ပေါက်ဖော်သံခင်းတမန်ခင်း ဘယ်ဆီဦးတည်နေသလဲ

ပေါက်ဖော်သံခင်းတမန်ခင်း ဘယ်ဆီဦးတည်နေသလဲ
နိုဝင်ဘာ ၂၀ ရက်က မနီလာမြို့ သမ္မတအိမ်တော် ဂုဏ်ပြုထမင်းစားပွဲ၌ တရုတ်သမ္မတ (ဝဲ) နှင့်  ဖိလစ်ပိုင်သမ္မတတို့  အရက်ခွက်မြှောက်၍ ဆုတောင်းထောမနာပြုနေစဉ် (Photo – AFP)
နိုဝင်ဘာ ၂၀ ရက်က မနီလာမြို့ သမ္မတအိမ်တော် ဂုဏ်ပြုထမင်းစားပွဲ၌ တရုတ်သမ္မတ (ဝဲ) နှင့် ဖိလစ်ပိုင်သမ္မတတို့ အရက်ခွက်မြှောက်၍ ဆုတောင်းထောမနာပြုနေစဉ် (Photo – AFP)
Published 25 November 2018
■ ဒေါက်တာ ရန်မျိုးသိမ်း

တရုတ်နိုင်ငံသမ္မတသည် အာဆီယံနိုင်ငံအားလုံးနီးပါးကို ချစ်ကြည်ရေးအလည်အပတ် ခရီးသွားရောက်ခဲ့ပြီးသည့်တိုင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည် အပတ်ခရီးလာရောက်ရန် ခြေလှမ်းမပြင်နိုင်သေးသည်မှာ ပေါက်ဖော်သံခင်းတမန်ခင်း၏ လေဟာနယ်ပင်ဖြစ်သည်။ ပေကျင်းနှင့် နေပြည်တော်အကြား မဟာဗျူဟာမဟာ မိတ်ဆက်ဆံရေးသည် စကားလုံးသက်သက်ဖြစ်ပြီး အနှစ်သာရအားနည်းနေပြီလား၊ နှစ်နိုင်ငံသံခင်းတမန်ခင်းသည် တစ်ဖက်စောင်းနင်းဖြစ်နေပြီလား၊ နှစ်နိုင်ငံသံခင်းတမန်ခင်း၏ အလားအလာသည် ဘယ်သောင်ဘယ်ကမ်းဆိုက်နေပြီလဲ စသည့်မေးခွန်းများက အစီအရီပင်ဖြစ်သည်။

 ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့် ဖိန်သည် ဖိလစ်ပိုင်သမ္မတနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိခဲ့သည်။ ရှီသည် သူ၏သမ္မတသက်တမ်းအတွင်း မနီလာမြို့သို့  ဒုတိယအကြိမ်မြောက် အလည်အပတ်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ရှီကျင့်ဖိန်၏ ပထမအကြိမ် မနီလာအလည် အပတ်ခရီးသည် ၂၀၁၅ ခုနှစ်တုန်းက ဖြစ်သည်။ မှတ်သားမိသရွေ့ သမ္မတရှီသည် အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို နှစ်ကြိမ်အလည်အပတ်သွားရောက်ခဲ့ပြီး အာဆီယံနိုင်ငံများအကြား ပေကျင်းအတွက် မဟာဗျူဟာ သော့ချက်ကျသောနိုင်ငံများကို နှစ်ကြိမ် အလည်အပတ်သွားရောက်ခဲ့သည်ဟု ဆိုကောင်းဆိုနိုင်မည် ဖြစ်သည်။ အာဆီယံသည် ပေကျင်း၏သံခင်းတမန်ခင်းတွင် အရေးပါသထက် အရေးပါလာနေသော အိမ်နီးချင်းအဖွဲ့အစည်းဟု ဆိုနိုင်မည်ဖြစ်သည်။ ပေကျင်း နှင့် ၀ါရှင်တန်တို့သည် အာဆီယံနှင့်ဆက်ဆံရေးကို အပြိုင်အဆိုင် ချဲ့ထွင်နေကြသည်မှာ ငြင်းမရသောအချက်ပင် ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံမတိုင်မီ ရှီကျင့်ဖိန်သည် ဘရူနိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် ဘရူနိုင်းနိုင်ငံသို့ နိုင်ငံတော်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတအနေဖြင့် (၁၃)နှစ်တာကာလအတွင်း ဘရူနိုင်းနိုင်ငံသို့ ပထမဆုံးအလည်အပတ်လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး သမ္မတရှီကျင့် ဖိန်၏ ဘရူနိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီးစဉ်လည်းဖြစ်သည်။ တရုတ်နိုင်ငံသမ္မတ ကျန်ဇီမင်းသည် ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလတွင်လည်းကောင်း၊ တရုတ်နိုင်ငံသမ္မတ ဟူကျင်တောင်သည် ၂၀၀၅ ခုနှစ် ဧပြီ ၂၀ ရက်တွင်လည်းကောင်း ဘရူနိုင်းနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး လာရောက်ခဲ့သည်။ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင်လည်းကောင်း၊ တရုတ်ဝန်ကြီးချုပ် လီခဲချန်းသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း၊ ဘရူနိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည်။ ၁၉၉၁ ခုနှစ် စက်တင်ဘာလတွင် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖိန်သည် ၂၀၁၃ ခုနှစ်တွင် အရှေ့တောင်အာရှဒေသနိုင်ငံများသို့ ချစ်ကြည်ရေးခရီးစတင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ ပထမဆုံး  ချစ်ကြည်ရေးအလည်အပတ်ခရီး သွားရောက်ခဲ့သည်။၂၀၁၅ ခုနှစ်တွင် သမ္မတရှီသည် အင်ဒိုနီးရှားနိုင်ငံသို့ ဒုတိယအကြိမ်၊ ဗီယက်နမ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ၂၀၁၆ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ၂၀၁၇ ခုနှစ်တွင် လာအိုနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့ဆီ ချစ်ကြည်ရေးအလည်အပတ် ခရီးသွားရောက်ခဲ့သည်။ တရုတ်နိုင်ငံသမ္မတ ရှီသည် ၂၀၁၈ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ဒုတိယအကြိမ်နှင့် ဘရူနိုင်းနိုင်ငံတို့ကို ချစ်ကြည်ရေး အလည်အပတ်ခရီး သွားရောက်ခဲ့သည်။ ရှီ၏ သမ္မတသက်တမ်း အတောအတွင်း အာဆီယံနိုင်ငံ (၁၀) နိုင်ငံအနက် ရှစ်နိုင်ငံသို့ နိုင်ငံတော်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး အိမ်နီးချင်းမြန်မာနိုင်ငံ

နှင့် ထိုင်းနိုင်ငံသို့ နိုင်ငံတော်ချစ်ကြည်ရေး ခရီးသွားရောက်ခြင်း မရှိသေးပေ။

ပေကျင်း-နေပြည်တော်ဆက်ဆံရေးသည် ပေကျင်း-ဘန်ကောက် ဆက်ဆံရေးထက် သာလွန်ကောင်းမွန်သည်မှာ ငြင်းမရသောအချက်ပင် ဖြစ်သည်။ သမ္မတ ရှီကျင့် ဖိန်အနေဖြင့် ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်နိုင်ခြင်းမရှိသည်မှာ အတန်အသင့် ကြောင်းကျိုးဆီလျော်သော်လည်း မဟာဗျူဟာ မဟာမိတ်ဆက်ဆံရေးနှင့်

ပေါက်ဖော်ဆက်ဆံရေးကို ဟန်ချက်ညီညီ၊ ဖော်ဆောင်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်သို့ မဟာဗျူဟာထွက်ပေါက်လည်းဖြစ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးအလည်အပတ် ခရီးလာရောက်နိုင်ခြင်းမရှိသည်မှာ မေးခွန်းထုတ်စရာပင် ဖြစ်သည်။ နှစ်နိုင်ငံသံခင်းတ မန်ခင်းတွင် တန်းတူရည်တူရှိမှု၊ အပြန်အလှန် သဘောဆောင်မှုတို့သည့် အရေးပါသော သွင်ပြင်လက္ခဏာများပင်ဖြစ်ပြီး အဆိုပါ သွင်ပြင်လက္ခဏာများ လျော့ပါးမည်ဆိုလျှင် နှစ်နိုင်ငံသံခင်းတမန်ခင်းသည် တစ်ဖက်စောင်းနင်းဖြစ်လာဖွယ်သာ ရှိလိမ့်မည်ဖြစ်သည်။

ပေကျင်းနှင့် ရန်ကုန်ဆက်ဆံရေး သမိုင်းကိုပြန်ကြည့်မည်ဆိုလျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဒုတိယမြောက်နိုင်ငံတော်သမ္မတလူရှောက်ချီသည် ၁၉၆၃ ခုနှစ် ဧပြီလနှင့် ၁၉၆၆ ခုနှစ် ဧပြီလတို့တွင် ပြည်ထောင်စုမြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင်တိုင် ချစ်ကြည်ရေးအလည်အပတ်ခရီး လာရောက်ခဲ့သည်။ ၁၉၆၆ ခုနှစ် ဧပြီလနောက်ပိုင်း (၁၉)နှစ်နီးပါး တရုတ်နိုင်ငံသမ္မတသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီးလာရောက်ခဲ့ခြင်း မရှိပေ။ ၁၉၈၅ ခုနှစ် မတ်လတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ Li Xiannian သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး လာရောက်ခဲ့သည်။ သမ္မတ Li Xiannian သည် အမေရိကန်ပြည်ထောင်စုနှင့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား) ကို ချစ်ကြည်ရေး အလည်အပတ်ခရီးသွားရောက်ခဲ့သော ပထမဆုံးတရုတ် နိုင်ငံသမ္မတဖြစ်ပြီး ၀ါရှင်တန်-ပေကျင်း သံခင်းတမန်ခင်းတွင် အရေးပါခဲ့သောပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။

၁၉၈၅ ခုနှစ်နောက်ပိုင်း နောက်ထပ် ၁၆ နှစ်တာကာလအတောအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး လာရောက်ခြင်းမရှိခဲ့ပေ။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံသမ္မတ ကျန်ဇီမင်းသည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေး အလည်အပတ် ခရီးလာရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့သည့် တတိယမြောက် တရုတ်နိုင်ငံသမ္မတအဖြစ် သမိုင်းဝင်ခဲ့သည်။ သမ္မတကျန်ဇီမင်း ခရီးစဉ်အလွန် ၁၇ နှစ်ကြာသည့်တိုင် တရုတ်နိုင်ငံသမ္မတသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ် ခရီးလာရောက်ခြင်း မရှိသေးပေ။ အဆိုပါ အခင်းအကျင်းကိုကြည့်မည်ဆိုလျှင် ပေကျင်း-နေပြည်တော် ဆက်ဆံရေးသည် ပေါက်ဖော်ဆက်ဆံရေး၊ မဟာဗျူဟာ မဟာမိတ်ဆက်ဆံရေးဟု အဓိပ္ပာယ် သတ်မှတ်နေလင့်ကစား သံခင်းတမန်ခင်း အနှစ်သာရအားဖြင့် လျော့တိလျော့ရဲ အားနည်းလျက်ရှိနေဆဲဟု ကောက်ချက်ပြုရမည်ဖြစ်သည်။

ပေကျင်းက နေပြည်တော်ကို လိုအပ်သည်ထက် နေပြည်တော်က ပေကျင်းကို လိုအပ်နေသလားဆိုသည့် မေးခွန်းကလည်း စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်။ ရခိုင်ပြည်နယ်အရေးကို အကြောင်းပြုလျက် နိုင်ငံတကာအသိုင်းအဝိုင်းအကြား ဖိအားပေးမှုများ၊ အကျပ်အတည်းများ၊ စိန်ခေါ်မှုများ မြင့်တက်သထက်မြင့်တက်လာနေချိန်တွင် နေပြည်တော်သည် ပေကျင်း၏ သံခင်းတမန်ခင်း အကာအကွယ်ကို မလွှဲမရှောင်သာ ရယူနေရသည်ဟု သုံးသပ်မှုများလည်းရှိနေသည်။ ဗီတိုအာဏာ အကာအကွယ်သည် နေပြည်တော်အတွက် ဗျူဟာမြောက်အရေးပါဆုံးဟုလည်း သုံးသပ်သံများကြားနေရသည်။ သို့ဖြစ်၍ ပေကျင်း-နေပြည်တော် သံခင်းတမန်ခင်းတွင် တစ်ဖက်သတ် စီးမျောနေသည့်သဘော၊ တစ်ဖက်စောင်းနင်းဖြစ်နေသည့်သဘောများ ကဲနေခြင်းဖြစ်လိမ့်မည်ဟုလည်း မှတ်ချက်ပြုကြသည်။

တရုတ်နိုင်ငံသမ္မတသည် မြန်မာနိုင်ငံသို့ ၂၀၀၁ ခုနှစ်နောက်ပိုင်း ချစ်ကြည်ရေး အလည်အပတ်လာရောက်ခြင်း မရှိလင့်ကစား ၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တစ်နှစ်တစ်ကြိမ် ပုံမှန်ချစ်ကြည်ရေး အလည်အပတ်ခရီးသွားရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ သုံးကြိမ်အလည် အပတ်သွားရောက်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ သီးခြားစီ ချစ်ကြည်ရေးအလည်အပတ် ခရီးသွားရောက်ခဲ့သဖြင့် ပေကျင်း-နေပြည်တော်သံခင်းတမန်ခင်း၌ အရေးပါသော နှစ်တစ်နှစ်ဟု သတ်မှတ်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံတော်အကြီးအကဲများသည် တရုတ်နိုင်ငံသို့ နှစ်စဉ်ပုံမှန် ချစ်ကြည်ရေးအလည်အပတ် သွားရောက်လင့်ကစား တရုတ်နိုင်ငံသမ္မတအနေဖြင့် မြန်မာနိုင်ငံသို့ အလည်အပတ် မလာရောက်သည်ကိုကြည့်လျှင် သံခင်းတမန်ခင်း တစ်ဖက်စောင်းနင်း ဖြစ်နေသလားဟု မေးခွန်းထုတ်စရာရှိနေပြီး ပေကျင်းက နေပြည်တော်ကို လိုအပ်သည်ထက် နေပြည်တော်က ပေကျင်းကို ပိုလိုအပ်နေသည့် သွင်ပြင်လက္ခဏာများကို မြင်နေတွေ့နေရသည်။

ခြုံငုံဆန်းစစ် သုံးသပ်မည်ဆိုလျှင် ပေကျင်း-နေပြည်တော်သံခင်းတမန်ခင်းသည် တစ်ဖက်စောင်းနင်းမဖြစ်ရန် အရေးကြီးသည့်နည်းတူ အစုန်အဆန်သဘော၊ အပြန်အလှန်သဘော အားကောင်းမောင်းသန်ရန် သော့ချက်ကျမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် ကုန်ဆုံးလုလုအချိန်ထိတိုင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်ချစ်ကြည်ရေး အလည်အပတ်ခရီး သွားရောက်ခြင်းမရှိသေးသည့်အားလျော်စွာ ပေကျင်း-နေပြည်တော် သံခင်းတမန်ခင်းနှင့် ဆက်စပ်၍ စိတ်ဝင်စားစရာ နှစ်တစ်နှစ်ဟုဆိုရမည် ဖြစ်သည်။ ပေါက်ဖော်သံခင်းတမန်ခင်းသည် နှစ်နိုင်ငံပြည်သူနှစ်ရပ်အကြား ပြည်သူ့ထံမှ ပြည်သူ့ထံသို့ သူလည်း နိုင်ကိုယ်လည်း နိုင်ဖော်ဆောင်နိုင်ရေး တစ်နေ့ထက်တစ်နေ့ ဗျူဟာမြောက်အရေးကြီးလာမည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။