ချင်းတောင်ပေါ်က တောပန်းလေးတို့ ပွင့်ဖူးရာ

ချင်းတောင်ပေါ်က တောပန်းလေးတို့ ပွင့်ဖူးရာ
“ရင်သွေးငယ်များ ခိုလှုံရာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ” ရှိ စိုက်ခင်းများအား ရေလောင်းပေါင်းသင်နေစဉ်
“ရင်သွေးငယ်များ ခိုလှုံရာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ” ရှိ စိုက်ခင်းများအား ရေလောင်းပေါင်းသင်နေစဉ်
Published 11 November 2018
ကိုဆူး (ချင်းတောင်ခြေ)

“ကျွန်မလည်း မိဘမဲ့ဖြစ်တယ်။ ဟိုအိမ်ပြောင်း ဒီအိမ်ပြောင်းနဲ့ သူများအိမ်မှာ ကြီးလာတယ်ဆိုတော့ ကျွန်မနဲ့ဘဝတူ မိဘမဲ့ကလေးတွေကို ပြုစုဖို့အတွက် စိတ်ဆုံးဖြတ်လိုက်သလို ကျွန်မအရမ်းငတ်နေတဲ့ မိခင် မေတ္တာကို မိဘမဲ့ကလေးတွေကို ပြန်ပေးမယ်ပေါ့ဆိုတဲ့ ဆုံးဖြတ်ချက် ချဖြစ်သလို ကျွန်မကိုယ်တိုင် ၁၀ တန်း အောင်နိုင်ရင်လည်း ၁၀ တန်းအောင်တဲ့သူတွေ အများကြီး မွေးထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဂေဟာကို လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မကိုးကွယ်တဲ့ ဘုရားသခင်မှာ ဆုတောင်းပြီး ဆုံးဖြတ်ခဲ့တယ်”လို့ ပြောဆိုရင်း သူမရဲ့မျက်လုံးတွေက အရောင်တွေ တောက်လာတယ်။ သူမကတော့ ဒေါ်တွီးထန်လို့ခေါ်ပြီး ကန်ပက်လက်မြို့ပေါ်ကတော့ တွီးတွီးလို့ လူသိများကြတဲ့ “ရင်သွေးငယ်များ ခိုလှုံရာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ” ကို ဦးဆောင်တဲ့သူ (သို့မဟုတ်) တည်ထောင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ မိဘမဲ့ကလေးများ ဂေဟာနဲ့ပတ်သက်လို့ ပြောပြနေတာပါ။

တောင်ပေါ်လမ်းတွေ ကွေ့ကွေ့ကောက်ကောက် စီးနင်းပြီး မြို့ထဲမှာ မြို့လယ်လမ်းမကြီးဘေးဝဲယာမှာ အိမ်တွေ တည်ရှိနေတဲ့ မြို့လေးတစ်မြို့။ မြို့လယ်လမ်းအတိုင်း ဆိုင်ကယ်ကို  စီးနင်းလာခဲ့ပြီးတော့ မြို့ရဲ့ ခပ်မြင့်မြင့်နေရာ၊ မြို့မရဲစခန်းရဲ့ ဘေးကနေပြီးတော့ မြေနီလမ်းလေးအတိုင်းဆင်းလိုက်လာခဲ့ရင်တော့ လမ်းရဲ့အဆုံးမှာ ကွင်းပြင်ကျယ်ကျယ်လို့ ပြောရမလား ဝင်းကျယ် ကျယ်လို့ပဲ ပြောရမလား၊ နေရာတစ်ခုမှာ အဆောက်အအုံလေးတွေ ရှိတယ်။ မြေဧက ၁၂ ဧကလောက်ရှိတဲ့ မြေပေါ်မှာ အဆောက်အအုံ လေးလုံးလောက်ရှိတယ်။  ကွင်းပြင်ကျယ်ကြီးတစ်ခု၊ အသီးအရွက်၊ မီးဖိုချောင်သီးနှံတွေ စိုက်ပျိုးထားတဲ့  စိုက်ခင်း၊ ဘောလုံးကွင်း၊ ကလေးအားကစားကွင်း စတာတွေလည်း အဲဒီကွင်းပြင်ကျယ်ကြီးထဲမှာ ရှိပါတယ်။ ဒီလို ပြန့်ပြူးနေတဲ့ မြေပြင်ကျယ်ရအောင် တော်တော်လေး ကြိုးစားခဲ့ရတယ်လို့လည်း သိရပါတယ်။ ဟိုးအဝေးကို လှမ်းကြည့်ရင် တစ်ဖက်က တောင်တန်းကြီးတွေပေါ်က ကျေးရွာလေးတွေက မှုန်ပျပျ၊ နေဝင်ချိန် အလင်းရောင် တဖြည်းဖြည်း ကျဲပါးသွားတဲ့အချိန်မှာဆိုရင်  တောင်တန်းကြီးတွေကို လှမ်းငေးရင်း လွမ်း မောစရာကောင်းလှတဲ့အချိန်မှာတော့ ကလေးငယ်တွေက ဘုရားကျောင်းတက်နေကြပြီလေ။ (ဘုရား ကျောင်းတက်တယ်ဆိုတာ ခရစ်ယာန်ထုံးစံအရ ဘုရားရှိခိိုးကြတာပါ)

ဒီဂေဟာလေးကို လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်မှာ ကလေးငယ် ခုနစ်ယောက်နဲ့မြို့ထဲမှာ အစပြုခဲ့ပါတယ် လို့ သိရပါတယ်။ ဒီဂေဟာကို စတင်ဖြစ်ခဲ့ပုံလေးကိုလည်း ဒေါ်တွီးတွီးက ဒီလို ပြောပြခဲ့ပါတယ်။ “ဒီဂေဟာကို လုပ်ဖို့ ကုန်စိမ်းလေးရောင်းပြီးတော့ ငွေစုပြီးတော့ တစ်နှစ်ခွဲလောက်ကျတော့ ကန်ပက်လက်ကို ပြန်လာပြီးတော့ ၂၀၀၂ ဇွန်လမှာ ဒီဂေဟာကို အစပြုပါတယ်။ ကန်ပက်လက်ကို ရောက်တော့ ဦးထုပ်လေးတွေ ထိုးရင်း၊ မာဖလာလည်စည်းလေးတွေ ထိုးရင်း၊ စကင်းဟင်းလေးတွေ အရောင်းအဝယ်လုပ်တယ်။ နယ်တွေကိုသွားပြီး စားစရာ သောက်စရာလေးတွေကို ကြက်တွေ ဝက်တွေနဲ့ လဲလှယ်ပြီး ကိုယ့်ဟာကို ရပ်တည်ခဲ့တယ်။ လေးနှစ်လောက် ခက်ခက်ခဲခဲနဲ့ ရုန်းကန်ကြတယ်။ ဒါပေမဲ့ ကလေးတွေက တစ်နှစ်ပြီးတစ်နှစ် ကလေး တွေက တိုးလာတယ်။ ကျွန်မ နယ်မှာသွားပြီး သွားရှာတာ မဟုတ်ဘူး။ နယ်ကလူတွေက ကျွန်မကို ဒီကလေးတွေကို ရန်ကုန်မှာ အဆက်အသွယ်ရှိရင် ပို့ပေးပါ။ ဒီမှာ ထားလို့ရရင် ထားပေးပါလို့ ဆက်သွယ်လာကြတော့ တစ်နှစ်ပြီး တစ်နှစ် လူဦးရေက တိုးလာတယ်”လို့ ပြောပြပါတယ်။ အခုဆိုရင် ဒီဂေဟာလေးမှာ အရွယ်စုံ ကလေးငယ် ၆၀ ဝန်းကျင်လောက် ရှိနေပါပြီလို့ သိရပါတယ်။

ဒီကလေးတွေ အားလုံးက ချင်းပြည်နယ်အတွင်းက အကြောင်းအမျိုးမျိုးကြောင့် မိဘမဲ့ဖြစ်ခဲ့ပြီး ဒီဂေ ဟာလေးကိုရောက်ရှိလာကြတဲ့ ကလေးတွေပေါ့။ လက်ရှိအခြေအနေအရတော့ လူဦးရေ ၆၀ ရှိပြီး နေ ရာအခက်အခဲကြောင့် ထပ်ပြီး လက်မခံနိုင်ဘူးလို့ သိရပါတယ်။ ဒီဂေဟာကို ရောက်လာတဲ့ ကလေးတွေက အကြောင်းရင်းမျိုးစုံကြောင့် မိဘမဲ့ပြီး ရောက်ရှိလာကြပါတယ်။ သူတို့ဟာ နေ့စဉ် ကျောင်းတက်ကြရသလို နေ့တိုင်း ကစားရတယ်။ သူတို့ စိုက်ထားရတဲ့ စိုက်ခင်းတွေ ရေလောင်းရတယ်။ မနက်တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ် ဘုရားဝတ်ပြုရတယ်။ ညတိုင်း စာကျက်ကြရတယ်။ ရက်အလိုက် TV ကြည့်ကြရတယ်။ အပတ်စဉ် အားကစားဂျာနယ်တွေ ဖတ်ကြရတယ်။ တစ်ရက်နောက်ကျမှ ရောက်တဲ့ နေ့စဉ်သတင်းစာကို ဖတ်ကြရတယ်။

ဂေဟာရဲ့ သက်တမ်းကတော့ ဒီနှစ်နဲ့ဆိုရင် ၁၆ နှစ် တင်းတင်းပြည့်သွားပြီ။ ဆယ်တန်းအောင်တဲ့ ကလေးလည်း ၁၆ ယောက် ရှိသွားပြီ။ စာပေးစာယူဖြေနေတဲ့ ကလေးတွေ၊ ပညာရေးကောလိပ် ဆင်းသွားတဲ့ ကလေးတွေရှိတယ်။ ဆွဲခန့် ကျောင်းဆရာမတွေ ရှိတယ်။ ကျမ်းစာကျောင်းဆင်းပြီး ကလေးတွေ ရှိတယ်။ ဌာနစုံမှာ အလုပ်လေးတွေရ သွားကြတယ်။ လက်ရှိ ဒီမှာ ကလေး ၅၉ ယောက်ရှိတယ်။ အငယ်ဆုံးကလေးက သုံးရက်သမီးနဲ့ ရောက်လာတာ အခု နှစ်နှစ်နဲ့ရှစ်လရှိပြီ။ အကြီးဆုံးက ၁၀ တန်းကလေးတွေ၊ ၁၀ တန်း ခြောက်ယောက်ရှိတယ်လို့ သိရပါတယ်။ တကယ်တော့ မိဘမဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ ကိစ္စဆိုတာက လွယ်လှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အကျင့်စရိုက်မတူသူ၊ ဒေသအမျိုးမျိုး၊ ပုံစံအသွယ်သွယ် နဲ့လာရောက်ကြတဲ့ ကလေးတွေကို ထိမ်းကျောင်းရတဲ့အပြင် သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေကို ပါ အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးရပါတယ်။ “အခုအချိန်အထိ ကလေးအယောက် ၂၀၀ ကျော် အကူအညီပေးခဲ့ပြီးပါပြီ။ တချို့က အိမ်ထောင်ကျတဲ့ ကလေးတွေရှိသလို မလေးရှား ရောက်တာတွေလည်း ရှိတယ်။ အစုံအလင်ပါပဲ။ ကျွန်မ မျှော်လင့်ခဲ့တဲ့အတိုင်းလည်း တော်တော်များများ ဖြစ်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အသိအမှတ်ပြုသလို လက်ရှိ မျှော်လင့်ထားတဲ့အရာတွေလည်း တစ် နေ့တော့ ပိုင်ဆိုင်ခံစားရမယ်လို့ ယုံကြည်ပါတယ်”လို့ ဒေါ်တွီးတွီးက ပြောပါတယ်။

“ကျွန်မအတွက် အမှတ်တရ အဖြစ်ဆုံးက အခု ဒုတိယတန်း ရောက်တဲ့ကလေးပေါ့။ တစ်လသားနဲ့ ကျွန်မဆီ ရောက်လာတာ။ အဲဒီတုန်းက ကျွန်မက လူငယ်လည်း ဖြစ်တယ် အပျိုမလည်း ဖြစ်တယ်။ တစ်လသားလေးကို  ရင်ဝယ်ပိုက်ပြီးတော့ ကိုယ်နဲ့အတူ အိပ်ရတဲ့အခါကျတော့ ညတိုင်းကို ငိုရတယ်။ သူနို့ဆာပြီဆိုရင် သူက ဟိုနားနှိုက်လိုက် ဒီနားနှိုက်လိုက်နဲ့ဆိုရင် အရမ်းကို ခံစားရ တယ်။ အပျိုမအရွယ်ဆိုပေမဲ့ ငါ့နို့ သာထွက်မယ်ဆိုရင် တိုက်ချင်တယ်ဆိုတဲ့စိတ် ဖြစ်ပေါ်မိတယ်။ အပျိုမမှာ နို့မထွက်ဘူးဆိုတဲ့အသိကြောင့် ရေနွေးလေးနဲ့နို့မှုန့်လေး ဖျော်လိုက်၊ နို့မှုန့်ဆိုတာကလည်း တစ်ထုပ် ၂၀၀ တန်လေး တစ်ထုပ်ပဲ တိုက်နိုင်တယ်။ အဲဒီတုန်းက အရမ်းကို ခက်ခဲတဲ့အချိန်ပါ။ အဲဒါတောင် တစ်ခါတလေ အကြွေးယူလိုက်၊ လက်စွပ်လေး ပေါင်လိုက်နဲ့ အဆင်ပြေရင် ပြန်ရွေးလိုက်နဲ့ပေါ့။ အဲဒီကလေးလေးက အမှတ်တရအဖြစ်ဆုံးပါ”တဲ့။ လမ်းပန်းဆက်သွယ်ရေးကနေ အစစအ ရာရာခက်ခဲနေတဲ့ ချင်းပြည်နယ်ထဲက ကျေးရွာလေးတွေထဲမှာ မိဘမဲ့ ကလေးငယ်တစ်ယောက် ရှင်သန်ခွင့်ရဖို့ဆိုတာ တကယ့်မဟာအခွင့်အရေးကြီးတစ်ခုပါ။

မိဘမဲ့ကလေးကျောင်းတွေကို နေရာအမျိုးမျိုး ရောက်ခဲ့ဖူးပေမယ့် ဒီဂေဟာမှာတော့ ကလေးတွေရဲ့ အမူအရာ တစ်မူထူးခြားတာ တွေ့ရပါ  တယ်။ ဒီက ကလေးတွေရဲ့ လွတ်လပ်ပျော်ရွှင်နေတဲ့ အမူအရာပါ။ သူတို့ တကယ်ရောပျော်ရွှင်ကြတာ ဟုတ်ရဲ့လားဆိုတာ ကျွန်တော် သေသေချာချာ စေ့စေ့စပ်စပ် လေ့လာ ကြည့်ပါတယ်။ တစ်ခါတလေ သူတို့ဟာ သူတို့ကိုယ်သူတို့ မိဘမဲ့ဆိုတာ မေ့နေကြသလိုပဲ။ ဒီဂေဟာက ဦးစတီဗင်နဲ့ဒေါ်တွီးတွီးတို့ကသာ သူတို့မိဘဖြစ်နေတာကိုး။ ညဘက် TV ကလာတဲ့ ပရီးမီးယားလိဂ် ဘော လုံးပွဲကို သူတို့နဲ့အတူကြည့်မိတယ်။ ဘောလုံးသမားတွေအကြောင်း သူတို့က ပိုသိနေသလိုပဲ။ “ဒီကောင် တွေက ကျောင်းမှာတော့ ဘောလုံးနဲ့ ပတ်သက်ရင် ဆရာကြီးတွေပဲ။ ကျွန်တော်က First Eleven တို့ အပတ် စဉ် ဝယ်ပေးတယ်။ သူတို့က အဲဒါပုံမှန်ဖတ်တယ်။ သူတို့ တစ်ပတ်တစ်ခါ ဘောလုံးပွဲကြည့်ရတယ်ဆိုတော့ တချို့ ဘောလုံးသမားတွေအကြောင်း သိချင်ရင် သူတို့ ပြန်မေးရတယ်။ စာဖတ်တဲ့ အလေ့အကျင့်လည်း ရသွား အောင် အပတ်စဉ် အားကစားဂျာနယ် ဝယ်ပေးထားတယ်”လို့ ဂေဟာကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးစတီ ဗင်က ပြောပါတယ်။ ကိုစတီဗင် ကိုယ်တိုင်က စာသမားတစ်ဦး၊ ကဗျာဆရာ တစ်ဦးဖြစ်တော့ ကလေးငယ်တွေ ကိုလည်း စာအုပ်၊ စာပေနဲ့ထိတွေ့ စေပြီး အခုဆိုရင် ဂေဟာမှာ စာကြည့်တိုက်တစ်ခုလုပ်ဖို့ ကြိုးစားနေ ကြတယ်လို့ သိရပါတယ်။

ဂေဟာဖွင့်လာတဲ့ သက်တမ်းအရ အသက်ကြီးသည်အထိ ဂေဟာမှာ နေထိုင်ပြီး အခုဆိုရင် ဂေဟာအ တွက် ရက်ကန်းလုပ်ငန်းကိုပါ ဦးဆောင်ပေးနေတဲ့ မိန်းမပျိုတစ်ဦးနဲ့လည်း တွေ့ဆုံ စကားပြောခဲ့ရပါတယ်။ “ကျွန်မက ဒုတိယတန်းမှာ ရောက်လာတယ်။ လက်ရှိမှာတော့ ရိုးရာ ရက်ကန်းစင်တွေလုပ်နေ တယ်။ ဒီမှာ ကြီးပြင်းပြီး ဒီမှာ ကိုယ့်ညီမလေးတွေကို ရက်ကန်းပညာ ပြန်သင်ပေးချင်တယ်။ ဒီမှာ နေရတာက ကိုယ့်မိသားစုလိုပဲ ငယ်ငယ်လေးကတည်းက ဒီမှာကြီးတာဆိုတော့ ကိုယ့်မိသားစုလို သံယောဇဉ် ဖြစ်နေပါပြီ။ တစ်ခါတစ်ခါ လူတ အားများတော့ စိတ်အခန့်မသင့်တာ ရှိပေမဲ့ အဆင်ပြေပါတယ်။ ဒီမှာနေရတာ ကိုယ့်ဘဝတူ ညီမလေးတွေ မောင်လေးတွေ ပြန်ပြုစုရတာဆို တော့ ပျော်ပါတယ်။ ဒီမှာ ဘယ်အသက်အရွယ်အထိနေမလဲ မပြောနိုင်ပေမဲ့ ဘုရားသခင်ခွင့်ပေးသည် အထိနေပြီး မောင်လေး၊ ညီမလေးတွေ ပြုစုသွားမှာပါ။ ဒီက ကျွန်မကို ငယ်ငယ်ကတည်း အခုထိ ပြုစုပျိုးထောင်ပေးတဲ့ နူးနူးကို အရမ်း ကျေးဇူးတင်ပါတယ်။ အဓိက ပညာရေး ကျန်းမာရေးအတွက် အခက်အခဲရှိတယ်။ ကျွန်မအမေနဲ့ အဖေက မမြင်ရဘူး။ မတွေ့ဖူးဘူး။ ကျွန်မ ငါးလ သားအရွယ်မှာ အမေက ဆုံးသွားတာ။ အဖေက သုံးနှစ်မှာ ဆုံးသွားတယ်။ ကျွန်မ အစ်ကိုတစ်ယောက်က အမေရိကန်မှာ၊ အစ်ကိုလတ်က မလေးရှားမှာ။ အစ်ကိုတစ်ယောက်က ခရစ်ယာန်ပါစတာပါ။ အစ်မ သုံး ယောက်က တောင်သူတွေပါ။ သူတို့ တစ်တွေ ခေါ်ပေမဲ့ ဒီမှာ ကိုယ့်ညီမ၊ မောင်လေးတွေ ပြုစုချင်တယ်။ အ ခွင့်ရှိရင်တော့ နောက်မှအတူနေကြမယ်လို့ အစ်ကိုအစ်မတွေကို ပြောထားပါတယ်”လို့ ဂေဟာမှာ ရက် ကန်းစင်မှာ ဦးစီးလုပ်ဆောင်နေတဲ့ အသက် ၂၂ နှစ်အရွယ် မအဲလီဇဘက်က ပြောကြားပါတယ်။

ဂေဟာတစ်ခုကို မိန်းမပျိုလေး ဘဝနဲ့ စတင်တည်ထောင်ခဲ့တဲ့ ဒေါ်တွီးတွီးအတွက်တော့ သိပ်လွယ်ကူ လှသည်မဟုတ်။ အခက်အခဲ ပေါင်းစုံက စောင့်ဆိုင်းနေပါတယ်။ “အရင်တုန်းကတော့ ဝမ်းနည်းစရာလို တွေးခဲ့တာ အများကြီး ရှိပေမယ့် အခုနောက်ပိုင်းကျတော့ အရာအားလုံး အသက်နဲ့အမျှလို့ ပြောရမလား အသက် ၁၇ နှစ်မှာ ဂေဟာ စခဲ့တယ်။ ကလေးတစ်ယောက်ရဲ့ ခံစားချက်၊ မိန်းမတစ်ယောက်ရဲ့ ခံစား ချက်တွေရှိပေမယ့် အခု နောက်ပိုင်း ခံစားစရာ ကြီးကြီးမားမား မရှိပါလား လို့ ကိုယ့်ဟာကိုယ် ပြန်ဖြေတယ်” လို့ ပြောပြပါတယ်။

လူတိုင်းလူတိုင်းမှာ ဘဝတစ်ခု ကိုယ်စီနဲ့ အခက်အခဲတွေ ကျော်ဖြတ်နေရဆဲပါ။ လူ့ဘဝကို ဘုမသိ ဘမသိနဲ့ရောက်ရှိလာခဲ့ပြီး အုပ်ထိန်းစောင့်ရှောက်မယ့်မိဘတွေက အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာခဲ့တဲ့ ကလေးငယ်တွေအတွက် အရမ်းကိုခက်ခဲမယ်ဆိုတာ ပြောစရာမလိုအောင်ပါပဲ။ သူတို့ရဲ့ဘဝတွေကို စာနာစိတ်နဲ့စောင့်ရှောက်ပေးမယ့် ဒီလိုဂေဟာလေးတွေက သူတို့အတွက်တော့ အလွန်သာယာချိုမြိန်မယ့် နေရာတစ်ခုပေါ့။ ဒီဂေဟာက လွတ်လပ်ပေါ့ပါးတဲ့ အမူအရာတွေ သူတို့ တာဝန်ကိုသူတို့ သိတတ်တဲ့ စိတ်တွေ၊ သူတို့ ပျော်ရွှင်မှုတွေက သူတို့ မျက်နှာမှာ အထင်းသားပေါ်နေပါတယ်။ ချင်းပြည်နယ် အနယ်နယ်အရပ်ရပ်က ရောက်လာတဲ့ တောပန်းလေးတွေကို သူတို့ဘဝ သူတို့ရဲ့ခြေထောက်ပေါ် ရပ်တည်နိုင်သည်အထိ စောင့်ရှောက်ပေးနေတာကိုတော့ ကျွန်တော်တို့ ငြင်းချက်ထုတ်စရာမလို။ သူတို့ တစ်ဦးချင်းစီရဲ့ ကြိုးစားမှုနဲ့အတူ သူတို့ဘဝကို တောက်ပြောင်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။  ကလေးငယ်အားလုံးကို ဘုရားသခင်က စောင့်ရှောက်ပါစေလို့ ဆုတောင်းရင်း။

 

Most Read

Most Recent