ဘေးပယောဂတွေမပါဖို့ ဒေသခံတွေရဲ့စိုးရိမ်မှုတွေနဲ့ ဘင်္ဂါလီ ပြန်လည်နေရာချထားရေး

ဘေးပယောဂတွေမပါဖို့ ဒေသခံတွေရဲ့စိုးရိမ်မှုတွေနဲ့ ဘင်္ဂါလီ ပြန်လည်နေရာချထားရေး
နယ်စပ်ခြံစည်းရိုးအနီးတွင် နေထိုင်သူ ဘင်္ဂါလီများအား သတင်းမီဒီယာအဖွဲ့များ သွားရောက်တွေ့ဆုံသတင်းယူစဉ်က မြင်ကွင်း
နယ်စပ်ခြံစည်းရိုးအနီးတွင် နေထိုင်သူ ဘင်္ဂါလီများအား သတင်းမီဒီယာအဖွဲ့များ သွားရောက်တွေ့ဆုံသတင်းယူစဉ်က မြင်ကွင်း
Published 11 November 2018
သန်းလှိုင် (စစ်တွေ)

ထွက်ပြေးတယ်ဆိုတာ တစ်ယောက်ယောက်က နောက်ကနေ လိုက်လာလို့ ထွက်ပြေးတာမျိုးကို ဆိုလိုတာဖြစ်တယ်။ အထုပ်အပိုးတွေနဲ့ ဆွေမျိုးတွေဆီ သွားလည်သလိုမျိုးသွားကြတာကိုက စိုးရိမ်ကြောက်လန့်ခြင်း မဟုတ်သလို အစီအစဉ်တစ်ခုနဲ့သွားကြတာ ဖြစ်တယ်လို့ သုံးသပ်သူတစ်ဦးက ပြောဆိုလိုက်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်မှာ လုံခြုံရေး ကင်းစခန်းပေါင်း ၃၀ ကျော်ကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဟာ အကြမ်းဖက်သမားအုပ်စုလို့ ရေးသားပုံဖော်ခဲ့ကြပေမယ့် ဘင်္ဂါလီအကြမ်းဖက်တွေက ပူးပေါင်းပါဝင်ခဲ့တယ်။ ရွာလုံးကျွတ်ထွက်ပြီး တိုက်ခိုက်ခဲ့ကြတယ်ဆိုတာ ဘယ်သူမှ ငြင်းချက်ထုတ်စရာ မရှိပါဘူး။ အစိုးရရော ပြည်သူတွေကပါ သိပြီးသားကိစ္စဖြစ်ပါတယ်။ မြန်မာ့မြေပေါ်မှာ နေထိုင်ပြီး လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသားတွေကို တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ဟာ ဘာရည်ရွယ်ချက်လဲဆိုတာကို အထင်းသားမြင်နေကြရပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံတော်အစိုးရအပေါ် ပြည်ပက ဖိအားတွေပေးနေသလားဆိုတဲ့ အမြင်မျိုးတွေ မြင်လာကြတယ်။ မြန်မာ့နိုင်ငံရေးမှာ ပြည်ပက ဘာကြောင့်ဖိအားတွေ ပေးလာမလဲဆိုတာကို တွေးကြည့်ရင် အထင်းသား မြင်နေရပါတယ်။ ရေခံမြေခံကောင်းတဲ့၊ စိုက်ပျိုးရေးဖြစ်ထွန်းတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူနည်းစုတိုင်းရင်းသားတွေရဲ့ စိုးရိမ်စိတ်အကင်းမသေသေးတဲ့ အခြေအနေမှာ ပြန်လည်နေရာချထားရေးတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းတွေကြားမှာ ပြောဆိုမှုတွေများ လာတာဟာ တွေးတောစရာ ရှိလာပါတယ်။

ဘူးသီးတောင်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကတော့ “အခုလိုမျိုး ဘင်္ဂါလီတွေကို ပြန်သွင်းလာတာဟာ မြန်မာနိုင်ငံကို နိုင်ငံတကာရဲ့ ဖိအားတွေ သက်ရောက်နေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ အစိုးရကတော့ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဖြေရှင်းပေးရမယ်လို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မောင်တောတောင်ပိုင်းမှာ ဘင်္ဂါလီတွေကို နေရာပြန်မချထားဖို့ လွှတ်တော်ကလည်းပဲ အတည်ပြုထားပြီး ဖြစ်တယ်။ ဆုံးဖြတ်ထားပြီး ဖြစ်တယ်။ အဲဒီလွှတ်တော်ဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ တင်ပြဆုံးဖြတ်ခဲ့တာဖြစ်တဲ့အတွက်၊ အစိုးရဆိုတာဟာလည်း ပြည်သူ့အစိုးရဖြစ်တဲ့အတွက် ပြည်သူတွေရဲ့တောင်းဆိုချက်ကို လိုက်နာရမှာ ဖြစ်တယ်။ ဖိအားတွေ ဘယ်လောက်ပဲများများ ပြည်သူနဲ့တိုင်ပင်ပြီး ပြည်သူူတွေရဲ့သဘောအတိုင်း လိုက်နာဆောင်ရွက်ဖို့လိုတယ်လို့ မြင်တယ်။ မောင်တောတောင်ပိုင်းမှာ ဘင်္ဂါလီတွေကို နေရာချထားလိုက်တာနဲ့ ခိုးဝင်လာသူတွေများလာမယ်။ ပင်လယ်ကမ်းခြေဘက် အကြမ်းဖက်သမားတွေ တံခါးမရှိ ဝင်လာနိုင်တယ်” လို့ ပြောပါတယ်။

ရခိုင်အရေးကို ကွင်းဆင်းလေ့လာခဲ့တဲ့ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ Rick Heizman က ရန်သူလို အသေအကြေ တိုက်ခိုက်ခဲ့တဲ့သူတွေကို မြန်မာဘက်က ပြန်လည်လက်ခံရေးစခန်းတွေ ဖွင့်လှစ်ပေးတာဟာ ကြီးမားမွန်မြတ်တဲ့ စိတ်ထားရှိသူတွေဖြစ်နေပြီလို့ ဆိုပါတယ်။ Rick Heizman က နိုဝင်ဘာ ၇ ရက်မှာ ရန်ကုန်မြို့ တက္ကသိုလ်များ လှိုင်နယ်မြေရှိ MICT Park အစည်းအဝေးခန်းမ၌  ‘အနောက်တံခါး၏ ဖုံးကွယ်ခံအမှန် တရားကို ဖော်ထုတ်ခြင်း’ ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

ဦးဇော်အေးမောင် ပြောကြားခဲ့တာကတော့ ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက ပြောဆိုနေသလို လူမျိုးသုဉ်းသတ်ဖြတ်မှု မဟုတ်ကြောင်း၊ ဘင်္ဂါလီတွေက နယ်မြေကိုလိုချင်လို့ လူအင်အားကို အသုံးပြုပြီး ၂၁ ရာစု ကိုလိုနီစနစ်နဲ့နယ်မြေသိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့ကြခြင်းသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

နောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာမယ့်သူတွေစာရင်းကို  ၂၀၁၈ ခုနှစ် ဇန်နဝါရီက ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရဆီကို ပို့ခဲ့တယ်။ အဲဒီစာမှာ ၈၀၀၀ ကျော်ရဲ့ အမည်တွေ ပါဝင်ခဲ့ပေမယ့် ၆၄၀၀ ကျော်ကို စိစစ်တဲ့ အခါမှာ မြန်မာနိုင်ငံက ထွက်ပြေးသွားသူ အဖြစ် ၄၆၀၀ ကို အတည်ပြုခဲ့ပေမယ့် အဲဒီပေးပို့တဲ့ စာရင်းတွေထဲမှာ ၅၄ ဦးဟာ အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ရေရှည်မှာ တည်ငြိမ်မှုမရှိဘဲ စစ်တလင်းပြင် ဖြစ်သွားမှာလား

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (ယခင် ပြည်နယ်ဝန်ကြီးချုပ်) ဦးမောင်မောင်အုန်းကလည်း တည်ငြိမ်မှုရမလာရင် စစ်တလင်းပြင်ဖြစ်သွားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ “ပြဿနာကလည်း ဖြစ်ပြီးသွားပြီဆိုတော့ အခုအနေအထားဟာ ကမ္ဘာ့အရေးအခင်းပုံစံမျိုး အခုအချိန်အထိလည်း ပြဿနာက မပြီးသေးဘူးပေါ့။ ရခိုင့်အရေးဟာ နိုင်ငံ့အရေး ဖြစ်တယ်။ ရခိုင်ပြည်နယ်ရဲ့ အရေးအခင်းဟာ နိုင်ငံတော်ရဲ့အသည်းနှလုံးမှာ စူးနေတဲ့ဆူး တစ်ချောင်းလိုပဲ။ တကယ်တော့ စူးတောင်မကတော့ဘူး။ စူးထက်ကြီးတဲ့ သံမှိုကြီးက နုတ်ရခက်အောင် အပြင်ကဝိုင်းထုတဲ့အတွက် ကြေကွဲမှုတွေဖြစ်နေပါပြီ။ ဒါကြောင့် ဘယ်လိုဆက်လုပ်သင့်တယ်ဆိုတာကို ဒေသခံတိုင်းရင်းသားတွေရော၊ အားလုံးက ဝိုင်းပြီးစဉ်းစားသင့်ပါပြီ။ နှစ်ပေါင်းများစွာ ဖြစ်နေတဲ့ပြဿနာကို တစ်ချိန်တည်းတ စ်ပြိုင်တည်းလုပ်မယ်ဆိုတာကလည်း မပြီးဘူးပေါ့။ အလယ်အလပ် လမ်းစဉ်နဲ့ သူဘက်ကိုယ့်ဘက် မျှမျှတတနဲ့ တိုင်းရင်းသားဘက်ကလည်း နားလည်မှုရှိဖို့ လိုသလိုလာမယ့် ဘင်္ဂါလီတွေကလည်း နားလည်ပြီး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ ပြုပြင်ပြောင်းလဲဖို့လိုတယ်။ တည်ငြိမ်မှုရတဲ့အခါကျမှ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်။ ဒီလိုမဟုတ်ဘဲ နိုင်ငံတကာကလည်းဖဲ့၊ အစိုးရရဲ့ လုပ်ဆောင်မှုတွေကလည်း လူထုနဲ့လွဲချော်မှု ရှိတယ်ဆိုရင်တော့ ရေရှည်မှာတည်ငြိမ်မှုမရှိဘဲ စစ်တလင်းဖြစ်သွားမှာပဲ။ ဒါကြောင့် ရခိုင့်အရေးနဲ့ပတ်သက်လာရင် အမျိုးသားရေး အမြင်နဲ့ တစ်မျိုးသားလုံး ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ မြင်တယ်” ဟု သုံးသပ်ပြောကြားခဲ့ပါတယ်။

မောင်တောတောင်ပိုင်းမှာ နေရာချထားမယ်ဆိုရင် လက်ရှိလျာထားချက်တွေထဲမှာ မောင်တောတောင်ပိုင်းမှာလည်း နေရာချထားမှုတွေ လုပ်လာနိုင်တယ်လို့သိရတယ်။ ဒါပေမဲ့ အဲဒီလိုနေရာချထားဆောင်ရွက်လာရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာကို တိုင်းရင်းသားတွေ စိတ်ဝင်စားနေသလို ဘင်္ဂါလီတွေဘက်ကလည်း ဝင်ပေါက်ကောင်းတဲ့ နေရာတွေကို တောင်းဆိုမှုတွေရှိလာတယ်လို့ နိုင်ငံတကာ သတင်းဌာနတွေမှာ တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းကတော့ “တောင်ပိုင်းဆိုတဲ့အခါမှာ အထဲဘက်ကို နည်းနည်းလေးရောက်လာတဲ့သဘော ရှိတယ်။ ဒါကြောင့် မြောက်ပိုင်းမှာပဲထားပါ။ အတွင်းဘက်ကိုဝင်လာရင် ပိုပြီးပဋိပက္ခတွေဖြစ်လာမယ်ဆိုတဲ့ အနေအထားလေးတွေလည်း ရှိတယ်။ ဆိုလိုတဲ့ သဘောကတော့ သူ့ဘက်ကလည်း နိုင်ငံသားဖြစ်ခွင့်ရသင့်ရင်ရမယ်ဆိုရင် ဘယ်နေရာမှာမဆို နေထိုင်လုပ်ကိုင် စားသောက်ရမယ်။ ကိုယ့်ဇာတိရွာကို ပြန်လို့ရမှ ဆိုတာမျိုး သိပ်ပြီးကျဉ်းကျပ်တဲ့အမြင်တွေနဲ့ လာမယ်ဆိုရင်လည်း ပြဿနာကိုကြီးထွားနေနိုင်တာပေါ့။ မြောက်ပိုင်းမှာဆိုရင်တော့ ပြဿနာက ပိုလျော့ကျလာနိုင်တယ်။ ထိန်းချုပ်ရလွယ်တာပေါ့။ အခုပြဿနာကဖြစ်ပြီး သွားပြီဆိုတော့ ပြန်နေဖို့အတော့်ကိုခက်သွားပြီ။ ဒါကြောင့် အတွင်းပိုင်းကို ဝင်လာမှာကို ရခိုင်တိုင်းရင်းသားတွေက စိုးရိမ်တယ်။ ဒါပေမဲ့ နိုင်ငံတကာအမြင်မှာတော့ ပြောစရာတော့ ဖြစ်မယ်။ အရေးကြီးတာက ဒေသခံတိုင်းရင်းသားတွေရဲ့ ဆန္ဒကိုလည်း လက်ခံဖို့လိုသလို တစ်ဖက်ကလည်း လူ့အခွင့်အရေးနဲ့ သင့်တင့်လျောက်ပတ်တဲ့နေရာမှာ ထားသင့်တယ်လို့ မြင်တယ်” ဟု ပြောကြားသည်။

ထို့ပြင် ယခုရက်ပိုင်းထွက်ပေါ်လာတဲ့ သတင်းများအရ ဘင်္ဂါလီတွေကို သူတို့နေထိုင်လိုတဲ့နေရာမှာ ထားပေးသွားမယ်ဆိုတဲ့သတင်းလည်း ထွက်ပေါ်လာတာကိုတွေ့ရတယ်။ ဒီကိစ္စဟာ တိုင်းရင်းသားတွေအတွက် တွေးရခက်သလို ကန့်ကွက်ဆန္ဒပြမှုကြီးတွေလည်း ဆက်တိုက်ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒီလို ဆန္ဒထုတ်ဖော်ကန့်ကွက်မှုတွေဖြစ်လာခဲ့ရင် အပြစ်ပေး အရေးယူမှုတွေကလည်း နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

“ကိုယ့်အနေနဲ့ပြောရရင်တော့ ပြန်ရောက်လာပြီးနောက်ပိုင်းမှာလည်း နိုင်ငံတော်အစိုးရပိုင်းကလည်း လုံခြုံရေးလုပ်ပေးဖို့ လိုသလို နိုင်ငံတကာအဖွဲ့ကလည်း ဒါနဲ့ပတ်သက်လို့ ထိထိရောက်ရောက် မြန်မာနိုင်ငံ အစိုးရနဲ့ ပေါင်းစည်းပြီးတော့မှ နိုင်ငံတည်ငြိမ်ရေးအတွက် အလေးထားဆောင်ရွက်သင့်တယ်လို့ မြင်တယ်” လို့ ဦးမောင်မောင်အုန်းက ပြောကြားပါတယ်။

မောင်တောတောင်ပိုင်းမှာ ဘင်္ဂါလီတွေကို နေရာချထား မထားဆိုတာကလည်း ဒေသခံတွေနဲ့ အစိုးရနဲ့ ထိပ်တိုက်တွေ့နိုင်တဲ့ အနေအထားတွေရှိနိုင်သလား ဆိုတာကလည်း ဒေသခံတွေအတွက် စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

“မောင်တောတောင်ပိုင်းဟာ အရေးကြီးတယ်။ ရေပြင်ဆက်စပ်မှုရှိတယ်။ ခြံစည်းရိုး မလုံဘူး။ အရင်ကလည်း တောင်ပိုင်းမှာ အကြမ်းဖက်စခန်းတွေ အများကြီးတွေ့တယ်။ ဂူတွေပြုလုပ်ပြီး ခိုအောင်းနေခဲ့တယ်။ ကျောက်ပန္ဒူဘက်က ဝင်လာပြီး မေယုတောင်ကြောမှာ ခိုအောင်းတိုက်ခိုက်ခဲ့တယ်။ ဒါမျိုးတွေကို အစိုးရက မသိတာမဟုတ်ဘူး။ ဒါကြောင့် လုံခြုံရေးအရ နေရာမချထားဖို့ တောင်းဆိုထားတာဖြစ်တယ်။ ဒါဟာ ပြည်သူတွေရဲ့ဆန္ဒဖြစ်တယ်။ အဲဒီလိုပြည်သူတွေရဲ့ တောင်းဆိုမှုကို လျစ်လျူရှုပြီး နေရာချထားမှုတွေ ပြုလုပ်လာရင်တော့ ပြည်သူနဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောချင်ပါတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ထပ်လောင်းပြောကြားပါတယ်။

လုံခြုံရေးအနေအထားအပေါ် အမြင်

“မောင်တောဒေသမှာ လက်ရှိဖြစ်နေတဲ့ အနေအထားကို အမှန်အတိုင်းပြောရရင် နယ်စပ်မှာ လုံခြုံရေးအနေအထားက စိတ်မချရသေးဘူးပေါ့။ ကိုယ်တို့တုန်းကဆိုရင် နစက အဖွဲ့တွေရှိတယ်။ အခုက နယ်ခြားစောင့် တပ်ဖွဲ့တွေရှိတယ်ပေါ့။ အာဆာလိုအဖွဲ့တွေက ရဲစခန်း ၃၀ ကို တစ်ပြိုင်တည်းတိုက်တယ်။ ပြီးလို့ရှိရင် လူစုလူဝေးနဲ့ လုပ်ကြကိုင်ကြတယ်ဆိုတဲ့ အနေအထားက လုံခြုံရေးကျိုးပေါက်နေသလို ဖြစ်နေတယ်။ ဒါကိုလည်း နိုင်ငံတကာက ပူးပေါင်းကူညီပေးဖို့လိုတယ်။ ပြောရရင်လူတွေ သေကြရတယ်။ နာကျင်မှုတွေရှိတယ်။ ခံစားမှုတွေ သိပ်ပြင်းထန်နေရင် မီးပွားလေးတစ်ပွားကျတာနဲ့ ပြန်ဖြစ်လာနိုင်တယ်။ နိုင်ငံတကာကကျတော့ လက်ခံဖို့ပဲ တိုက်တွန်းတယ်။ ဖြစ်လာမယ့် အခြေအနေကို မစဉ်းစားဘဲနဲ့ ဖိနှိပ်နေတယ်ဆိုတော့ ကမ္ဘာကြီးက အံ့သြဖို့ကောင်းတယ်။ ဒါကြောင့် နိုင်ငံတကာပါ တည်ငြိမ်အောင်ဝိုင်းပြီးတော့ အပြုသဘောဆောင်စွာနဲ့ လုပ်ပေးသင့်တယ်” လို့ ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းက ပြောပါတယ်။

နိုင်ငံတကာနဲ့ INGO

နို်င်ငံတကာအဖွဲ့အစည်းတွေအပေါ်မှာ အမြင်မှားနေကြတာမဟုတ်ဘဲ နိုင်ငံတကာ အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေဟာ အခုအချိန်အထိ ဘက်လိုက်မှုရှိတယ်လို့ နိုင်ငံရေး လေ့လာသူအသိုင်းအဝိုင်းက ပြောဆိုသုံးသပ်ကြပါတယ်။ အပြုသဘောဆောင်တဲ့ဘက်ကို ဘက်မလိုက်ဘဲ လုပ်ဆောင်ပေးသင့်တယ်လို့ ဆိုကြပါတယ်။

“လာသမျှလူတွေက လုပ်ချင်ရာလုပ်တာကို နိုင်ငံတကာက အမြင်ပဲ။  သူတို့ရဲ့ လူ့အခွင့်အရေးကိုကြည့်ပြီး နောက်ကွယ်က ဟောင်နေရင်တော့ သဘာဝမကျဘူး။ နိုင်ငံတကာအဖွဲ့တွေကို မကျေနပ်တာ အဲဒါကို မကျေနပ်တာ။ ဘူးသီးတောင်၊ မောင်တောလို ဒေသကြီးရဲ့တည်ငြိမ်ဖို့ဆိုတာ နိုင်ငံတကာ အဖွဲ့တွေက ဝိုင်းပြီးကူညီဖို့လိုတယ်။ သူတို့က နိုင်ငံသားပေးရမယ်။ လူသားချင်းစာနာပါဆိုတာနဲ့ ပြီးပြီလား နိုင်ငံတကာအဖွဲ့တွေက။ ပြီးခဲ့တဲ့ကာလက ဟိန္ဒူတွေအသတ်ခံရတယ်။ ဒါတွေကျတော့ လျစ်လျူရှုတယ်ဆိုတော့ ဘာရည်ရွယ်ချက်လဲ။ နိုင်ငံတကာကို စိတ်ထဲမှာ ဘဝင်မကျတာ အဲဒါတွေရှိတယ်။ လူ့အခွင့် အရေးကို ဗန်းပြပြီး တစ်ခုခုဖြစ်ရင်တော့ ငါမသိဘူးဆိုတာမျိုးက သဘာဝမကျဘူး” ဟု ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းက ပြောပါတယ်။

လူ့အခွင့်အရေးလို့ အော်နေကြပေမယ့် တိုင်းရင်းသားတွေသေဆုံးမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာဖွဲ့စည်းတွေက ပြောဆိုမှုနည်းပါးတာကို ဘယ်သူမှ သဘောကျမှာမဟုတ်ဘူးလို့လည်း သုံးသပ်ကြပါတယ်။

“NGO တွေရဲ့သဘောသဘာဝကတော့ ကိုယ့်ဌာနရဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ကြရတာပါပဲ။ အရင်တုန်းကဆိုရင် MSF ကို ထုတ်ပစ်တာတွေလုပ်ခဲ့တယ်။ အပေါ်က ခန့်ထားတဲ့လူတွေရဲ့ မူဝါဒတွေလွဲချော်ရင် အောက်ကလည်း လွဲချော်တာပေါ့။ အရင်တုန်းကတော့ သူတို့ကို ကိုယ်တွယ်ပြီး လုပ်ငန်းသဘော သဘာဝကို မျှတအောင်ကိုင်တွယ်ပေးတယ်။ တစ်ခါကဆိုရင် ကိုယ်က MSF ဆေးခန်းတစ်ခုကို ဝင်ရောက်ကြည့်ရှုအားပေးဖို့သွားတာ မဝင်ရဘူးလို့ နိုင်ငံခြားသားက ခါးခါးသီးသီး ငြင်းတာခံရတယ်။ ဘယ်သူပါဆိုပြီး ပြောယူရတဲ့ အနေအထားပေါ့။ ဆိုတော့ NGO တွေဟာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကူညီပေးသင့်တယ်လို့မြင်တယ်။ ငါတို့ကို ဌာနက ပိုက်ဆံပေးထားတာ။ ငါတို့က ဒီအတိုင်းပဲ။ အဲဒါမျိုးဆိုရင်တော့ ဆောရီးပဲ။ ကိုယ်တို့က နားလည်တယ်။ ဒါပေမဲ့ မိမိအကျိုးတစ်ခုတည်းနဲ့ လုပ်နေမယ်ဆိုရင်တော့ ပြဿနာက တက်နေဦးမှာပဲ” လို့လည်း ဦးမောင်မောင်အုန်းက ပြောပါတယ်။

ပြန်လည်လက်ခံရေးအပေါ် အမြင်

“ကိုယ့်နိုင်ငံမှာ နေသွားတဲ့သူတွေကိုတော့ မဖြစ်မနေခေါ်ရမယ့်သဘောတော့ ရှိတာပေါ့။ ခေါ်တဲ့အခါမှာတော့ ကိုယ့်နိုင်ငံမှာ နေတဲ့သူတွေမှန်ဖို့တော့ ဥပဒေအတိုင်း ဖြေရှင်းဖို့လိုတယ်။ နိုင်ငံသားကိစ္စကလည်း ၈၂ ခုနှစ်ဥပဒေအတိုင်း သွားရမှာပေါ့။ လာသမျှ လူတွေလက်ခံပြီးတော့မှဆိုတော့လည်း မဟုတ်ဘူးပေါ့။ လက်ခံသင့်သူကိုသာ လက်ခံရမယ်ဆိုတာ ဖြစ်ဖို့လိုတယ်။ ကိုယ်တို့ ရခိုင်တိုင်းရင်းသားတွေဘက်က ကျပြန်တော့လည်း ကိုယ့်နယ်မြေမှာလာနေတဲ့သူတွေနဲ့ မကြာခဏပြဿနာဖြစ်တယ်ဆိုပြန်တော့လည်း ရခိုင်တိုင်းရင်းသားတွေအနေနဲ့ စိုးရိမ်စိတ်ရှိတာပေါ့။ ပြီးခဲ့တဲ့ကာလဖြစ်စဉ်တွေ ကြည့်လို့ရှိရင် သူတို့ရောက်လာရင်လည်း တစ်ဖက်နဲ့တစ်ဖက်တော့ စိုးရိမ်စိတ်ရှိနေမှာ ပေါ့လေ။ စနစ်တကျ လက်ခံပြီးထားလို့လည်း မရသေးဘူး။ (နှစ်) လုံခြုံရေးနဲ့ ကြားပယောဂ တွေမပါဖို့ အစိုးရပိုင်းကလည်း စနစ်တကျ ဆောင်ရွက်ဖို့လိုတယ်။ တိုင်းရင်းသားတွေဘက်လည်း စိတ်ထဲက ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ မဖြစ်မနေ လက်ခံရမယ်ဆိုတဲ့သဘောနဲ့ နားလည်လက်ခံပေးဖို့လိုတယ်။ တစ်ဖက်က ပြန်လာတဲ့သူတွေကလည်း ကိုယ့်နိုင်ငံရဲ့ဥပဒေ၊ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ သင့်တင့်လျောက်ပတ်စွာနေထိုင်ပြီး မြန်မာနိုင်ငံရဲ့ဥပဒေအတိုင်း လုပ်သင့်လုပ်ထိုက်တာ ဆောင်ရွက်သွားဖို့လိုတယ်။ အဲဒီလို မလုပ်ဘဲ ပြန်လာမယ်။ ဟိုအခွင့်အရေးတောင်း၊ ဒီခွင့်အရေးတောင်း မရရင်ပြဿနာရှာမယ်။ အာဆာလိုအဖွဲ့တွေ ဝင်လာမယ်ဆိုရင်လည်း ပြဿနာကအေးမှာ မဟုတ်ဘူး” လို့လည်း ဦးမောင်မောင်အုန်းက သုံးသပ်ပြောကြားပါတယ်။

ဘူးသီးတောင်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကလည်း သူတို့ကိုမခေါ်မရလို့ ခေါ်ရမယ်ဆိုရင်တောင် ပင်လယ်ထွက်ပေါက်တွေနဲ့ နီးတဲ့နေရာမှာ မထားဖို့လိုတယ်။ လုံခြုံရေးအရ ထိန်းချုပ်နိုင်တဲ့ နေရာတွေမှာသာ ဆက်လက်ချထား ဆောင်ရွက်ပေးဖို့လိုတယ်။ တပ်မတော်က လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးအတည်ပြုခဲ့တာလည်း ရှိတယ်။ ဒါပေမဲ့ မောင်တောမြောက်ပိုင်းမှာနေထိုင်တဲ့ တိုင်းရင်းသားတွေ အနေနဲ့ကလည်း ပိုပြီးအကျပ်အတည်းတွေ ဖြစ်ပေါ်လာနိုင်တယ်။ အခုဘင်္ဂါလီတွေမရှိတော့တဲ့ မောင်တောမြောက်ပိုင်းမှာတောင် သတ်ဖြတ်ခံနေရတာတွေကို တွေ့နေရဆဲဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

“အရာရာအားလုံးကတော့ ချိန်ဆလုပ်ရမယ့် သဘောရှိတာပေါ့။ ကိုယ်ကတော့ လုပ်သင့်လုပ်ထိုက်တာအားလုံးကို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရတွေ၊ ဒေသခံတိုင်းရင်းသားတွေက ပေါင်းစည်းပြီး လုပ်သင့်တယ်လို့မြင်တယ်။ ပြတ်ပြတ်သားသားလုပ်စရာရှိတာ လုပ်ရမယ်။ ဥပဒေအတိုင်း မလိုက်နာနိုင်ရင် မလိုက်နာသလောက် အပြစ်ပေးရမှာပေါ့။ ပြန်ဝင်လာမှာကို ကျွန်တော်တို့  တိုင်းရင်းသားတွေဘက်လည်း မကြိုက်ရင်တောင် ပြန်လည်နေထိုင်ခွင့်တော့ပေးရမယ်။ နိုင်ငံသားပေးခြင်း မပေးခြင်းကလည်း ၈၂ ဥပဒေနဲ့သွားရမယ်။ ဒီအတိုင်း စနစ်တကျသွားရမယ့်ဟာကို လက်ခံဖို့လိုတယ်လို့ ပြောချင်တယ်။ ဒီကြားထဲ ARSA လိုအဖွဲ့မျိုးတွေ ဝင်လာမယ်ဆိုရင်တော့ နှစ်ဖက်ယုံကြည်မှုတွေ ထပ်လျော့ဦးမှာ သေချာတယ်။ ဒါကြောင့် လုံခြုံရေးကိစ္စကို အထူးဂရုစိုက်ဖို့လိုတယ်။ ပြန်ရောက်လာတဲ့ နောက်ပိုင်းမှာလည်း နိုင်ငံတော်ပိုင်းက လုံခြုံရေးစနစ်တကျ လုပ်ပေးဖို့လိုသလို နိုင်ငံတကာအဖွဲ့တွေကလည်း ဒါနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် အစိုးရနဲ့ပေါင်းစည်းပြီးတော့ နယ်မြေတည်ငြိမ်ရေးအတွက် အလေးထားဆောင်ရွက်သင့်တယ်လို့ မြင်တယ်” ဟု ဦးမောင်မောင်အုန်းက သုံးသပ်ပြောကြားခဲ့ပါတယ်။

ခြုံငုံပြောရရင်တော့ မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေမှာ ပြန်လည် နေရာချထားရေးတွေလုပ်မယ်ဆိုရင် တိုင်းရင်းသားတွေအတွက် အခက်အခဲတွေဖြစ်လာပြီး နောက်ထပ်တစ်ကြိမ် တိုက်ခိုက်မှုတွေ မရှိနိုင်ဘူးလို့ ဘယ်သူက အာမခံနိုင်လဲဆိုတာကတော့..။          

Most Read

Most Recent