၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ (အာရှဇုန်) ပထမအဆင့်ခြေစစ်ပွဲအောင်အသင်းများ စုံညီစွာထွက်ပေါ်

၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ (အာရှဇုန်) ပထမအဆင့်ခြေစစ်ပွဲအောင်အသင်းများ စုံညီစွာထွက်ပေါ်
Published 14 November 2018

 

၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ (အာရှဇုန်) အတွက် ပထမအဆင့်ခြေစစ်ပွဲများအပြီးတွင် ခြေစစ်ပွဲအောင်အသင်းများစုံညီစွာထွက်ပေါ်လာပြီး မြန်မာအမျိုးသမီးအသင်းမှာ အုပ်စု (C)တွင် ပထမနေရာဖြင့် ပထမအဆင့်ခြေစစ်ပွဲ အောင်မြင်ခဲ့ကြောင်း သိရသည်။

အာရှဇုန်ပထမအဆင့်ခြေစစ်ပွဲအဖြစ် အသင်းပေါင်း (၁၈) သင်းကို (၅) သင်း (၂) အုပ်စု၊ (၄) သင်း (၂) အုပ်စုခွဲကာ ယှဉ်ပြိုင်ကစားစေခဲ့ပြီး အုပ်စုတစ်ခုချင်းစီမှ ထိပ်ဆုံး (၂) သင်းစီနှင့် အကောင်းဆုံးတတိယ (၂) သင်းတို့မှာ ဒုတိယအဆင့်ခြေစစ်ပွဲသို့ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ သို့သော် အုပ်စု (B) တွင်မူလက အသင်း (၅) သင်းပါဝင်သော်လည်း ယူအေအီးနှင့် မကာအိုတို့မှာ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ခြင်းကြောင့် (၃) သင်းဖြင့် သာယှဉ်ပြိုင်ခဲ့ရသည်။

ပထမအဆင့်ခြေစစ်ပွဲစဉ်များအပြီးတွင် အုပ်စု (A) ၌ တရုတ်တိုင်ပေနှင့် ဖိလစ်ပိုင်၊ အုပ်စု (B) ၌ အီရန်နှင့် ဟောင်ကောင်၊ အုပ်စု (C) ၌ မြန်မာနှင့် အိန္ဒိယ၊ အုပ်စု (D) ၌ ဂျော်ဒန်နှင့် အင်ဒိုနီးရှားတို့ အသီးသီး ပထမအဆင့်ခြေစစ်ပွဲအောင်မြင်ခဲ့ကြသည်။

အကောင်းဆုံး တတိယ (၂) သင်းအတွက် ဆုံးဖြတ်ရာတွင်မူ အုပ်စု (C) နှင့် အုပ်စု (D) မှ နီပေါနှင့် ပါလက်စတိုင်းတို့ ပထမအဆင့်ခြေစစ်ပွဲအောင်မြင်ခဲ့ကြသည်။

ထို့ကြောင့် ပထမအဆင့်တွင် စုစုပေါင်းခြေစစ်ပွဲအောင်အသင်း (၁၀) သင်းထွက်ပေါ်လာခဲ့ပြီး၊ ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် ကြိုတင်စောင့်ဆိုင်းနေသည့် ဗီယက်နမ်၊ ဥဇဘတ်ကစ္စတန်တို့ (၂) သင်းဖြင့်ပေါင်းကာ စုစုပေါင်း (၁၂) သင်းထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဒုတိယအဆင့်ခြေစစ်ပွဲတွင် အသင်း (၁၂) သင်းကို (၃) သင်း (၄) အုပ်စုခွဲကာယှဉ်ပြိုင်စေမည်ဖြစ်ပြီး အုပ်စုတစ်ခုချင်းစီမှာ ထိပ်ဆုံး (၁) သင်းစီက တတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။

တတိယအဆင့်ခြေစစ်ပွဲတွင် ဒုတိယအဆင့်ခြေစစ်ပွဲအောင် (၃)သင်းနှင့် သြစတြေးလျ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ်၊ ထိုင်း စသည့် အာရှထိပ်သီး (၅)သင်းတို့ပေါင်းစပ်ကာ စုစုပေါင်း (၈) သင်းအား (၄) သင်း (၂) အုပ်စုခွဲကာယှဉ်ပြိုင်စေမည်ဖြစ်သည်။ 

အဆိုပါအုပ်စု (၂) ခုမှ ပထမနှင့် ဒုတိယရအသင်းများ ထိပ်တိုက်ကစားရမည်ဖြစ်ပြီး အနိုင်ရရှိသည့် (၂)သင်းက အိမ်ရှင် ဂျပန်နှင့်အတူ တိုကျိုအိုလံပစ်ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ 

ဒုတိယအဆင့်ခြေစစ်ပွဲများကို လာမည့် ၂၀၁၉ ခုနှစ် ဧပြီလတွင် လည်းကောင်း၊ တတိယအဆင့်ခြေစစ်ပွဲများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် လည်းကောင်း၊ နောက်ဆုံးအဆင့် ခြေစစ်ပွဲများကို ၂၀၂၀ ခုနှစ် မတ်လတွင် လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

Most Read

Most Recent