ကာစီနိုရုံများ၌ မြန်မာနိုင်ငံသားများကိုလည်း ကစားခွင့်ပြုသင့်ကြောင်း ၂၀၁၈ ခုနှစ် လောင်းကစားဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင်ဆွေးနွေးစဉ် လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ကာစီနိုရုံများ၌ မြန်မာနိုင်ငံသားများကိုလည်း ကစားခွင့်ပြုသင့်ကြောင်း ၂၀၁၈ ခုနှစ် လောင်းကစားဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင်ဆွေးနွေးစဉ် လွှတ်တော်ကိုယ်စားလှယ် ပြောကြား
အမျိုးသားလွှတ်တော်အစည်းအဝေးအပြီး ပြန်လည်ထွက်ခွာလာသည့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)
အမျိုးသားလွှတ်တော်အစည်းအဝေးအပြီး ပြန်လည်ထွက်ခွာလာသည့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)
Published 16 November 2018
စိုးမင်းထိုက်

 

ကာစီနိုရုံများ၌ မြန်မာနိုင်ငံသားများကိုလည်း ကစားခွင့်ပြုသင့်ကြောင်း ၂၀၁၈ ခုနှစ် လောင်းကစားဥပဒေကြမ်းအား ဆွေးနွေးစဉ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး (ခ) သန်းစိုး (ဘောဂဗေဒ) က ဆွေးနွေးခဲ့သည်။

ပြည်သူ့လွှတ်တော်မှ ပြင်ဆင်အတည်ပြုချက်များဖြင့် ပေးပို့လာသည့် ၂၀၁၈ ခုနှစ် လောင်းကစားဥပဒေကြမ်းအား လွှတ်တော်ကိုယ်စားလှယ်လေးဦး ဆွေးနွေးခဲ့ပြီး ဦးသန်းစိုးဆွေးနွေးစဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးသန်းစိုးက “ကျွန်တော်တို့ဆီမှာ ချမ်း သာတဲ့ ခရိုနီတွေပေါ့နော်။ အဲလိုဟာတွေကလည်း စင်ကာပူတို့ ဘာတို့မှာ သွားကစားတာ ရှိပါတယ်။ မကာအိုတို့ ဘာတို့မှာ။ စင်ကာပူမှာလည်း ကာစီနိုတွေရှိပါတယ်။ ဒါပေမဲ့ စင်ကာပူနိုင်ငံသားတွေကကျတော့ သူတို့ကစားလို့ရှိရင် နိုင်ငံခြားသားက ၁၀ ပေးလို့ ရှိရင် သူတို့က ၁၀၀၀ ပေးရတယ်။ ဝင်ကြေးပေါ့နော်။ အဲဒီတော့ အဲလို လုပ်ထားတယ်။ အဲလိုပဲ မလေးရှားမှာလည်း ရှိပါတယ်။ နောက်မကာအိုမှာလည်းရှိတယ်။ နိုင်ငံသား နဲ့ နိုင်ငံခြားသားကို ခွဲထားတယ်။ အဲတော့ နိုင်ငံသားတွေကိုလည်း ဒီမှာပေးသင့်တယ်လို့ ထင်တယ်။ ပေးသင့်တဲ့နေရာမှာတော့ သတ်မှတ်တဲ့ အခကြေးငွေ နည်းနည်းပိုများပြီး ပေးရမှာပေါ့။ ဘာဖြစ်လို့လဲဆို လောင်းကစား ကို နိုင်ငံသားတွေက ကစားခွင့်မရှိဘူးဆိုရင် ကျွန်တော်တို့နိုင်ငံမှာ မြို့နယ်တိုင်း မြို့နယ်တိုင်းမှာရှိတယ်။ တရားဝင်ရော တရားမဝင်ရော။ အဲဒီတော့ နိုင်ငံသားတွေကို အဲလိုပိတ်လိုက်လို့ရှိရင် ဘာဖြစ်လာလဲဆို တရားမဝင် လောင်းကစားရုံတွေ အများကြီးထွက်လာတယ်။ အဲဒီလို ထွက်လာတော့ နံပါတ်တစ်နိုင်ငံတော်က အခွန်မရဘူး။ ဥပမာ မြို့နယ်တွေ မြို့နယ်တွေမှာဆိုရင် တရုတ်လူမျိုးတွေလာပြီးတော့ ဗမာတွေမွေးပြီး ငါးပစ်တာတို့ ဘာတို့အများကြီးရှိတယ်။ အဲဒီပိုက်ဆံတွေက တရားမဝင်ဘူးလေ။ တရားမဝင်တဲ့အတွက် အခွန်မရဘူးပေါ့။ စည်ပင်ခွန်လောက်ကတော့ ဘာလုပ်လို့ရမှာလဲ။ ဒါကြောင့် နိုင်ငံ သားတွေကိုလည်း သတ်မှတ်တဲ့အခကြေးငွေပေးပြီး တရားဝင်လုပ်သင့်တယ်၊ ကာစီနိုမှာ။ လုပ်ခြင်းအားဖြင့် လောင်းကစားကကျတော့ ၆၀၊ ၄၀ ပေါ့။ ၄၀ ကို အစိုးရက အခွန်ကောက်လိုက်တယ်။ ၆၀ ကို လောင်းကစားရုံထဲမှာပဲ ထားလိုက်တယ်။ မြန်မာနိုင်ငံသားတွေ ကစားခွင့် မရှိဘူးလို့ ပြောလိုက်တာနဲ့ တစ်ဖက်က အပြင်မှာ တရားမဝင် လောင်းကစားရုံတွေ ပေါသလို ကျန်တဲ့ ဌာနဆိုင်ရာအတွက် ခွင်လေးတွေလည်း ဖြစ်လာတာပေါ့။ သိတယ်မို့လား ဒီလိုတရားမဝင်တွေ သွားကျပ်လိုက်လို့ရှိရင် ပိုက်ဆံရလာတယ်။ နယ်ထိန်းဖြစ်ဖြစ် ရဲစခန်းဖြစ်ဖြစ် ဘယ်လောက်ဆက်ကြေးပေး၊ ဘယ်လောက်လိုင်းကြေးပေး။ ဒါသူတို့ဖြစ်နေ တာဆိုတော့ ဘာမှ မထူးဘူး။ ဘာမှမထူးတဲ့ အတူ နိုင်ငံသားတွေရော နိုင်ငံခြားသားက ၁၀ ပေး၊ နိုင်ငံသားက ၁၀၀၀ ပေး ကစား၊ အဲဒါ ဖြစ်သင့်တယ်လို့ ထင်တယ်။ အဲလို ပိတ် ထားလို့ရှိရင် လောင်းကစားဆိုတာ ပိတ်အပ်တဲ့ အရာမဟုတ်ဘူး။ လူရှိနေသရွေ့ လောင်းကစား ရှိနေတာပဲ။ ဟုတ်တယ်မို့လား။ မပိတ်ဘဲနဲ့ အခုဥပဒေပုဒ်မ ၁၃ မှာလည်း ပါတယ်။ နည်းလမ်းတကျနဲ့ ဥပဒေနဲ့အညီ၊ အခုဥပဒေကျ ပိတ်လိုက်တာ။ ဒါကြောင့် ဒီပုဒ်မက ၀ိရောဓိလည်းဖြစ်နေတယ်။ နည်းလမ်းကျ သွားအောင်ဆို သတ်မှတ်တဲ့အခကြေးငွေနဲ့ ကစားခိုင်းတာ ပိုပြီးတော့သင့်လျော်မှာပေါ့” ဟု ဆွေးနွေးခဲ့သည်။

ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၁) မှ ဦးကျော်နီနိုင်က ယခုဥပဒေအား ပြဋ္ဌာန်းသင့်ကြောင်း၊ ယခုဥပဒေ ပြဋ္ဌာန်းလိုက်ပါက မြန်မာနိုင်ငံအနေဖြင့် ပြည်ပကြွေးမြီများကို ဆပ်နိုင်ရန်အတွက် ရှာဖွေပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဆွေးနွေးခဲ့သည်။

၂၀၁၈ ခုနှစ် လောင်းကစားဥပဒေကြမ်းတွင် မြန်မာနိုင်ငံသား မည်သူမျှကာစီနိုအတွင်း ဝင်ရောက်လောင်းကစားခြင်းမပြုရဟု ပြည်သူ့လွှတ်တော်မှ အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အတည်ပြုသင့်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့သည် ကာစီနိုတည်ထောင်ခြင်း၊ ဖွင့်လှစ်ခြင်းကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ခွင့် ပြုနိုင်သည်ဟု ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အတည်ပြုသင့်ကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းထားသည်။

ယင်းဥပဒေကြမ်းပြင်ဆင်ရခြင်း၏ ရည်ရွယ်ချက်များအနေဖြင့် ခေတ်စနစ်နှင့်လျော်ညီသော လောင်းကစားဥပဒေဖြစ်စေရန်၊ လောင်းကစားခြင်းသည် ပြည်သူများ၏လူမှု စီးပွားဘဝကို ထိခိုက်ပျက်စီးစေနိုင်သဖြင့် ဥပဒေနှင့်အညီ ကန့်သတ်ထိန်းချုပ်မှုများ ဆောင်ရွက်နိုင်ရန်၊ အများပြည်သူတို့၏ အကျိုးစီးပွားနှင့် ကိုယ်ကျင့်တရားကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ဟု ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အတည်ပြုသင့်ကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းထားသည်။                                             

Most Read

Most Recent