ပရီးမီးယားလိဂ်၌ VAR စနစ်အသုံးပြုရန် သဘောတူပြီးနောက် IFAB နှင့် FIFA ထံ တင်ပြမည်

ပရီးမီးယားလိဂ်၌ VAR စနစ်အသုံးပြုရန် သဘောတူပြီးနောက် IFAB နှင့် FIFA ထံ တင်ပြမည်
Published 17 November 2018

၂၀၁၉-၂၀၂၀ ရာသီမှစ၍ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ VAR (ရုပ်သံအကူဒိုင်လူကြီး) စနစ်အသုံးပြုရန် သဘောတူညီမှုရရှိပြီးနောက် အပြည်ပြည်ဆိုင်ရာဘောလုံးဘုတ်အဖွဲ့ (IFAB) နှင့် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) ထံ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ကလပ်အသင်း ၂၀ မှ တာဝန်ရှိသူများ၊ ဒိုင်လူကြီးများပါဝင်သည့် အစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက်ကပြုလုပ်ခဲ့ပြီး လာမည့်ရာသီတွင်  စနစ်အသုံးပြု ရန် ဆွေးနွေးရာ မူအားဖြင့် သဘောတူညီမှုရရှိ ခဲ့သည်။

ပရီးမီးယားလိဂ်ကလပ်များသည် ယခုကျင်းပနေသည့် ၂၀၁၈-၂၀၁၉ ရာသီ တွင် VAR စနစ်အသုံးပြုရန် ဧပြီလအတွင်း ဆွေးနွေးစဉ် ကန့်ကွက်ခဲ့သော်လည်း အငြင်းပွားဖွယ်ဖြစ်ရပ်များ၊ သွင်းဂိုးများ လူကျွံအဖြစ် ငြင်းပယ်ခံရမှုဖြစ်စဉ်များကြောင့် ဆုံးဖြတ်ချက်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ယင်းစနစ် အသုံးပြုခွင့်ရရန် IFAB နှင့် FIFA ထံ ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး လာလီဂါ၊ ဘွန် ဒစ်လီဂါ၊ စီးရီးအေ စသည့် ဥရောပထိပ်တန်း လိဂ်ပြိုင်ပွဲများ၌ ယခုရာသီကတည်းက စတင် အသုံးပြုလျက်ရှိကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၁၅ ရက် အစည်းအဝေး၌ ၂၀၁၉ ခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလအား ရာသီမစတင်မီ ကြိုတင်ပိတ်သိမ်းရန်၊ အနား ယူတော့မည့် ပရီးမီးယားလိဂ်အမှုဆောင်ချုပ် စကူဒါမိုးအား ပေါင်ငါးသန်း လက်ဆောင် ပေးအပ်ရန် သဘောတူညီမှုရရှိခဲ့သည်။

Most Read

Most Recent