၅၀၈ နှစ်ပြည့်ပြီ ကေတုမတီ (တောင်ငူ)

၅၀၈ နှစ်ပြည့်ပြီ ကေတုမတီ (တောင်ငူ)
 မြို့တည်သက် ၅၀၈ နှစ်မြောက်တွင် တောင်ငူခေတ်ဝတ်စားဆင်ယင်မှုများဖြင့် ဝင်းခင်းသဘင်ကျင်းပစဉ်
မြို့တည်သက် ၅၀၈ နှစ်မြောက်တွင် တောင်ငူခေတ်ဝတ်စားဆင်ယင်မှုများဖြင့် ဝင်းခင်းသဘင်ကျင်းပစဉ်
Published 25 November 2018
ဇော်ဝင်းချစ်(တောင်ငူ)

“ထောင့်တိုင်းစပ်ရှည်

 မြစ်ခပေါင်း၊ ပေါင်းလောင်း

လက်ယာကွေ့

နန်းမြေ့စံတည်

ပုပ်ပဲကဝိုက်လည်

မြောက်ဆီကဆွာဖုံး

ကြက်ညွှန်းနောင်ညီတို့

တရထည်မြရည်ဆို့

လွမ်းဖို့မဆုံး” 

ကေတုမတီ(တောင်ငူမြို့) ၏နောက်ဆုံး ဘုရင်တစ်ပါးဖြစ်တဲ့ နတ်သျှင်နောင်ရဲ့ တောင်ငူမြို့တည်နေရာနဲ့ သာယာလှပပုံကို ရေးဖွဲ့ထားတဲ့ လေးဆစ်ချိုးကဗျာလေးတစ်ပုဒ်က ယနေ့တိုင်ထင်ရှားနေဆဲပင် ဖြစ်သည်။

လက်ရှိကေတုမတီ(တောင်ငူ)မြို့သည် ပဲခူးတိုင်းအရှေ့ခြမ်းတွင်တည်ရှိပြီးရန်ကုန် မန္တလေးလမ်းမဟောင်း ကားလမ်းမကြီးနှင့် မီးရထားလမ်းပေါ်တွင် တည်ရှိသည်။

ရန်ကုန်မှလာလျှင်ကား လမ်းမဟောင်းမိုင်တိုင်အမှတ်၁၇၂ မိုင်၊ အမြန်လမ်းမကြီးမှလာလျှင် မိုင်တိုင်အမှတ် ၁၄၃ မိုင်သို့ ရောက်လျှင်ကေတုမတီ (တောင်ငူ)မြို့ကို ရောက်ရှိမည်ဖြစ်ပြီး မြို့ပတ်လယ်တွင် ပုတ်ပဲချောင်း၊ ဆွာချောင်း၊ ခပေါင်းချောင်းနှင့် စစ်တောင်း မြစ်တို့ဖြင့် ဝန်းရံလျက်ရှိသည်။

တောင်ငူမြို့အဝင် အောင်နန်းတံခါးမုခ်ဦးနေရာတွင် ကေတုမတီ (တောင်ငူ)မြို့ကို တည်ထောင်ခဲ့သည့် တောင်ငူဘုရင်(မင်းကြီး ညရုပ်တုကြီး တည်ဆောက်ထားပြီး တောင်ငူမြို့မြောက်ဘက်အထွက်တွင် တောင်ငူခေတ် ဒုတိယမြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့သည့် တောင်ငူဘုရင်ဘုရင့် နောင်ရုပ်တုကြီးကိုလည်း ထုလုပ်ထားသည်။

ကေတုမတီ(တောင်ငူ)မြို့သည်သမိုင်းတစ်ခေတ်တွင် ဘုန်းလက်ရုံး အာဏာကြီးမားသူတို့ အုပ်ချုပ်ခဲ့သလို စာပေအနုပညာ ပြောင်မြောက်ထူးခြားလှသည့် နတ်သျှင်နောင်ကဲ့သို့သော သမိုင်းဝင်စာပေ ပညာရှင်များအုပ်စိုးခဲ့ကြောင်း  စာပေသမိုင်းအထောက် အထားများကယနေ့တိုင်အခိုင်အမာ ရှိနေခဲ့သည်။

အင်းဝဘုရင်လက်အောက်ခံအဖြစ် တောင်ငူနယ်စားမင်းစည်သူအုပ်ချုပ်စဉ် ၎င်းအားသက္ကရာဇ် ၈၄၇ (အေဒီ ၁၄၈၆)ခုနှစ်တွင် တောင်ငူဘုရင်မင်းကြီးညိုက လုပ်ကြံကာတောင်ငူနယ်ကို အုပ်ချုပ်ခဲ့သည်။ ထို့နောက် အင်းဝဘုရင်ဒုတိယ မင်းခေါင်က အသက် ၂၆ နှစ်အရွယ် မင်းကြီးညိုကို သီရိဇေယျသူရဘွဲ့ အပ်နှင်းခဲ့သည်။      

မင်းကြီးညိုသည် ဆင်၊ မြင်း၊ စစ်သည် အလုံးအရင်းဖြင့် ခိုင်မာအောင်စုဆောင်း၍ ရေလွှဲငါးခရိုင်အခေါ် ရေနီချောင်းနှင့် ငါးလိုက်ချောင်း အတွင်းရှိနယ်မြေများကို သိမ်းပိုက်အောင်မြင်ခဲ့ရာ ဘုန်းတန်ခိုးအာဏာ ကြီးမားလာခဲ့သည်။ ထို့နောက် ပေါင်းလောင်း မြစ်ကမ်းထိပ်နှင့် ခပေါင်းချောင်းတို့ဆုံရာတွင် ဒွါရဝတီ မြို့သစ်တည်၍ တောင်ငူမှ ရွှေ့ပြောင်းစိုးစံခဲ့လေသည်။

ထိုသို့စိုးစံစဉ် မင်းကြီးညို၏ စစ်သည်အင်အားထက် အင်အားအဆမတန်များပြားလှသည့် တလိုင်းဘုရင်ဗညားရံ၏ တလိုင်းစစ်သည်များက တောင်ငူကိုတိုက်ခိုက် သိမ်းပိုက်ရန် ကုန်းကြောင်းရေကြောင်းတို့မှ အင်အားအလုံးအရင်းဖြင့် ချီတက်လာသည်ကို သိသောအခါ မိမိတည်ထားသည့် ဒွါရာဝတီမြို့အား တလိုင်းတပ်များက ကာလရှည်ကြာ ဝန်းရံပိတ်ဆို့တိုက်ခိုက်လျှင် တလိုင်းတို့က အင်အားသာလွန်သဖြင့် ၎င်းတို့ကိုဖြိုဖျက်ရန် ခက်ခဲမည်ဟု မင်းကြီးညိုကိုယ်တိုင် ဆင်ခြင်မိလေသည်။     

ထို့ကြောင့်တလိုင်း တပ်များဝန်းရံပိတ်ဆို့ ခြင်းမပြုစေဘဲ စစ်ချီစစ်တက်စစ်ပန်းနေစဉ် ၎င်းတို့ကိုအနားမပေးဘဲ အလျင်အမြန် ဆီးကြိုတိုက်ခိုက်မှသင့်မည်ဟု ယူဆ၍ သီရိဇေယျသူရဘွဲ့ခံ မင်းကြီးညိုကိုယ်တိုင် ‘ဝေဒနာဂ’ ဆင်အမည်ရှိ ဆင်တော်ကို ချွန်းဖွင့် စီးနင်းပြီး ဆင်ကူ ၃၀၊  စစ်သည်တစ်သောင်း တို့နှင့်အတူမြို့၏ တောင်ဘက်တံခါးမှထွက်၍ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ရာ ဗညားရံ၏ တလိုင်းတပ်ပြိုကွဲပျက်စီး ထွက်ပြေးခဲ့ရပေတော့သည်။

ထိုသို့တိုက်ခိုက် အောင်မြင်မှုကြောင့် အင်းဝဘုရင်က မင်းကြီးညို၏ သီရိဇေယျသူရ ဘွဲ့တွင် ‘မဟာ’ ထပ်တိုးချီးမြှင့်ကာ မဟာသီရိဇေယျသူရဘွဲ့ကို ပေးတော်မူသည်။ စစ်ရေးအမြင်ပြည့်ဝသည့်အပြင် ဘုန်း၊ လက်ရုံး၊ ဉာဏ်ပညာကြီးမားလှသည့် မင်းကြီးညိုသည် မိမိထံ ဝင်ရောက်ခိုလှုံလာသော ကုန်သည်၊ ကျေးကျွန်နှင့် ပြည်သူပြည်သားများကို ချီးမြှင့်မြှောက်စားခြင်း၊ ကုန်စည်ရောင်း ဝယ်ဖောက်ကားမှုအဆင်ပြေသာယာအောင် စီမံဆောင်ရွက်နိုင်ခြင်းတို့ကြောင့် မြို့အတွင်းသို့ ဝင်ရောက်ခိုလှုံသူများပြား၍ တဖြည်းဖြည်း အင်အားကြီးမားလာခဲ့သည်။

ထို့ပြင် အင်းဝဘုရင်လက်အောက်ခံ နယ်စားမင်းအဖြစ်မှ ခွဲထွက်၍ ထီးနန်းတည်၍ တောင်ငူဘုရင်အဖြစ် ရာဇဘိသိက်ခံယူခဲ့ပေသည်။ မဟာသီရိဇေယျသူရဘွဲ့ခံ မင်းကြီးညိုသည်မြို့သစ်တစ်ခုတည်ရန် ဆရာပညာရှိတို့ကို ပင့်ဖိတ်၍တိုင်ပင်ဆွေးနွေးရာ မှ ‘ပညာမုန်ယို၊ တောင်ညိုပဥ္စင်း’ ဟု အခေါ်ရှိသည့် ဆရာတော်က “ယခုအတိုင်းမြို့ သစ်နန်းသစ်တည်လျှင် ဗုဒ္ဓဟူးနံ ပိုင်ဆိုင်သည့် ဘုရင်မင်းမြတ်သုံးဆက်တိုင်တိုင်ထူးကဲ သောဘုန်းတန်ခိုးတော်ဖြင့် နိုင်ငံအလုံးစုံကို စိုးမိုးနိုင်ပါမည်” ဟု ထက်မြက်သော ဉာဏ်ဖြင့်ဆင်ခြင်တွက်ဆ၍ ရဲဝံ့စွာမိန့်တော်မူခဲ့ပြီးနောက် ကေတုမတီ(တောင်ငူ) မြို့ကို အုပ်ချုပ်ခဲ့သော မင်းကြီးညို၊ တပင်ရွှေထီးနှင့် ဟံသာဝတီဆင်ဖြူများ ရှင်ဘုရင့်နောင်တို့ လက်ထက်တွင် ကေတုမတီဘွဲ့အမည် တောင်ငူမြို့သည် တိုင်းခြားပြည်နယ်တွေအကြား ဘုန်းမီးနေလပမာ တောက်ပထင်ရှားစေခဲ့သည်။

မင်းကြီးညို၊ တပင်ရွှေထီး၊ ဘုရင့်နောင်တို့သည်လည်း အတိုင်းတိုင်းအပြည်ပြည်ကို သိမ်းပိုက်နိုင်ခဲ့သည့် သမိုင်းဝင်သူရဲကောင်း ဘုရင်များအဖြစ် ထင်ရှားခဲ့ပေသည်။

မင်းကြီးညိုသည် ကောဇာသက္ကရာဇ် ၈၇၂ တန်ဆောင်မုန်းလပြည့် အင်္ဂါနေ့ နံနက် ၂  ချက်တီး၌ ကြာအင်း (လေးကျွန်းကန်တော် ကြီး)အား မြို့အတွင်းသွင်းကာ တောင်မြောက်တာ ၇၀၀၊ အရှေ့အနောက်တာ ၁၀၀၀၊ မြို့ရိုး၊ ကျုံးမြောင်းတို့နှင့်တကွ ကေတုမတီ (တောင်ငူ)မြို့သစ်ကို စနစ်တကျတည်လေသည်။ ထို့ကြောင့် မဟာသီရိဇေယျတုဘွဲ့ခံ မင်းကြီးညိုတည်ထားခဲ့သည့် ကေတုမတီ (တောင်ငူ)မြို့သည်ယခုနှစ် ၁၃၈၀ ပြည့်နှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် နှစ်ပေါင်း ၅၀၈ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။

အမှန်စင်စစ်တောင်ငူသည် မင်းကြီးညိုမှ ကေတုမတီ(တောင်ငူ)မြို့မတည်ခင်အထိ မင်းဆက်ပေါင်း ၂၈ ဆက်အုပ်စိုးခဲ့ရာ ကောဇာသက္ကရာဇ် ၆၄၁ ခုနှစ် သဝန်ကြီး သဝန်ငယ်ညီနောင်စတင်တည်ထားသည့် အချိန်မှစတွက်လျှင် တောင်ငူဟူ၍ စတင်ပေါ်ပေါက်လာသည်မှာ သက်တမ်း ၇၀၀ ကျော်ပင်တိုင်ခဲ့ပြီ ဖြစ်ကြောင်း သမိုင်းစာပေ မှတ်တမ်းများအရ တွေ့ရှိရသည်။   ကေတုမတီ(တောင်ငူ)မြို့အကြောင်း ကိုပြောလျှင် ဒုတိယမြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့သည့် တောင်ငူဘုရင်ဘုရင့်နောင် အကြောင်းကိုလည်း ချန်ထားခဲ့၍ မရသလို ဘုရင့်နောင်၏ ရဲစွမ်းသတ္တိအပြည့်ဖြင့် ဖောင်ဖျက်ပြီးတိုက်ပွဲဝင်ခဲ့သော နောင်ရိုးတိုက်ပွဲနှင့် တောင်ငူသမိုင်းသည်လည်း ခွဲခြား၍ မရပါ။

ကေတုမတီ(တောင်ငူ)မြို့တည် ဘုရင်မင်းကြီးညိုနတ်ရွာစံပြီးနောက် သားတော်တပင်ရွှေထီး ထီးနန်းဆက်ခံသည်။ တပင်ရွှေထီးလက်ထက်တွင်လည်း တောင်ငူသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ သာယာကောင်းမွန်ခဲ့သည်။ တပင်ရွှေထီးဘုရင်၏ နို့စို့ဖက်တော် ရှှင်ရဲထွဋ်(ဘုရင့်နောင်) ဦးစီးကာ လက်သည်းကြားတွင် အပ်စိုက်ရွေးချယ်ထားသည့် မြင်းစီးစစ်သည်တော် ငါးရာဖြင့် ဟံသာဝတီတိုင်း (ယခု ပဲခူးရွှေမော်ဓော) ဘုရားရင်ပြင်တော်ပေါ်တွင် ရန်သူများနှင့် တိုက်ခိုက်နေစဉ် အချိန်မှာပင် တပင်ရွှေထီးနားထွင်း မင်္ဂလာကျင်းပခဲ့သည်မှာလည်း တောင်ငူခေတ်သမိုင်းတွင် အထင်အရှားဖြစ်ခဲ့သည်။

ဘုရင့်နောင်သည် ဘုရင် တပင်ရွှေထီး၏ အထိန်းတော်၊ နို့ထိန်းသည်မ၏ သားဖြစ်သော်လည်း လက်ရုံးရည် နှလုံးရည်ပြည့်ဝသူဖြစ်သဖြင့် တပင်ရွှေထီး နတ်ရွာစံပြီးချိန်တွင် တောင်ငူကိုအုပ်ချုပ်စိုးစံနိုင်ခဲ့သည်။

ဘုရင့်နောင်လက်ထက်တွင် ကေတုမတီ (တောင်ငူ) မြို့ကို အခြေပြုပြီး ဒုတိယမြန်မာနိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့သည်။ ယိုးဒယားနိုင်ငံကိုလည်း နှစ်ကြိမ်တိုင်တိုင် စစ်ချီသိမ်းပိုက်နိုင်ခဲ့ပြီး မြန်မာ့သမိုင်း တစ်လျှောက်မြန်မာနိုင်ငံကို အကျယ်ဆုံး ချဲ့ထွင်နိုင်သော ဘုရင်တစ်ပါးလည်း ဖြစ်ခဲ့သည်။

တောင်ငူဘုရင်ဘုရင့်နောင်၏ “စစ်တို့၏သဘောသည် အင်အားနည်းသည်များသည်ဟူ၍ ဆိုမရ လုပ်ရည်ကြံရည် အရဲအစွမ်းသာအရင်း ဖြစ်သည်” ဟူသော စကားသည် နောင်ရိုးတိုက်ပွဲမှထွက်ပေါ်လာသော စကားဖြစ်သည်။

ဘုရင်တပင်ရွှေထီးလက်ထက် ဟံသာဝတီကို သိမ်းပိုက်စဉ် ဟံသာဝတီဘုရင် သုသျှင်တကာရွတ်ပိသည် ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ တပင်ရွှေထီးနှင့် စစ်သည်တော် ဘုရင့်နောင်တို့သည် ဟံသာဝတီဘုရင် ထွက်ပြေးတိမ်းရှောင်သည့် ပြည်ဘက်သို့လိုက်တိုက်ရာ စစ်သည်တော် ဘုရင့်နောင်က ရှေ့မှ ကြိုသွားနှင့်ခဲ့သည်။ နောင်ရိုးချောင်းသို့ ရောက်သောအခါ နောင်ရိုးတစ်ဖက်ကမ်း၌ရှိနေသည့် ရန်သူတပ်များသည် မိမိထက်အင်အား ရှစ်ဆမျှ သာလွန်သည်ကိုတွေ့ရပေသည်။ စစ်သည်တော် ဘုရင့်နောင်အား တပင်ရွှေထီးက “ရန်သူကိုတွေ့လျှင် မတိုက်နှင့်ဦး။ ငါလာမှတိုက်” ဟု အမှာရှိထားသော်လည်း ဘုရင့်နောင်က စစ်အောင်ပြီးပြီဟု တပင်ရွှေထီးထံ လျှောက်တင်စေပြီးဖောင်များကိုဖျက်ကာ မိမိထက် အင်အားရှစ်ဆမျှသာသော သုသျှင်တကာ ရွတ်ပိတပ်များကို တိုက်ခိုက်ခဲ့လေသည်။ ဘုရင့်နောင်နှင့်အတူပါလာသော မှူးမတ်များက “အစ်ကို စစ်ပင် မတိုက်ရသေးဘဲ ဖောင်များကို ဖျက်စေလျှင် စစ်မအောင်တော့လျှင် ဘာနှင့်ကူးမည်နည်း” ဟု လျှောက်တင်သောအခါ “အစ်ကိုတို့ ကူးရန်ဖောင်များရှိနေပါက စိတ်နှစ်ခွ ဖြစ်နေဦးမယ်။ ကူးရန်ဖောင်မရှိတော့ပြီဖြစ်၍ စစ်ပွဲကိုနိုင်အောင်တိုက်ရမည်။ ဖောင်များမရှိတော့ပြီဖြစ်၍ စိတ်နှစ်ခွမရှိတော့ပြီ။ နိုင်အောင်တိုက်ကြရုံမှတစ်ပါး အခြားရွေးဖွယ်ရာ လမ်းမရှိတော့။ နိုင်အောင်တိုက်ကြစို့” ဟုဆိုကာ ဖောင်ဖျက်ပြီးတိုက်ပွဲဝင်ခဲ့သည့် စိတ်ဓာတ်မှာလည်း မြန်မာ့သမိုင်းတွင် အထင်အရှား ရှိခဲ့ပေသည်။

တောင်ငူဘုရင် ဘုရင့်နောင်သည် စစ်ရေးအရသာမဟုတ်။ နိုင်ငံစီးပွားရေး၊ ဘာသာရေး၊ သာသနာရေးအရ လည်းဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

တိုင်းနိုင်ငံများကို  တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာတွင်လည်း တိုင်းသူပြည်သားများအပေါ် နိုင်လိုမင်းထက် ညှဉ်းပန်းနှိပ်စက်မှုမရှိဘဲ လက်ရှိလူကိုပင် တိုင်းပြည် ပြန်လည်အုပ်ချုပ်စေခဲ့သူဖြစ်သည်။ ဘုန်းတန်ခိုးကြီးမားပြီး လက်ရုံးရည်နှလုံးရည် ပြည့်ဝသည့် တောင်ငူဘုရင်ဘုရင့်နောင်သည် နောင်လာနောက်သားများအတွက် သမိုင်းကိုခင်တွယ်စိတ်၊ မျိုးချစ်စိတ်တို့ကိုမွေးဖွား ရင့်သန်စေခဲ့သည်။

တောင်ငူမြို့တည် မင်းကြီးညို၊ တပင်ရွှေထီး၊ဘုရင့်နောင်အပါအဝင်  လက်ရုံးရည် နှလုံးရည်ပြည့်ဝသည့် ရာဇဝင်သူရဲကောင်းများ ပေါ်ထွန်းသကဲ့သို့ နတ်သျှင်နောင်ကဲ့သို့သော ရတုစာဆိုရှင်ဘုရင်များလည်း ပေါ်ထွန်းခဲ့သည့် တောင်ငူသည် ယခု ၁၃၈၀ ပြည့်နှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် နှစ်ပေါင်း ၅၀၈ နှစ်ပြည့်မြောက်လာသည့် သမိုင်းအမွေအနှစ်အစစ်အမှန်ပင် ဖြစ်ခဲ့သည်။

တောင်ငူသည် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့သမိုင်း၊ မြန်မာ့စာပေတို့ထွန်းကားခဲ့ရာ အစစ်အမှန်ဖြစ်တာကြောင့် ယနေ့ခေတ် တောင်ငူသားများကလည်း သမိုင်းအမွေကို ဆက်လက်ထိန်းသိမ်းလိုကြပေသည်။

မြို့တည်သက် ၅၀၀ ပြည့် (၂၀၁၀ ပြည့်နှစ်) မှစ၍ မြို့တည်နန်းတည်ပွဲတော်ကို တောင်ငူခေတ် ဝတ်စားဆင်ယင်မှုများဖြင့် ဝင်းခင်းသဘင်ပွဲကျင်းပကာ သမိုင်းသရုပ်ကို ဖော်ထုတ်ပြသကြသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၂  ရက်ကလည်း နာမည်ကျော် အနုပညာရှင်များပါဝင် သရုပ်ဆောင်ကြပြီး ဆင်ရှစ်ကောင်၊ မြင်းကောင်ရေ ၃၀ ခန့်နှင့် စစ်သည် လူအင်အား၂၅၀ ဝန်း ကျင်ခန့်ဖြင့် တောင်ငူခေတ်ရှင်ဘုရင်၊ မိဖုရား၊ မင်းညီမင်းသား၊သမီးတော်၊ စစ်သည်ဗိုလ်ပါ ရဲမက်များကဲ့သို့ ဝတ်ဆင်ကာ တောင်ငူခေတ်တွင်စစ်ချီတက် တိုက်ခိုက်ကြပုံ၊ တိုင်းခန်းလှည့်လည်ကြပုံများကို ဝင်းခင်းသရုပ်ပြခဲ့ကြပြီး ကေတုမတီ(တောင်ငူ)မြို့တည်နန်းတည် ၅၀၈ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

တောင်ငူမြို့သည်ရာသီဥတု ကောင်းမွန်ပြီးလယ်ယာကိုင်းကျွန်း စိုက်ပျိုးရေး လုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်သည့် မြို့တော်ဖြစ်သည်။ အဖိုးတန် ကျွန်းနှင့်သစ်မာများပေါက်ရောက် သည့်ပဲခူးရိုးမနှင့်အရှေ့ ရိုးမတောင်ခြေတို့ ဝန်းရံအုပ်မိုးလျက်ရှိ သကဲ့သို့ ရွှေနှင့်အခြား သဘာဝသယံဇာတများလည်း ထွက်ရှိသောမြို့တော်ဖြစ်သည်။

တောင်ငူခေတ် (မင်းနေပြည်တော်ခေတ်) ကတည်းကပင် ဆင်ဖမ်းခြင်းအလေ့အထရှိခဲ့ကြပြီး ယနေ့ခေတ်တွင် ဆင်လုပ်ငန်း၊ ဆင်စခန်းများလည်း အခိုင်အမာ ရှိနေသည်။

နှစ်ရှည်သီးနှံမျိုးစုံနှင့် ရာသီဓလေ့ အသီးအရွက်များကလည်း စုံလင်စွာထွက်ရှိ ရောင်းဝယ် ဖောက်ကားစီးဆင်းရာမြို့လည်း ဖြစ်သည်။ တောင်ငူဘုရင်များ တည်ထားကိုးကွယ်သည့် သမိုင်းရာချီပြီး ဘုန်းတန်ခိုးကြီးမားလှသည့် ဘုရားစေတီ ပုထိုးများဖြင့် လည်းတင့်တယ်သာယာ ပြည့်စုံလှပေသည်။

ဘာသာ၊ သာသနာအမွေ လက်ဆင့်ကမ်းလာခဲ့ကြသော တောင်ငူမြို့သူမြို့သားများကလည်း မြို့လုံးကျွတ်ဆွမ်းဆန်တော် လောင်းလှူပွဲ၊ မြို့နယ်လုံးကျွတ်ရှင်သာမဏေ ငယ်များအား ဆွမ်းဆက်ကပ်လှူဒါန်းပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ မြို့ပေါ်သံဃာတော်များအား တစ်နှစ်ပတ်လုံး ဆွမ်းလောင်းလှူကြသော ၃၆၅ ရက် ဘုံဆွမ်းလောင်းအသင်းကိုလည်း ထူထောင်ထားကြသည်။

မြို့အတွင်းပိုင်းတွင် တောင်ငူခေတ် ရှင်ဘုရင်များတည်ဆောက်ထားခဲ့သော သက်တမ်း ၅၀၀ ကျော် လေးကျွန်းကန်တော်ကြီးမှာလည်း ယနေ့တိုင် ရှိနေသည်။ မြို့ပတ် ပတ်လည်တွင် ကျုံးများနှင့် မြို့ရိုးများကိုလည်း အခိုင်အမာ မြင်တွေ့ရနိုင်သကဲ့သို့ သမိုင်းဝင်ဘုရားစေတီပုထိုးများကိုလည်း ဖူးမြော်ကြည်ညိုခွင့်ရပါသည်။ ဘာသာသာသနာ မလစ်ဟင်းရသော တောင်ငူမြို့သူ မြို့သားများအနေဖြင့် ဘုရားစေတီပုထိုးများကို ပိုမိုသပ္ပာယ် တောက်ပြောင်အောင်လှူဒါန်း စောင့်ရှောက်ထိန်းသိမ်းနိုင်ကြပါသော်လည်း သက်တမ်း ၅၀၀ ကျော် သမိုင်းဝင် ကျုံးများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်အချို့နှင့် ဌာနဆိုင်ရာ အချို့ငါးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အခက်အခဲများ ရှိနေကြပါသည်။ မြို့ရိုးများပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်နေခြင်းနှင့် ချုံနွယ်ပိတ်ပေါင်းများ ထူထပ်ပိတ်ဆို့နေခြင်းကို ရှင်းလင်းဆောင်ရွက်ရန် အခက်အခဲများရှိ နေသောကြောင့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေး အာဏာပိုင်များက ၅၀၈ နှစ်ပြည့်ကေတုမတီ (တောင်ငူ) မြို့ကြီးအား ယခုထက်ပိုမို စည်ကားသာယာလှပ စေရန်ဝိုင်းဝန်း ကူညီစောင့်ရှောက်ပေးကြပါရန် ကေတုမတီ(တောင်ငူ) မြို့တည် ၅၀၈ နှစ်ပြည့် ဂုဏ်ပြုဆောင်းပါးဖြင့် တိုက်တွန်းရေးသား လိုက်ရပါသည်။