ပြည်ပကို စပါးမှောင်ခိုတင်ပို့မှုက ဘာတွေဖြစ်လာနိုင်သလဲ

ပြည်ပကို စပါးမှောင်ခိုတင်ပို့မှုက ဘာတွေဖြစ်လာနိုင်သလဲ
ဧရာဝတီတိုင်း ကျေးလက်တစ်ခုတွင် စပါးစိုက်ပျိုးနေသည်ကို ပြီးခဲ့သည့် စပါးစိုက်ရာသီက တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
ဧရာဝတီတိုင်း ကျေးလက်တစ်ခုတွင် စပါးစိုက်ပျိုးနေသည်ကို ပြီးခဲ့သည့် စပါးစိုက်ရာသီက တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
Published 11 November 2018
မင်းသူဝင်းထွဋ်

တရုတ်နိုင်ငံသား ဆင်းဝယ်ခြင်း မဝယ်ခြင်းက ကျွန်တော်တို့ သက်သေမပြနိုင်ပါဘူး။ ကျွန်တော်တို့လည်း အပြောပဲရှိနေတဲ့ အပေါ်မှာ ကျွန်တော်တို့ သိသလောက် တရားမဝင် စပါးထွက်နေတယ်။ အဲဒီစပါးကို တားပေးပါဆိုတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်တဲ့ ပြည်နယ်၊ တိုင်းအစိုးရတွေ၊ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေ ပူးပေါင်းပြီးတော့ တားဆီးရေး ဆောင်ရွက်နေပါတယ်” လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက အောက်တိုဘာလဆန်းပိုင်း အတွင်းက ပြောကြားခဲ့ပါတယ်။

မှန်ပါတယ်။ တရုတ်နိုင်ငံကို စပါးမှောင်ခိုတင်ပို့မှုတွေက ရှိနေပါတယ်။ တရုတ်နိုင်ငံက ဝယ်လက် အများစုဟာ ပြည်တွင်းကို ဝင် ရောက်လာပြီးတော့ တိုက်ရိုက် ဝယ်ယူမှု၊ ပြည်တွင်းပွဲစားများမှ တစ်ဆင့် ဝယ်ယူမှုတွေလည်း ရှိခဲ့ပါ တယ်။ ဒါဟာ တရုတ်နိုင်ငံဟာ သူတို့ပြည်တွင်း လိုအပ်ချက်အရ တရားမဝင်ဝယ်ယူမှုပါပဲ။ တရားမဝင် ဝယ်ယူရောင်းချခြင်းတွေကို ဖမ်းဆီးရမှာလည်း တာဝန်တစ်ခုပါပဲ။ ဖမ်းလည်း ဖမ်းဆီးခဲ့ပါတယ်။

စပါးမှောင်ခိုတင်ပို့မှုဟာ နိုင်ငံအတွက် အကျိုးရှိလား

မှောင်ခိုရောင်းချခြင်း တင်ပို့ ခြင်းဟာ နိုင်ငံအတွက် အကျိုးမရှိ တာတော့သေချာပါတယ်။ တရား ဝင် အခွန်အခများကောက်ခံလို့ မရရှိရုံသာမက နိုင်ငံအတွင်း ယခုနှစ် စပါးတန်ချိန် တင်းချိန် ဘယ် လောက်ထွက်တယ်။ ဘယ်လောက် ပိုလျှံတယ်။ ဘယ်လောက်တင်ပို့ ရောင်းချနိုင်ပြီးတော့ အကျိုးအမြတ် ဘယ်လောက်ရှိခဲ့တယ်ဆိုတဲ့ ကိန်းဂ ဏန်းအခ ျက်အလက်တွေကိုပါအစ တွက်ချက်လို့မရရှိနိုင်တော့ပါဘူး။ စပါးကို တရားဝင်တင်ပို့ဖို့လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရားဝင်ခွင့်ပြု ပေးမထားပါဘူး။

စပါးမှောင်ခိုကြောင့် ဘာတွေဖြစ်လာနိုင်သလဲ

အောက်တိုဘာ ၆ ရက်က ကျင်းပခဲ့တဲ့ ဒုတိယသမ္မတနှင့် လုပ် ငန်းရှင်များတွေ့ဆုံပွဲမှာ ဆန်စက် လုပ်ငန်းရှင်အချို့က စပါးများတရား မဝင်မှောင်ခိုဝင်ထွက်ရှိနေမှုကို ထိရောက်စွာ အရေးယူကိုင်တွယ်နိုင်ခြင်း မရှိပါက ပြည်ပဝယ်လက်တွေက စပါးစျေးနှုန်းဖျက်၍ လိုအပ်သလောက်သာ ဝယ်ယူခြင်းကြောင့် ပြည်တွင်းဆန်စပါး စျေးကွက်အပေါ် ထိခိုက်ခြင်း၊ စပါးစျေးနှုန်း၊ ဆန်စျေးနှုန်း ကြီးမြင့်လာစေခြင်း၊ ပြည်တွင်း ဆန်စက်အချို့ လုံးဝရပ်နားရမည့် အခြေအနေ ဖြစ်လာခြင်း၊ ဆန်ထွက်ကုန်ကြမ်းများနှင့် ပက်သက်၍ ဆက်နွှယ် လုပ်ကိုင်နေသည့် ကြက်မွေးမြူရေး၊ ငါး၊ နွားမွေးမြူရေး လုပ်ငန်းများ လျော့ကျစေခြင်းစတဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်စေကြောင်း တင်ပြခဲ့ကြပါတယ်။

လုပ်ငန်းရှင်များ တင်ပြချက်ဟာ မှန်ကန်ပါတယ်။ စပါးကို ကြိတ်ခွဲလိုက်ပြီ ဆိုတာနဲ့ ဆန်ပဲဖြစ်ပေါ် လာတာ မဟုတ်ပါဘူး။ ဆန်၊ ဆန်ကွဲ၊ ဖွဲနု၊ ဖွဲကြမ်း၊ စပါးခွံစသည့် အဆင့် ဆင့်သော ဘေးထွက်ပစ္စည်းများစွာ ထွက်ရှိပါတယ်။ ပြည်တွင်းမှာလည်း အရည်အသွေးမြင့် ဆန်စက်ပေါင်း များစွာရှိနေတာကြောင့် နိုင်ငံတ ကာက လက်ခံနိုင်တဲ့ ဆန်ကြိတ်ခွဲမှု မျိုးဖြစ်ဖို့ မခက်လှပါဘူး။ ရရှိလာတဲ့ ဆန်ချောဟာ ပြည်တွင်းစျေးကွက်အ တွင်း ရောက်ရှိနိုင်သလို ပြည်ပစျေးကွက်ကိုလည်း တင်ပို့လို့ရပါတယ်။ ပြည်ပစျေးကွက်ကို စပါးချည်း တင် ပို့တာထက် ဆန်အဖြစ်တင်ပို့တာ ဟာ ပိုမိုစျေးရရှိနိုင်ပါတယ်။ ဆန်ကွဲ ဟာလည်း ပြည်တွင်းစျေးကွက်ရှိသ လို ပြည်ပစျေးကွက်လည်း ရှိနေပါ တယ်။ ဖွဲနု၊ ဖွဲကြမ်းများကတော့ ပြည် တွင်းမှာရှိတဲ့ မွေးမြူလုပ်ငန်းများမှာ တိရစ္ဆာန်အစာအဖြစ် ရောင်းချနိုင်ပါ သေးတယ်။ ပြည်ပကို စပါးအဖြစ် မှောင်ခိုရောက်ရှိသွားမယ်ဆိုရင်  တိရစ္ဆာန်အစာရှားပါးခြင်းဖြစ်ပေါ်လာမှလည်း အသေအချာပါပဲ။ ဒါ့အပြင် ဆန်စက်များမှာ မှီခိုနေရတဲ့ လုပ်သားတွေ အရေအတွက် လျော့ကျသွားနိုင်ပါတယ်။

ပြည်ပကို စပါးရောင်းချမှုဟာ ဘယ်သူမှ အကျိုးမရှိဘူးလား

ပြည်ပကနေ စပါးကို တိုက်ရိုက်ဝယ်ယူတာတွေ စပါးမှောင်ခိုပို့ဆောင်မှုတွေဟာ အထက်မှာ ပြောဆိုခဲ့သလိုပဲ ဆိုးကျိုးအပြစ်များစွာ ရှိနေပါတယ်။ ဒါပေမဲ့ ဒီလိုပြည်ပကို စပါးရောင်းချမှုဟာ လုံးဝအကျိုးမရှိတာလားဆိုတော့ လုံးဝမဟုတ်ပါဘူး။ တောင်သူတွေမှာ အကျိုးများစွာ ဖြစ်ထွန်းခဲ့ပါတယ်။ နိုင်ငံတော်က စပါးကြမ်းခင်းစျေးကို သတ်မှတ်ခဲ့ပြီး နောက်ပိုင်းမှာ စပါးစျေးဟာ တင်းတစ်ရာကို ကျပ်ငါးသိန်းအထက်မှာ အမြဲရှိနေခဲ့ပါတယ်။ စပါးကြမ်းခင်းစျေး သတ်မှတ်ပြီးနောက်မှာ အထွေထွေ သွင်းအားစုများရဲ့ ကုန်ကျစရိတ်တွေ အထွေထွေကုန် စျေးနှုန်းတွေဟာ သတ်မှတ်ခဲ့တဲ့အ ချိန်တုန်းက စျေးနှုန်းအတိုင်း ရပ် တန့်နေမှာမဟုတ်ဘဲ ဆက်လက်မြင့် တက်နေခဲ့တာ အားလုံးအသိပါပဲ။ တောင်သူတွေအတွက် သိပ်ထူးခြား မှုမရှိခဲ့ပါဘူး။ ယခုနှစ်လယ်ပိုင်း လောက်က စပြီး စပါးမှောင်ခိုတင် သွင်းပို့ဆောင် ဝယ်ယူမှုတွေကြောင့် စပါးစျေးနှုန်းဟာ အမြင့်ပိုင်းမှာကို ရှိနေခဲ့ပါတယ်။ တောင်သူတွေအ တွက် မျှော်လင့်ချက်ရောင်ခြည်ပို လာခဲ့ပြီး စျေးနှုန်းအမြင့်ကို ရရှိနိုင် စေခဲ့ပါတယ်။ စပါးကိုပြည်ပကို ပို့ ဆောင်မှုကြောင့် ပြည်ပမှောင်ခိုဝယ် လက်များကြောင့် တောင်သူတွေ အ ကျိုးရှိခဲ့တာကတော့ အသေအချာပါပဲ။ ပြည်ပမှဝယ်ယူမှုကြောင့် ပြည်တွင်းက ကုန်သည်တွေဟာ လည်း စျေးနှုန်းအမြင့်ကို လိုက်ပြီး တော့ ပေးဝယ်ရပါတော့တယ်။ ကုန် သည်တွေဟာ စျေးနှုန်းအမြင့် ကြောင့် စျေးတွက်မကိုက်ဘူးဆိုပေ မယ့် သူတို့ပြန်လည်ရောင်းချရာ စျေးကွက်မှာလည်း စျေးကွက်အမြင့် ဖြင့်သာ ပြန်လည်ရောင်းချတာပါ။ ဘယ်လုပ်ငန်းရှင်မှ အရှုံးခံပြီး လုပ် ငန်းတစ်ခုကို အကောင်အထည်မ ဖော်ပါဘူး။

“တရုတ်က မဝယ်ရင်တော့ စျေးကကျတာပဲ။ အဲဒီစျေးကွက် လေးရှိနေသေးတော့ စပါးစျေးကမာ လာပြီးတော့ ဆန်စျေးပါမာလာတာ။ တရုတ်ကိုသွားဖို့လမ်းက ဆန်ကလည်း မသွားနိုင်ဘူး။ စပါးကလည်း မသွားနိုင်ဘူး ဆိုရင်တော့ စပါးဝယ် တဲ့သူကမရှိတော့ တဖြည်းဖြည်းနဲ့ စပါးစျေးက တအားကျလာတယ်။ ဆန်ကလည်း ဒီဘက် export ဒေါ်လာစျေးက ရှုပ်ထားတော့ သိပ်ပြီးတော့ ပက်ကားရိုက်ထားတဲ့သူတွေ မရှိဘူး။ မရှိတော့ အကုန်လုံး စျေးကွက်က ပျက်သလိုဖြစ်နေတယ်။ အမြင့်အတိုင်းလည်း ရောင်းလို့မရတော့ဘူး။ မှောင်ခိုစျေးသွားဖို့လည်း အဖမ်းအဆီးနဲ့ဆိုတော့ သိပ်မတက် ရဲတော့ဘူး။ နောက်ပြီးတော့ တရုတ်က အများကြီးဝယ်တဲ့ပုံစံလည်း မ ပေါ်ဘူး။ စျေးတန်းမျှရုံ ကိုက်ရုံလေး ပဲ လိုက်တိုက်ပြီးတော့ ဝယ်သွားတာ။ အရင်လို စျေးဖွင့်ပြီးတော့ မဝယ် တော့ဘူး။ သူတို့ကုန်သည်က တိုက် ရိုက်ဆင်းလာပြီး ဝယ်လို့မရတဲ့အ တွက် တစ်ဆင့်ခံ တစ်ဆင့်ခံနဲ့ဆိုတော့ ဟိုရောက်သွားတော့ သိပ်မ ကိုက်တော့ဘူး။ တရားဝင်သာပေး လိုက်ရင် ပိုကိုက်မယ်။ ကျွန်တော်တို့ ပဲခူးတစ်ကြောမှာဆိုရင် ငါးသိန်း စျေးလောက်ပဲ ရှိတော့တယ်။ ဧရာ ဝတီဘက်ကသာ စျေးကောင်းတာ မြောင်းမြကတော့ စျေးအသာဆုံးပဲ။ စပါးတင်သွင်းခွင့်ပြုလို့ မွေးမြူရေး လုပ်ငန်းတွေမှာ ထိခိုက်မှုရှိတယ်ဆို ပေမယ့် မွေးမြူရေးသမားကလည်း ပုံစံပြောင်းသွားရမှာပဲ။အခြားနိုင်ငံ တွေမှာ မွေးသလို အစာစပ်လုပ်ငန်း တွေ အစာစပ်တွေပြောင်းမှာပဲ။ အဲ ဒါက လုံခြုံမှုလည်းပိုရှိတယ်လေ။ ကျွန်တော်တို့ နိုင်ငံမှာ အဓိကစီးပွား ရေးလုပ်တဲ့သူက တောင်သူပဲရှိတာ လူအများစုပေါ့။ လူအများစုကောင်း စားသွားမှ နိုင်ငံတိုးတက်မှာ။ လူ နည်းစုတစ်စုတည်းအတွက်ကို ကြည့်ပြီးတော့ လုပ်လာလို့ရှိရင် တော့ ဘယ်လိုမှလည်း တိုးတက်မှာ မဟုတ်တော့ဘူး။ သီးနှံပေါ်ချိန်မှာ စျေးကျအောင် အမျိုးမျိုးလုပ်မယ်။ လုပ်ပြီးသွားရင် ဒီသီးနှံကို ကျစျေးနဲ့ ဝယ်ထားမယ်။ လှောင်ထားမယ်။ သူတို့လက်ထဲ ပစ္စည်းရောက်သွားရင် တက်စျေးနဲ့ ပြန်လွှတ်မယ်။ နောက် ဆုံးစားသုံးသူပဲ ပြန်ထိခိုက်တာပေါ့။ အဲဒီလိုအကွက်က နင်းလာတာ နှစ် ပေါင်းကို မနည်းတော့ဘူး။ အစိုးရ အနေနဲ့ တရားဝင်ရောင်းချခွင့် အသေအချာ လုပ်သင့်တယ်” ဟု ဆန်စပါးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးမျိုးတင့်က သုံးသပ်ပြောကြားပါတယ်။

တောင်သူတစ်ဦးဟာ ကိုယ်တိုင် ဆန်ကြိတ်ခွဲ စျေးကွက်တင်ရောင်းချမှုတွေ၊ ပြည်ပကို ပို့ဆောင် ရောင်းချမှုတွေ လုပ်ဆောင်ဖို့ဆိုတာ လွယ်ကူမှုမရှိသလို လုပ်ဆောင်နိုင် စွမ်းလည်းမရှိကြပါဘူး။ အချိန်တန် စပါးပေါ်လာရင် တလင်းထဲအထိ လာရောက်ဝယ်ယူတဲ့ ကုန်သည် ပွဲစားတွေ ဆန်စက်တွေမှာပဲ ရောင်း ချရတာပါ။ စျေးကွက်ထဲမှာ ဒီစျေး နှုန်းပဲရမယ်ဆိုရင် ရတဲ့စျေးနှုန်းပဲ အကြွေးများစွာကြောင့် မဖြစ်မနေ ရောင်းချနေရပြီး အကြွေးဆပ်၊ နောက်တစ်ရာသီကို ပြန်လည်ရင်းနှီး စိုက်ပျိုးကြရတာပါ။ သီးနှံပေါ်ချိန်မှာ စျေးနှုန်းအမြင့်ရဖို့က တောင်သူများအတွက် မျှော်လင့်ချက်ပါပဲ။ တောင်သူတွေဟာ မှောင်ခိုစျေးကွက် ဆိုတာလည်း နားမလည်ပါဘူး။ သူတို့သီးနှံလေး စျေးနှုန်းအမြင့်ရဖို့ပဲ မျှော်လင့်တာပါ။               

“သတင်းတွေမှာ ကြားပါတယ်ဗျာ။ နိုင်ငံခြား စပါးမှောင်ခို ပို့နေလို့ စျေးတွေတက်ကုန်လို့ ဖမ်းပေးပါဘာညာနဲ့ ပြောနေတာတွေ။ မှောင်ခိုမဖြစ်အောင် တရားဝင်လုပ်ပေါ့ဗျာ။ ကျွန်တော်တို့ကတော့ မှောင်ခိုတွေ စျေးကွက်တွေ မသိဘူး။ အဲဒီအချိန်က စပါးစျေး တော်တော်ကောင်းတယ်။ ကောင်းတော့ အမြန်တောင် သိမ်းချင်တာ။ အခုကျ စပါးစျေးက ပြန်ကျလာတယ်။ ကျလာတော့ ကျွန်တော်တို့ ပိုမရတော့ဘူး။ ပိုမရတော့ အပိုအလျှံ မထွက်သလို ဘာမှမလုပ်နိုင်ဘူး ဒါပဲသိတယ်” လို့ ကန်ကြီးထောင့်မြို့နယ်မှ တောင်သူ ဦးလေးမြင့်က ပြောပါတယ်။

တောင်သူများရဲ့ ဝင်ငွေရလမ်း ဟာ သီးနှံရောင်းချခြင်းပဲ ရှိတာပါ။ မြန်မာ့ဆန်စပါးဟာ ဓာတုဓာတ်ကြွင်းများနဲ့ အရည်အသွေး မပြည့်မီလို့ နိုင်ငံတကာကို မထိုးဖောက်နိုင်။ လယ်မြေတွေကို အဆင့်မမြင့်နိုင်လို့ သွင်းအားစု ကုန်ကျစရိတ်တွေပိုများ နေရပြီး စျေးနှုန်းကလည်း အမြင့် မှာဖြစ်နေတယ်လို့ ပညာရှင်များက ထောက်ပြကြပါတယ်။ နိုင်ငံတော် အနေနဲ့လည်း တောင်သူများကို စနစ်ကျလယ်ယာမြေတွေ ပြုပြင်ပေး ရာမှာ အကန့်အသတ်သာ ရှိကြပါ တယ်။ တောင်သူတွေအနေနဲ့လည်း မပြင်နိုင်ကြပါဘူး။ သို့ပေမဲ့ သီးနှံ စျေးနှုန်းက အမြင့်စျေးတစ်ခုဖြစ်နေ၊ အမြတ်အစွန်းလည်း များနေမယ်ဆို ရင် တောင်သူတွေဟာ ကိုယ်တိုင် လယ်ယာမြေကို ပြုပြင်ဆောင်သွားဖို့ အရင်းအနှီးလည်း ပိုလာနိုင်သလို အမြတ်အစွန်းများစွာရနေတဲ့ လုပ်ငန်းတစ်ခုကို ပိုမိုရင်းနှီးမြှုပ်နှံသွားမှာ လူ့သဘာဝပါပဲ။

“စပါးတင်ပို့တာတွေက လောလောဆယ်တော့ တောင်သူတွေ အကျိုးရှိသွားမယ်။ ဒီမှာက ထွက်တဲ့ သီးနှံ ၇၀ ရာခိုင်နှုန်းက ပြည်ပကို ရောင်းစားနေတာပဲလေ။ ပြည်တွင်း စားနပ်ရိက္ခာအရ လူတစ်ဦးကို ၁၆ ပေါင်တိုက်စပါးတင်း ၁၅ တင်း ဒါက ဝမ်းစာပေါ့။ ကျန်တဲ့ဟာက အကုန်ပို တယ်။ ပိုတယ်ဆိုတာက နှစ်သီးစိုက် လိုက်ပြီဆိုရင် ပိုတယ်။ တိရစ္ဆာန်စာ ဖြစ်တဲ့ စပါးခွံတို့၊ ဖွဲတို့၊ ပွိုင့်တို့က တော့ နည်းနည်းလေး စျေးကြီးသွား မယ်။ အခုဆို မနောသုခတို့လိုမျိုးဆို ခြောက်သိန်းအောက်ကို ကျသွားပြီ။ ပေါ်ဆန်းတို့လိုမျိုးဆိုရင် ၁၀ သိန်း အောက်ကို ကျသွားပြီ။ လောလော ဆယ် စပါးအတိုင်းကို တင်ပို့မယ်ဆို ရင်တော့ တောင်သူအကျိုးရှိတာ ပေါ့။ ကုန်သည်ကတော့ အော်မှာ ပေါ့။ စပါးအတိုင်းဆိုရင် တိရစ္ဆာန် အစာအတွက်သာ နည်းနည်းခက် မယ်။ ဒါပေမဲ့ နည်းပညာမြင့်အစာ တွေ အစားထိုးလာမှာပဲ။ မှောင်ခို သွားနေလို့လည်း ပြည်တွင်းမှာ စား နပ်ရိက္ခာပြတ်တောက်သွားတာမျိုး လုံးဝမဖြစ်နိုင်ဘူး။ စျေးကြီးသွားတာ ပဲရှိတယ်။ နှစ်သီးစိုက်လိုက်ရင် အများကြီးပိုတယ်။ တကယ်လို့ မပို့ရ ဘူး ဖမ်းမယ်ဆိုရင် စပါးပေါ်ချိန်မှာ ဖမ်းတာထက် တလင်းသိမ်းချိန်ပေါ့။ စပါးပေါ်ပြီးလို့ ကုန်သည်တွေလက် ထဲ ရောက်တဲ့အချိန်ကျလည်း တ ကယ်ဖမ်း။ အခုက စပါးပေါ်ချိန်မှာ ဖမ်းပြထားပြီးတော့ အဝယ်မရှိတော့ စျေးကျ။ ကုန်သည်လက်အကုန် ရောက်မှ တလင်းသိမ်းမှ စပါးအတိုင်းသာ ပြန်ထွက်မယ်ဆိုရင်တော့ ပြသနာရှိတယ်။ တောင်သူအတွက် လည်း အကျိုးမရှိဘူး။ ကုန်သည်တွေ ပဲ အကုန်ရမှာ။ ကုန်သည်တွေမှာ ပြောစကားရှိတယ်။ ပိတ်ထားတာမ ဟုတ်ဘူး။ စေ့ရုံပဲစေ့ထားတာ။ တွန်းဝင်တက်ရင် ဝင်လို့ရတယ်ဆိုတာ” ဟု ဆန်စပါးကုန်သည် တစ်ဦးဖြစ်သူ ကိုရန်မျိုးကြည်က ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှ EU နိုင်ငံများသို့ တင်ပို့မည့်ဆန်များကို ဥရောပသမဂ္ဂက ပေးထားသည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး GSP ကို လည်း ယာယီရုပ်သိမ်းသွားဖို့ EU ကပြင်ဆင်နေပါတယ်။ GSP သာ ရုပ်သိမ်းသွားမယ်ဆိုရင် EU နိုင်ငံများက မြန်မာနိုင်ငံမှ ဆန်ဝယ်ယူမှုကလည်း လျော့ကျသွားဖို့ ရှိနေပါတယ်။ ဒါဟာ ပြည်တွင်း ဆန်စပါးစျေးကွက်ကို တစ်နည်းမဟုတ် တစ်နည်း ထိခိုက်စေမှာပါ။ တရုတ်နိုင်ငံကို ဆန်တင်ပို့နေရမှုကလည်း မြန်မာနိုင်ငံဘက်ကသာ တရားဝင်တင်ပို့ခွင့် ရထားတာဖြစ်ပေမယ့် တရုတ်နိုင်ငံက တရားဝင် ခွင့်မပြုထားသေးပါဘူး။ ဒါဟာ တရုတ်နိုင်ငံဘက် ပြည်တွင်းမှာရှိတဲ့ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်လိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါလိမ့်မယ်။

ပြည်ပတရားဝင်ပို့ကုန် လျော့ကျရင် ပြည်တွင်းမှာလည်း စပါးစျေးနှုန်းဟာ ပြန်လည်ကျဆင်းသွားနိုင်ပြီး တကယ်တမ်း ထိခိုက်မှာက တောင်သူများပါပဲ။

တောင်သူများရဲ့ အကျိုးစီးပွားကို မြှင့်တင်ပေးပါ

ပြည်ပကို စပါးမှောင်ခို တင်သွင်းမှုဟာ နိုင်ငံအတွက် အကျိုးမရှိ ဘူးဆိုပေမယ့် တောင်သူများအ တွက်တော့ သီးနှံစျေးနှုန်းအမြင့်ကို ရရှိတဲ့အတွက် အကျိုးရှိနေပါတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်သလို နိုင်ငံရဲ့အဓိကစီးပွား ရေးဟာ ဆန်စပါးအခြေခံထုတ်ကုန် ကို အဓိကထုတ်လုပ်ပေးနေတာ တောင်သူများပါ။ တောင်သူများအ နေဖြင့် ဝင်ငွေတိုးပွားလာပါက နိုင်ငံ စီးပွားရေးမြင့်တက်လာနိုင်သလို တောင်သူများဟာ ဝင်ငွေပို တိုးပွား လာဖို့ လယ်ယာမြေပြုပြင်ခြင်းတွေ၊ နည်းစနစ်တကျ သီးနှံစိုက်ပျိုးမှုတွေ ပိုမိုအားထည့် လုပ်ဆောင်လာပါ လိမ့်မယ်။ ဒါဟာ ကျွဲကူးရေပါဖြစ် စဉ်တစ်ခုဖြစ်သလို သီးနှံအရည်အသွေးပါ ပိုမိုတိုးတက်လာနိုင်ပြီး နိုင်ငံတကာ စံချိန်မီတဲ့ သီးနှံများပါ ထွက်ပေါ်လာနိုင်ပါတယ်။ ပြည်ပကို ဆန်ရော၊ စပါးရော တရားဝင်တင်ပို့နိုင်ဖို့ကို တစ်ဖက်နိုင်ငံက တရားဝင် ခွင့်ပြုပေးဖို့ကို ကြိုးစားလုပ်ဆောင် ပေးရမှာက အစိုးရရဲ့ တာဝန်ပါပဲ။ စပါးအဖြစ် တင်ပို့လိုက်လို့ ပြည်တွင်းမှာ မွေးမြူရေးအစာတွေ ရှားပါးသွားမယ်လို့ တစ်ထစ်ချပြောလို့လည်း မရပါဘူး။

တိုးတက်လာတဲ့ နည်းပညာအရ မွေးမြူရေးစပ်စာတွေ ထွက်ရှိလာနေပြီးတော့ မွေးမြူရေးအစာတွေကို စက်ရုံများကနေတစ်ဆင့် ထုတ်လုပ်ဖြန့်ချိနိုင်အောင် ထောက်ပံ့ကူညီပေးဖို့ လိုအပ်ပါလိမ့်မယ်။

စပါးစျေးနှုန်း ကြီးမြင့်မှုကြောင့် ဆန်စက်များစွာ မလည်ပတ်နိုင်ဘဲ ဖြစ်ရမယ် ဆိုတာလည်း ချေပချက်ကောင်း တစ်ခုတော့ မဟုတ်ပါဘူး။ ယမန်နှစ် စပါးသစ်ပေါ်ချိန်မှာ ပေါ်ဆန်းစပါးဟာ ရှစ်သိန်းဝန်းကျင်ကနေ စတင်စျေးနှုန်းရှိခဲ့ပြီး ယခုနှစ် မိုးစပါးပေါ်ချိန်မတိုင်မီအထိ ပေါ် ဆန်းစပါးဟာ ၁၅ သိန်း ကျပ်ဝန်း ကျင်အထိ စျေးနှုန်းရှိခဲ့ပါတယ်။ တောင်သူများလက်ထဲ စပါးရှိနေချိန်မှာ ဖြစ်ပေါ်တဲ့ စျေးကွက်ပေါက်စျေး နဲ့ ကုန်သည်များလက်ဝယ်ရောက်ရှိ သွားချိန်မှာ ဖြစ်ပေါ်တဲ့ စျေးကွက် ပေါက်စျေးဟာ တစ်ဆနီးပါးကို ကွာ ခြားခဲ့ပါတယ်။ အဲဒီလိုကွာခြားချိန်မှာလည်း ဆန်စက်များစွာဟာ ဆက်လက်လည်ပတ်ဆဲပါပဲ။ သီးနှံစပေါ်ချိန် ကတည်းကသာ နောက်ဆုံး စျေးကွက်ပေါက်စျေး ကျပ် ၁၅ သိန်း မဟုတ်ဘဲ ကျပ် ၁၂ သိန်းခန့်လောက်သာ တောင်သူများ အနေနဲ့ သီးနှံစျေးနှုန်း ရရှိခဲ့မယ် ဆိုရင်တောင် တောင်သူတစ်ဦးဟာ သိန်းဆယ်ချီအမြတ်ရရှိမှာ အသေအချာပါပဲ။

အချုပ်အားဖြင့် မှောင်ခိုစျေးကွက်၊ တရားမဝင် ကုန်သွယ်မှု ဆိုတာဟာ ဥပဒေရအရော နိုင်ငံအကျိုးအတွက်ပါ မကောင်းတဲ့ ဖြစ်စဉ်တစ်ခုပါ။ သို့ပေသော်လည်း တောင်သူများ အတွက်တော့ အကျိုးရှိခဲ့တာ ငြင်းဆန်မရ ရှိခဲ့တာမို့ မှောင်ခိုစပါး၊ မှောင်ခိုဆန်ကနေ တရားဝင် ကုန်သွယ်ဖက် ကုန်စည်ကူးသန်း ရောင်းဝယ်မှု ဖြစ်ပေါ်လာအောင် အစိုးရအနေဖြင့် ဆောင်ရွက်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ကျေးဇူးပြု၍ လူဦးရေများပြား နွမ်းပါးတဲ့ တောင်သူများကို ကြည့်ရှုပေးပါ ပြည်သူ့အစိုးရခင်ဗျာ။

 

Most Read

Most Recent