်ရုံဖြစ်သည်။ ထို့ကြောင့် ရုပ်သိမ်းပေးပါ။ စက်ရုံက ယခုလက်ရှိ သုံးနေသောလမ်းမကြီးသည် နိုင်ငံတော်ကကျေးလက်ဖွံ့ဖြိုးရေးအတွက် ဖောက်ထားပေးသောလမ်းသာဖြစ်ပြီး ယင်းကို အခွင့်ကောင်းယူကာ လမ်းတိုးချဲ့သည်ဟု အကြောင်းပြပြီး လမ်းနံဘေးရှိ မြေများကို သိမ်းဆည်းပြီး လမ်းချဲ့သည်။ သစ်ပင်များကို ခုတ်ပစ်သည်။ ကျေးရွာအနေဖြင့် လမ်းမအကျယ်ကြီး အသုံးပြုစရာ မရှိသည့်အတွက် ယင်းသို့ နှစ်ပေါက်တစ် ပေါက်ရိုက်သည်ကို လက်မခံနိုင်၊ လမ်းတိုးချဲ့ ဖောက်သည့် အထဲတွင် ပါသွားသောလယ် မြေများအတွက် ကျသင့်တန်ဖိုးပေးရမည် ဟုတောင်းဆိုကြသည်။ တချို့ရွာသားများ ကတော့ စက်ရုံသည် ဆောက်လက်စဖြစ်နေသည့်အတွက် အပြီးအပိုင်ရုပ်သိမ်းပါဟု တောင်းဆိုမည့်အစား ယခုစက်ရုံသည် ပတ်ဝန်းကျင်အတွက် လုံးဝဘေးဥပဒ်အန္တရာယ်မရှိကြောင်း အစိုးရအဖွဲ့လူကြီးများ လာရောက်အာမခံပေးစေချင်သည်။ အကယ်၍ ပတ်ဝန်းကျင်အတွက် အန္တရာယ်တစ်စုံတစ်ခုဖြစ်ပေါ်ခဲ့လျှင် ပိတ်သိမ်းစေရမည်ဟု အာမခံ၊ ကတိကဝတ်ပေးစေချင်သည်။ ထိုစက် ရုံစတင်အုတ်မြစ်ချစဉ်ကလည်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် အခြားသောတာဝန်ရှိလူကြီးများ လာရောက်အားပေးခဲ့ကြသည်။ ယခု ယင်းစက်ရုံကို မိမိတို့ဒေသခံများ ကန့်ကွက်နေကြသည်။ မိမိတို့ကိုလည်း အစိုးရအဖွဲ့ လူကြီးများကိုယ်တိုင် လာရောက်ရှင်းပြပေးရမည်ဟု တောင်းဆိုနေကြခြင်း ဖြစ်သည်။ ၎င်းတို့၏ တောင်းဆိုချက်သည် ထွေထွေထူးထူးမရှိလှသေးပါ။ ဘိလပ်မြေစက်ရုံနှင့် ကပ်လျက် နေထိုင်ရသည့် ရွာသားများ စိုးရိမ်ပူပန်စိတ်ဖြစ်ပေါ်သည်မှာ ာသဘာဝကျပါသည်။ အထူးသဖြင့် ကျောက်မီးသွေးလောင်စာသုံးဘိလပ်မြေ စက်ရုံဖြစ်၍ ပို၍ စိုးရိမ်ပူပန်ကြမည် ဖြစ်ပါသည်။

သို့သော်လည်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သည် ရွာသားများက လျစ်လျူရှုထားခဲ့ကြပါသည်။ မန္တလေးမြို့နှင့် မိုင် ၂၀ ကျော်မျှသာ ကွာဝေးသော၊ ကားဖြင့်သွားလျှင် တစ်နာရီမကြာသော အောင်သပြေ ကျေးရွာသို့ ကိုယ်တိုင်သွားရောက်ကွင်းဆင်းရန်၊ ယခုစီမံကိန်းကို ကန့်ကွက်နေသောဒေသခံများနှင့် တရင်းတနှီးတွေ့ဆုံရန်၊ သူတို့၏ စိုးရိမ်သောကများကို နားထောင်ပေးရန် ပျက်ကွက်ခဲ့ပါသည်။ အောက်ခြေဌာနဆိုင်ရာ ဝန်ထမ်းများတင်ပြသော အစီရင်ခံစာကိုသာ ဖတ်ရှုခဲ့ပုံရသည့် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ နှစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ အောင်သပြေဘိလပ်မြေစီမံကိန်းနှင့် စပ်လျဉ်း၍ သတင်းထောက်တစ်ဦးက မေးခွန်းမေးသောအခါ အဆိုပါ စီမံကိန်းကို ကန့်ကွက်သူမှာ လူနည်းစုသာဖြစ်ကြောင်း၊ ဒေသခံအများအပြားက ထောက်ခံကြကြောင်း ဖြေကြားခဲ့ပါသည်။

ထိုမှတစ်ဆင့် ကန့်ကွက်နေကြသူများက မိမိတို့သည် သာမန်ဒေသခံများသာဖြစ်ပြီး ဝန်ကြီးချုပ်ပြောသကဲ့သို့ တမင်သက်သက် လိုက်ကန့်ကွက်နေကြသူများ မဟုတ်ကြောင်း၊ လူနည်းစုမဟုတ်ကြောင်း အင်အားပြဆန္ဒဖော် ထုတ်ရာမှတစ်ဆင့် လမ်းပိတ်ဆို့မှုဖြင့် တရားစွဲခံရ၊ ထောင်ချခံရသည့်အဆင့် ဖြစ်ကုန်ကြပါတော့သည်။ ယင်းကဲ့သို့ အကျယ်အကျယ် မဖြစ်ပွားခင်အချိန်စပ်ကြားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အဆိုပါပြဿနာကိုပြေလည်အောင် ဖြေရှင်းရန် အချိန်ကောင်းကောင်းရခဲ့ပြီဖြစ်သည်။ သို့သော်လည်း အခမ်းအနားမျိုးစုံတက်ရ၊ ကျေးရွာမီးလင်းရေးဖွင့်ပွဲတက်ရ၊ ဘောလုံးပွဲဖွင့်ပွဲတက်ရ စသည့် နိစ္စဓူဝလုပ်ငန်းမျိုးစုံနှင့် မအားမလပ်ဖြစ်နေသည့်အခါ ဤဘက်သို့ လှည့်မကြည့်နိုင်ဖြစ်သွားပုံပေါ်ပါသည်။

မန္တလေးတိုင်းတွင် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် လယ်သမားများစုဝေးကာ ဆန္ဒပြကြသည်။ ဘာမှ မထူးခြားသဖြင့် ၂၀၁၇ နှစ်လယ်ပိုင်းတွင် မန္တလေးမြို့ပေါ်အထိ တက်လာကာ တိုင်းဒေသကြီးအစိုးရရုံးနှင့် လေးပြလောက်ဝေးသည့် ၆၂ လမ်းပေါ်တွင် သပိတ်စခန်းဖွင့်ကြသည်။ အစိုးရက ပိတ်ခိုင်းသည်။ လယ်သမားများကလည်း မပိတ်၊ နောက်ဆုံးတွင် မနက် နှစ်နာရီထိုးအချိန် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးကာ သပိတ်စခန်းကို ဖြိုခွင်းလိုက်ပြီး ပါဝင်သူများ၊ သပိတ်ခေါင်းဆောင်များအား ရဲစခန်းသို့ ခေါ်ဆောင်သွားသဖြင့်မိမိတို့ သတင်းထောက်အဖွဲ့လည်း စခန်းသို့ လိုက်ရသည်။ ရာဇဝတ်မှုများကို ကျုးလွန်သူများ မဟုတ်သကဲ့သို့ ထွက်ပြေးမည့်သူများလည်း မဟုတ်သဖြင့် သပိတ်စခန်းဦးဆောင်သူများမှာ စခန်းအတွင်းပေါ့ပေါ့ပါးပါးပင် စကားစမြည် ပြောဆိုနေကြပါသည်။

မိမိတို့လည်း စခန်းမှူးကို ခွင့်တောင်းကာ သပိတ်စခန်းဦးဆောင်သူများနှင့် အင်တာဗျူးပြီးနောက် ချက်ချင်းမပြန်သေးဘဲ ဆေးလိပ်သောက်နေကြသည်။ စခန်းမှူးကလည်း သတင်းထောက်များမေးသည်ကို ကြည့်ရင်းသူပါ မေးချင်လာသောကြောင့် ထင်ပါသည်။ ခင်ဗျားတို့နှယ်ဗျာ။ ကိုယ်တင်ထားတဲ့ အစိုးရ တက်လာတာပဲ။ အေးအေးဆေးဆေးတင်ပြ တောင်းခံလို့ မရဘူးလားဟုမေးပါသည်။ ဦးဆောင်သူတစ်ဦးက အာ-ဆရာရေ။ ဒီလိုသပိတ်စခန်းဖွင့်မှ အဖမ်းခံရတော့မှပဲ လူကြီးတွေက လာတွေ့ကြမှာ။ ကျုပ်တို့လည်း တွေ့ဆုံခွင့်ရဖို့ အကြိမ်ကြိမ်စာတင်ပါရဲ့ဗျာ။ အဖက်ကိုအလုပ်မခံရလို့ ထောင်ကျလည်း ကျပါစေဆိုပြီး အခုလို လုပ်ရတာပါဗျာတဲ့။ ဖမ်းသည့်လူရော အဖမ်းခံရသည့် လူများရော အာဃာတအငြိုးအတေး မရှိကြပါ။ ရင်းရင်းနှီးနှီး စကားစမြည်ပြောဆိုနေကြခြင်း ဖြစ်ပါသည်။

အဆိုပါဖြစ်ရပ်နှစ်ခုမှာ ဥပမာမျှသာဖြစ်ပြီး ယင်းကဲ့သို့ ဖြစ်ရပ််မျိုး အများအပြားရှိပါသည်။

လူထုက တင်မြှောက်ထားသော အစိုးရ၊ အထူးသဖြင့် ဒေါက်တာဇော်မြင့်မောင်ကဲ့သို့ မန္တလေးလူထုနှင့် တစ်သားတည်းဖြစ်နေသော ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် ယင်းအချက်များကို ထည့်သွင်းစဉ်းစားရန် လိုပါသည်။

အဆင်မပြေမှုများကိုတောင်းဆို ဆန္ဒပြနေကြသည့် ပြည်သူများသည် ၎င်းတို့၏ အလိုဆန္ဒများအားလုံး တစ်ခုမကျန် မဖြစ်မနေ ဖြည့်ဆည်းပေးရမည်ဟု မည်သည့်အချိန်ကမှ တောင်းဆိုခြင်းမရှိခဲ့ကြပါ။ ၎င်းတို့တောင်းဆိုသည်မှာ ဝန်ကြီးချုပ်ကြီးနှင့် တွေ့ဆုံခွင့်၊ ၎င်းတို့၏ အပူများကို ရင်ဖွင့်ပြောပြခွင့်မျှသာဖြစ်ပြီး ဒေသခံအောက်ခြေပြည်သူများသည် အစိုးရဌာနဆိုင်ရာအရာရှိများကို ယုံကြည်မှု နည်းပါးကြပါသည်။ ငါတို့ကိစ္စတွေ အဆင်မပြေတာ ငါတို့တင်ပြတာတွေအကုန် ဝန်ကြီးချုပ်ကြီးဆီ၊ သမ္မတကြီးဆီမရောက်လို့နေမယ်၊ ကြားကလူတွေက ငါတို့တင်ပြတာတွေကို ဖျောက်ထားတယ်ဟူသော သံသယများ ဒုနှင့်ဒေးရှိနေကြပါသည်။ မန္တလေးတိုင်းဆိုလျှင် ၎င်းတို့ အကြွင်းမဲ့ယုံကြည်ကြသည်မှာ၊ အားကိုးကြသည်မှာ ဒေါက်တာဇော်မြင့်မောင်တစ်ယောက်သာ ဖြစ်ပါသည်။ နိုင်ငံရေးလုပ်သည့်အတွက် နှစ် ၂၀ ကျော်ထောင်ထဲတွင် နေထိုင်ခဲ့ရသည့် အမြဲပျော်ပျော်နေတတ်သည့်၊ လူထုကိုကူညီတတ်သည့် ဒေါက်တာဇော်မြင့်မောင်၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်တကာ လှည့်ပတ်ထောင်ဝင်စာလိုက်ပို့ရသည့် ဝန်ကြီးချုပ်ကတော် အန်တီဒေါ်ယုယုမေ၊ မျိုးစုံဖိနှိပ်ခံရ၊ ထောက်လှမ်းရေးအဖွဲ့အစည်းများက မျက်စိအောက်က အပျောက်မခံ လိုက်ကြည့်ခံရသည့်ကြားက သားသမီးများအား ပညာတတ်ကြီးများဖြစ်အောင် ပျိုးထောင်ပေးခဲ့သည့် ဇာတ်လမ်းများမှာ မန္တလေးဒေသခံများနှင့် ရင်းနှီးပြီးဖြစ်သည့် အားလျော်စွာ ဒေါက်တာဇော်မြင့်မောင်ကို ပြည်သူအားလုံးလိုလိုက အားကိုးချင်ကြပါသည်။ နှိုင်းယှဉ်ပြောရလျှင် ယခင်စစ်တိုင်းမှူး၊ နောက် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးရဲမြင့်ဆိုလျှင် ဒေသခံများက တစ်မျိုးမြင်ကြပါသည်။ မိမိသတင်းထောက်အတွေ့အကြုံများနှင့် ယှဉ်ထိုးပြောရလျှင် အောက်ခြေပြည်သူတော်တော်များများသည် ဦးရဲမြင့်ကို ကြောက်ကြပါသည်။ ဦးရဲမြင့် ကျေးရွာများသို့ ကွင်းဆင်းလျှင် ကဲကဲ ခင်ဗျားတို့ ပြောစရာရှိတာ ပြောကြဆိုလျှင် တော်တော်များများသည် မပြောရဲမဆိုရဲကြဘဲ အချင်းချင်းသာ ရှေ့ထွက်ပြောဖို့ တိုက်တွန်းနေကြပါသည်။ တစ်ခုခုများ အမှားပါသွားခဲ့ရင် ငါတို့အပေါ်များ ဦးရဲမြင့်က တစ်ခုခုလုပ်လိုက်လေမလားဟူသော စိုးရိမ်စိတ်မှာ ဒေသခံပြည်သူများသာမက အစိုးရ အဖွဲ့လူကြီးများနှင့် ထိတွေ့နေရသောသတင်းထောက်များ စိတ်ထဲတွင်ပါ ရှိကြပါသည်။ သို့သော်လည်း ဒေါက်တာဇော်မြင့်မောင်ကိုမူထိုကဲ့သို့ မြင်ကြသည်မဟုတ်ပါ။ ဝန်ကြီးချုပ်တစ်ယောက်ဆိုလျှင် လေးစားနေကျ၊ ကြောက်နေကျအခံရှိကြသော်လည်း ဒေါက်တာဇော်မြင့်မောင်ကိုမူဟာ ဒီလူကြီးလာပြီဟေ့ ငါတို့တော့ ပြောလိုက်မဟ၊ ရင်ဖွင့်လိုက်မဟဆိုသည့် မိမိဆွေမျိုးတစ်ယောက်ကို ပြန်တွေ့သလို မိမိဦးလေး၊ ဘကြီးတစ်ယောက်ကို ပြန်တွေ့သလိုဖြစ်သွားသည့် ခံစားချက်သည် ဒေသခံပြည်သူများတွင် အလုံးအရင်းနှင့် ရှိကြပါသည်။ မိမိတို့ သတင်းထောက််များဆိုလျှင် ယခင်ဦးရဲမြင့်တုန်းက ဝင်ရောက်အင်တာဗျူးရန် နည်းနည်းရှိန်ကြသော်လည်း ယခု ဒေါက်တာဇော်မြင့်မောင်ကိုမူ မည်သူမျှ စိုးရွံ့စိတ်၊ ရှိန်စိတ်မရှိဘဲ တရင်းတနှီးပုံစံ အင်တာဗျူးကြသည်ကိုလည်း တွေ့နိုင်ပါသည်။ ဒီနေ့တော့ ဒေါက်တာဇော်မြင့်မောင် မဖြေဘူးဟေ့ တန်းပြေးတာပဲ၊ ဒီနေ့တော့ ကားပေါ်ကို တန်းတက်သဟ၊ အံမယ် ဒီနေ့တော့ ရွေးကောက်ပွဲရှိလို့ထင်ပ ငါတို့ကို အချိန်ပေး ဖြေသဗျာဆိုသည့် မီဒီယာသမားအချင်းချင်း ပြောကြသည်မှာ ဒေါက်တာဇော်မြင့်မောင်ကို ကောင်းသည်ဆိုးသည်ပြောခြင်းထက် ရင်းနှီးစွာ သတ်မှတ်ပြောဆိုကြခြင်း ဖြစ်သည်။

သို့သော်လည်းနောက်ပိုင်းတွင် ဒေါက်တာဇော်မြင့်မောင်သည် မအားမလပ်ဖြစ်နေ ပုံရပါသည်။ ကျေးလက်မီးလင်းရေးဖွင့်ပွဲစသည့် အခမ်းအနားမျိုးစုံ၊ အစည်းအဝေးမျိုးစုံ တက်ရောက်နေသည်ကိုလည်း တွေ့ရပါသည်။ တစ်ခုမေတ္တာရပ်ခံချင်သည်မှာ ယင်းကဲ့သို့ အခမ်းအနားများသည် တစ်ခုတက်လျှင် နောက်တစ်ခုတက်ရသည့် အစဉ်အလာ ဖြစ်သွားတတ်ပါသည်။ ဟိုဘက်ရွာမီးလင်းရေး အခမ်းအနားတုန်းက ဒေါက်တာဇော်မြင့် မောင်ကိုယ်တိုင်လာပြီး ငါတို့ရွာမီးလင်းရေးကျမှ မလာဘူးလားဆိုသည့် ကြေးတိုက်ခြင်းများ ကြုံရမည်ဖြစ်သကဲ့သို့ ဌာနဆိုင်ရာ အခမ်းအနားများတွင်လည်း ထို့အတူဖြစ်ပါသည်။ မိမိအမြင်တွင် ဒေါက်တာဇော်မြင့်မောင်အနေဖြင့် မန္တလေးတိုင်းအတွင်း ပြုလုပ်စရာ ကိစ္စများစွာရှိပါသေးသည်။ နောက်ကြောင်း ပြန်လိုက်စရာများလည်း အများအပြားရှိပါသေးသည်။ မြေယာများကို စီမံကိန်းမဖြစ်သော်လည်း ပြန်မပေးဘဲ ဌာနဆိုင်ရာများက ယူထားသည့်ဖြစ်စဉ်များလည်း အများအပြား ကျန်ရှိနေပါသေးသည်။ ယင်းကဲ့သို့ ကိစ္စရပ်များကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်စေရန်အတွက် သာမန်နေ့စဉ်ကိစ္စရပ်များဖြင့်သာ အချိန်ကုန်အောင် လုပ်ပေးထားတာလားဟုပင် သံသယဝင်မိပါသည်။

ကြောင်ကို ငရုတ်ကောင်းပွတ်ပေးသည့် အယူအဆသည် တရုတ်ပြည်မှတစ်ဆင့် မြန်မာပြည်သို့ ကူးစက်လာလေမလားဟု တစ်ခုတော့ စိုးရိမ်မိပါသည်။ ကြောင်အလုပ်သည် ကြွက်ခုတ်ရန် ဖြစ်ပါသည်။ မန္တလေးတိုင်းတွင် ကြွက်သူခိုးများ၏ လုပ်ရပ်တွေအများအပြား ကျန်ရှိပါသေးသည်။ တချို့ ကြွက်ကြီးများဆို လျှင်ကြွက်ကတိုးအဆင့် ရောက်နေပြီဖြစ်ပါသည်။ ကျွန်တော်တို့အနေဖြင့် မိမိတို့ ရွေးချယ်ထားသောကြောင်ကြီးများ ကြွက်ခုတ်နေသည်ကိုသာ မြင်လိုပါသည်။ ကြောင်ကြီးများ နံဘေးတွင် မကြာခဏ လာလာပွတ်ပေးထားသော ငရုတ်ကောင်းကို ထိုင်လျက်ရင်း အချိန်ကုန်သွားမည်ကို မမြင်လိုပါကြောင်း