နှုတ်ဆိတ်နေကြသူများ

နှုတ်ဆိတ်နေကြသူများ
Published 30 November 2018

သက်ဦးဆံပိုင်အုပ်ချုပ်မှုတစ်ရပ်သည် ပြည်သူလူထု၏ လူ့အခွင့်အရေးများကို ငြင်းပယ်လျက် နိုင်ငံရေး၊ ငွေကြေးစနစ်၊ မီဒီယာနှင့် စစ်တပ်တို့အား ထိန်းချုပ်မှုမှတစ်ဆင့် နိုင်ငံသားများကို ချုပ်ချယ်ထားခြင်း၊ ပြင်းထန်ကာ တရားမျှတမှုမရှိသည့် အပြစ်ဒဏ်ပေးမှုနှင့် ဆိုးရွားသည့် လျှို့ဝှက်ပုလိပ်အဖွဲ့တစ်ရပ်သို့ မျက်နှာလို မျက်နှာရလုပ်သော သတင်းအချက်အလက်များ ပေးပို့သည့် ဖုံးကွယ်ထားသော ကွန်ရက်တစ်ခုထားရှိမှုတို့မှတစ်ဆင့် ပြည်သူလူထုကို အကြမ်းဖက်ခြင်းတို့အား ဖိနှိပ်ခြင်းဟု ခေါ်ဆိုနိုင်သည်။ 

“အခြားသူများ ဖိနှိပ်ခံနေရချိန်၌ နှုတ်ဆိတ်နေကြသူများသည် မိမိတို့ကိုယ်ကိုယ်မိမိတို့ ဖိနှိပ်ခြင်းဖြစ်သောကြောင့် အပြစ်ရှိ၏” ဟု အီမန်ဟူစိန်အီဘင်အလီက ဆိုသည်။ ဟူစိန်သည် ၇ ရာစုက တော်လှန်ရေးခေါင်းဆောင်ဖြစ်ပြီး  အဂတိလိုက်စားမှုများနှင့် နိုင်လိုမင်းထက်ပြုမူမှုများ ကြီးစိုးသောကာလ၌ လူမှုရေးတရားမျှတမှုအတွက် အဆုံးစွန်ဆုံးအထိ ရပ်တည်ခဲ့သူဖြစ်သည်။ သူသည် သူ၏လူ့အဖွဲ့အစည်း ဂုဏ်သိက္ခာအတွက် အသက်ကိုစွန့်လွှတ်ရခြင်းအပါအဝင် မည်သည့်အရာကိုမဆို ပေးဆပ်ခဲ့သူဖြစ်သည်။ သို့သော် သူ၏အဆိုအမိန့်ကို စိစစ်ကြည့်ရန် လိုလာသည်။ သူ၏ရပ်တည်ချက် သဘောထားကို နားလည်သော်လည်း နှုတ်ဆိတ်နေကြသူများအား အပြစ်ရှိသည်ဟု ဆိုခြင်းမှာမူ အခါခပ်သိမ်း မျှတမှုရှိမည်မဟုတ်ပါ။

ဖိနှိပ်သည့် အင်အားစုသည် အသက်အန္တရယ်ရှိစေခြင်း၊ ရုပ်ပိုင်းဆိုင်ရာအရ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သင့်တော်မှန်ကန်သည့် တရားစီရင်မှုမရှိဘဲ ထောင်တွင်းအကျဉ်းချထားခြင်းတို့အားဖြင့် ခြိမ်းခြောက်လာပါက ဖိနှိပ်မှု သို့မဟုတ် မတရားမှုများကို မြင်တွေ့ရသူတို့အနေဖြင့် ထုတ်ဖော်ပြောဆိုရန် ကြောက်ရွံ့ခြင်းမှာ အံ့သြစရာမဟုတ်ပါ။ တစ်စုံတစ်ဦးအနေဖြင့် မိမိတို့၏ အသက်သည်လည်းကောင်း၊ မိမိ မိသားစု သို့မဟုတ် မိတ်ဆွေ သူငယ်ချင်းတို့၏ အသက်သည်လည်းကောင်း ဖက်ဖြင့်ထုပ်ထားရသော အခြေအနေရပ်မျိုးတွင် အန္တရာယ်ကြီးပြီး ခြောက်ခြားဖွယ်အနေအထား၌ ရပ်တည်လိမ့်မည်ဟု မျှော်လင့်ထားခြင်းမှာ တရားမျှတမှု မရှိပါ။

သဘောတရားအရ အမှန်တရားအတွက် ရပ်တည်ပြောဆိုမည်ဟု ဆိုခြင်းမှာ လိုလားဖွယ်ရာပင်ဖြစ်သည်။ လက်တွေ့အနေအထား၌ မိမိ၏ဘဝသည် ခြိမ်းခြောက်ခံနေရပြီး အမှန်တရားကို ထုတ်ဖော်ပြောဆိုပါက အန္တရာယ်တွင်းထဲသို့ ကျဆင်းသွားနိုင်ပါက  အမှန်တရားဘက်မှ ရပ်တည်ပြောဆိုရန် မည်သူမျှ သေချာပေါက် အာမခံနိုင်လိမ့်မည် မဟုတ်ပါ။ သို့သော် ယင်းအနေအထားမျိုး၌ အမှန်တရားဘက်မှ ရပ်တည်ပြောဆိုရန်မှာ ကြီးစွာသော သတ္တိလိုအပ်၏။ အသတ်ခံရနိုင်ခြေ၊ ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ထောင်တွင်းအကျဉ်းချခံရနိုင်ခြေတို့အပြင် အန္တရာယ်အမျိုးမျိုး ကျရောက်နိုင်ခြေရှိသည့် ဖိနှိပ်ခံရသူတစ်ဦးအတွက် အမှန်တရားကို ထုတ်ဖော်ပြောဆိုမှု မပြုခြင်းသည် အပြစ်ရှိသည်ဟု မဆိုနိုင်ပေ။ အမှန်တရားအတွက် ပေးဆပ်ခဲ့သူများကို အားကျလေးစားသော်လည်း အများစုသည် မိမိ၏မိသားစု အန္တရာယ်ရှိနေလျှင်ပင်အမှန်တရားဘက်မှ ရပ်တည်ပြောဆိုရဲလိမ့်မည်မဟုတ်ပေ။ လူတိုင်း၌ ရွေးချယ်ခွင့်နှင့် ယင်းရွေးချယ်ခွင့်နှင့်ကပ်လျက်ပါလာသော တာဝန်ယူမှုရှိသည့်အတိုင်း မည်သည့်အရာ၌မဆို ဘေးကင်းလုံခြုံသော ရွေးချယ်မှုနှင့် မှန်ကန်သော ရွေးချယ်မှုဟူ၍ ရှိသည်သာဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ နိုင်လိုမင်းထက်ပြုမူသူတစ်ဦး၏ ရှေ့တည့်တည့်၌ အမှန်တရားကို ထုတ်ဖော်ပြောဆိုခြင်းသည် အကြီးမြတ်ဆုံး ရပ်တည်ချက်တစ်ရပ်ဟု ဆိုနိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)