နိုင်ဂျီးရီးယားနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခပြဿနာနှင့် သမ္မတ၏ မဲဆွယ်မှုကတိ

နိုင်ဂျီးရီးယားနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခပြဿနာနှင့် သမ္မတ၏ မဲဆွယ်မှုကတိ
Published 11 November 2018

ဖေဖော်ဝါရီတွင် ပြန်လည်ရွေးကောက်တင်မြှောက်ခံရန် မဲဆွယ်ပွဲလမ်းကြောင်း၌ နိုင်ဂျီးရီးယားသမ္မတ မူဟာမက်ဒူဘူဟာရီ အနေဖြင့် နိုင်ငံ၏ အနိမ့်ဆုံးလုပ်ခကို အလွန်မြင့်မားသော ပမာဏအဖြစ် သုံးပုံနှစ်ပုံ တိုးမြှင့်ရန် နှိုးဆော်မှုတစ်ရပ်အား ထောက်ခံလိုက်သည့်အခါ အလွန်စောစီးစွာ ပြောခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

အလုပ်သမားသမဂ္ဂကိုယ်စားလှယ်များ၊ အစိုးရနှင့်  ပုဂ္ဂလိကလုပ်ငန်းကဏ္ဍတို့ဖြင့် ဖွဲ့စည်းထားသော စေ့စပ်ညှိနှိုင်းရေး ကော်မတီတစ်ရပ်က လုပ်ခနှင့်ပတ်သက်၍  ဘူဟာရီအား အကြံပြုသည့်အခါ ဘူဟာရီက မျိုးချစ်စိတ်ရှိပြီး ပရော်ဖက်ရှင်နယ်ဆန်သော အဖွဲ့ဝင်များဟု ချီးကျူးခဲ့သည်။

အနိမ့်ဆုံးလုပ်ခအား ၁၈,၀၀၀ နိုင်ရာ မှ ၃၀,၀၀၀ နိုင်ရာ (အမေရိကန်ဒေါ်လာ ၈၂၊ ယူရို ၇၂) သို့ တိုးမြှင့်ရန် အကြံပြုချက်သည် လက်တွေ့ကျကာ မျှတပြီး အကောင်အထည်ဖော်နိုင်ဖွယ်ရှိသော အကြံပြုချက် ဖြစ်ခဲ့ကြောင်းနှင့် နောက်ဆုံးအတည်ပြုချက် ရယူရန် ပါလီမန်သို့ ပြန်မတင်မီ ဖြစ်နိုင်သမျှ တိုတောင်းသော အချိန်အတွင်း အလုပ်အမှုဆောင်များက လေ့လာမှုပြုလုပ်မည်ဖြစ်ကြောင်း ဘူဟာရီက ပြောကြားခဲ့သည်။

ထုတ်ဖော်ပြောကြားခြင်းမရှိသည့် သဘောတူညီချက်တစ်ရပ်မှာ လူပေါင်း သန်း ၁၈၀ ကျော် ပါဝင်သော  အာဖရိက၏ အကြီးမားဆုံး စီးပွားရေးကို အလွန်ကြီးမားပြီး အတောမသတ်သည့် ဆန္ဒပြမှုကြီးဖြင့် ချည့်နဲ့သွားအောင် ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သော နိုင်ဂျီးရီးယား အလုပ်သမား သမဂ္ဂက လုပ်ခကို တိုးမြှင့်ပေးခြင်းအတွက် အပြန်အလှန်အနေဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ၌ သမဂ္ဂအဖွဲ့ဝင်များအား ဘူဟာရီကို မဲပေးစေမည်ဟူ၍ ဖြစ်သည်။

သို့သော် မကြာမီ နောက်တစ်ရက်တွင်  ပြန်ကြားရေးဝန်ကြီးက တောင်းဆိုသည့် ၃၀,၀၀၀ နိုင်ရာကို အစိုးရအဖွဲ့က မည်သည့်နည်းနှင့်မျှ လက်ခံထားခြင်းမရှိသေးဘဲ ယင်းအကြံပြုချက်ကို ပထမဆုံး လေ့လာသင့်သည်ဟု ပြောကြားလျက် အကြံပြုချက်နှင့်ပတ်သက်၍ စိတ်မပါကြောင်း ပြသခဲ့သည်။

လုပ်ခနှင့်ပတ်သက်သော ကတိကိုပေးကာ မဲနိုင်အောင်ပြုလုပ်သည့် ဘူဟာရီ၏ မဟာဗျူဟာလမ်းကြောင်း၌ ရပ်တည်ရန်သည် များစွာခက်ခဲနေပြီး ပြည်နယ် ၃၆ ခု၏  အုပ်ချုပ်ရေးမှူးများက ၎င်းတို့အနေဖြင့် လက်ရှိ လုပ်ခနှုန်းထားဖြင့်ပင်လျှင် အစိုးရ ဝန်ထမ်းများနှင့် အရာရှိများကို လစာပေးချေရန် ရုန်းကန်နေရသည်ဟု ဆိုသည်။

အရှေ့တောင်အီဘိုညီပြည်နယ် အုပ်ချုပ်ရေးမှူး ဒေးဗစ်အူမာဟီက အစိုးရဝန်ထမ်းများအား အနိမ့်ဆုံးလုပ်ခ ၃၀,၀၀၀ နိုင်ရာ ပေးရေးသည် ဖြစ်နိုင်ဖွယ်မရှိကြောင်း  ယခုသီတင်းပတ်အတွင်း သတိပေးခဲ့သည်။

“ပြည်နယ်အများအပြားဟာ ပြဿနာ အမျိုးမျိုးနဲ့ ကြုံတွေ့နေရပြီး လခတွေ မပေးနိုင်ပါဘူး” ဟု ဘူဟာရီ၏ မှတ်ချက်စကားများ ထွက်ပေါ်လာပြီးနောက် အူမာဟီက သတင်းထောက်များအား ပြောကြားခဲ့သည်။

 

စဉ်းစားချင့်ချိန်မှုရှိသော ညှိနှိုင်းမှု

လုပ်ခကို ၎င်းအတိုင်း တိုးမြှင့်လိုက် လျှင်ပင် ၂၅ ကီလိုဂရမ် (၅၅ ပေါင်) အလေးချိန်ရှိ ဆန်တစ်အိတ်သည် ၁၀,၀၀၀ နိုင်ရာ  နီးပါးပေးနေရသည့် အနေအထား၌ ပိုမိုတိုးမြှင့်လာသော လုပ်ခက တော်သင့်ရုံသာ ရှိလိမ့်မည်ဖြစ်သည်။

“စားဝတ်နေရေးစရိတ်ကို စဉ်းစားရင် ဒါက သိပ်ပြီးတော့တောင် နိမ့်နေပါသေးတယ်”ဟု Renaissance Capital အဖွဲ့၏ စီးပွားရေးပညာရှင်နှင့် နိုင်ဂျီးရီးယားဆိုင်ရာ အထူးကျွမ်းကျင်သူ ချာလီရောဘတ်ဆန်က ပြောကြားခဲ့သည်။

သို့သော် လုပ်ခထပ်မံမြှင့်တင်ရန် ကြိုးပမ်းခြင်းသည် လက်တွေ့ကျလိမ့်မည် မဟုတ်ကြောင်းနှင့် အဘယ်ကြောင့်ဆိုသော် နိုင်ဂျီးရီးယား လုပ်ငန်းများသည် အထွေထွေအသုံး စရိတ်များ မြင့်မားနေနှင့်ပြီး ဖြစ်သည့်အပြင် အလုပ်သမားအများအပြားသည် အရည်အချင်းမရှိသောကြောင့် လုပ်ခမြှင့်တင်ပေးခြင်းသည် မျှတသည်ဟုဆိုရန် ခက်ခဲမည်ဖြစ်ကြောင်း ရောဘတ်ဆန်က ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံ၏ ဟာကွက်များလှသော လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုကလည်း လုပ်ငန်းများ၏ ပြိုင်ဆိုင်နိုင်စွမ်းကို လျော့ကျစေပြီး ထို့ကြောင့်လုပ်ခတိုးမြှင့်ရန်  အတိုင်းအတာကိုပါ လျော့ကျစေသည့် အခြားအကြောင်းခြင်းရာတစ်ရပ် ဖြစ်သည်။

“အနိမ့်ဆုံး လုပ်ခနှင့်ပတ်သက်ပြီး နိုင်ဂျီးရီးယားရဲ့ အခက်အခဲက လျှပ်စစ်ဓာတ်အားရရှိမှုနဲ့ စာတတ်မြောက်မှုက နိုင်ငံအများစုထက် ပိုပြီးနိမ့်ပါးနေတာကြောင့် လုပ်ခတွေလည်း နည်းနေရခြင်းပါပဲ” ဟု ရောဘတ်ဆန်က ပြောကြားခဲ့သည်။ ၃၀,၀၀၀ နိုင်ရာသည် စဉ်းစားချင့်ချိန်မှုရှိသော ညှိနှိုင်းမှုဖြစ်သော်လည်း ငြင်းခုံ၍ရနိုင်ဆဲဖြစ်သည်ဟု ရောဘတ်ဆန်က ဆိုသည်။

ဥပမာအားဖြင့် အိုင်ဗရီကို့စ်နိုင်ငံသည်  နိုင်ဂျီးရီးယားထက် အနိမ့်ဆုံးလုပ်ခ ပို၍မြင့်မားသော်လည်း အိုင်ဗရီကို့စ်တွင် ကောင်းမွန်သည့် စွမ်းအင်ထောက်ပံ့မှုကွန်ရက်က နိုင်ငံအား အခြားအနောက်အာဖရိက အိမ်နီးချင်းများနှင့် ပြိုင်ဆိုင်နိုင်စွမ်းရှိစေသည်ဟု ဆိုသည်။

အခြားတစ်ဖက်မှကြည့်လျှင် နိုင်ဂျီးရီးယားနိုင်ငံ ဒေသအများစုတွင် လျှပ်စစ်မီးမရှိ လုနီးပါးဟုဆိုနိုင်ပြီး အရွယ်ရောက်ပြီးသူများ စာတတ်မြောက်မှုအဆင့်သည် ရာခိုင်နှုန်း ၆၀ နီးပါးဖြစ်သည်။ သို့သော် ပိုမိုများပြားသော မြောက်ပိုင်းမွတ်စလင်ဒေသများတွင်  ရာခိုင်နှုန်း ၅၀ အောက်ပင် ရောက်ရှိလျက်ရှိသည်။

 

မြင့်မားလွန်းသည့် မညီမျှမှု

တစ်နေ့လျှင် စည်ပေါင်းနှစ်သန်းကျော် ထုတ်လုပ်သည့် အာဖရိက၏ အကြီးဆုံး ရေနံတင်ပို့သည့်နိုင်ငံဖြစ်သော နိုင်ဂျီးရီးယား နိုင်ငံအနေဖြင့် နိုင်ငံ၏ ဝန်ထမ်းများအား  အသင့်တော်ဆုံး အနိမ့်ဆုံးလုပ်ခ မပေးနိုင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် သင့်တော်သည့် ပညာရေးနှင့် အခြေခံအဆောက်အအုံများ ထောက်ပ့ံနိုင်မှု မရှိခြင်းတို့အတွက် ၎င်း၏ မဲဆန္ဒရှင်များအား ရှင်းပြရန် လွန်စွာခက်ခဲလိမ့်မည် ဖြစ်သည်။

လွန်ခဲ့သည့် လပေါင်းများစွာအကြာက  အထက်လွှတ်တော်အမတ်တစ်ဦးသည် အမတ်များ၏ လစာများကို ထုတ်ဖော်ပြောဆိုခဲ့သောကြောင့် အရှုပ်တော်ပုံတစ်ရပ် ဖြစ်စေခဲ့သည်။ အမတ်တို့၏ လစာသည် နိုင်ရာ ၁၄ ဒသမ ၂၅ သန်းအပြင် အပိုဆုကြေးများလည်း ရှိနေသည်။ ယင်းမှာ ကမ္ဘာပေါ်တွင်  နိုင်ငံရေးသမားများအတွက် အမြင့်ဆုံးလစာများထဲ၌ ပါဝင်နေသည်။

၃၀ç၀၀၀ နိုင်ရာ ပေးလိုက်လျှင်ပင် နိုင်ဂျီးရီးယားအလုပ်သမားတစ်ဦးသည် အမတ်တစ်ဦး၏ တစ်လစာ ရရှိရန် ၃၅ နှစ် လုပ်ရမည်ဖြစ်ပြီး လက်ရှိ အနိမ့်ဆုံးလုပ်ခ ၁၈,၀၀၀ နိုင်ရာနှင့်ဆိုလျှင် ၆၈ နှစ် အလုပ်လုပ်ရမည် ဖြစ်သည်။

နိုင်ဂျီးရီးယားနိုင်ငံ၏ လူတစ်ဦးအတွက် မျှော်မှန်းသက်တမ်းသည် ၅၃ နှစ်သာသာသာ ရှိသည်။

ယင်းသည် နိုင်ဂျီးရီးယား လူ့အဖွဲ့အစည်း၏ မြင့်မားလွန်းသော မညီမျှမှုကို  အကောင်းဆုံး ရောင်ပြန်ဟပ်ပြလျက်ရှိသည်။

၂၀၁၆ ခုနှစ်တွင် စတင်သည့် နာကျင်ဖွယ် စီးပွားရေးပျက်ကပ် နှစ်နှစ်ကြာပြီးနောက် သမ္မတရွေးကောက်ပွဲနေ့ မတိုင်မီ မဲဆန္ဒရှင်များက တာဝန်ခံမှုရှိရန် တောင်းဆိုခဲ့ကြသည်။

“လစာတွေပေးဖို့ ငွေကို ဘယ်နေရာက ရှာရမလဲ” ဟု ပုံမှန်အားဖြင့် အစိုးရလိုလားသည့် သတင်းစာဖြစ်သော The Nation မှ ပင်တိုင်ဆောင်းပါးရှင် ဘင်ကာအိုမိုတိုဆိုက မေးခွန်းထုတ်ခဲ့သည်။

“လူပါးဝလွန်းတဲ့ လစာတွေကို လျှော့ချပါ။ ချမ်းသာတဲ့ သူတွေကို အခွန်ဆောင်ဖို့ ဖိအားပေးပါ။ အဂတိလိုက်စားမှုတွေကို ဖော်ထုတ်ပါ။ ဖြန့်ကြက်မှုရှိတဲ့ စစ်မှန်တဲ့ စီမံကိန်းတစ်ရပ်နဲ့ စီးပွားရေးကို ဆောင်ရွက်ပါ” ဟု ၎င်းက ရေးသားခဲ့သည်။

Most Read

Most Recent