ပြည်သူ့ရဲများသာ အလိုရှိသည်

ပြည်သူ့ရဲများသာ အလိုရှိသည်
ဒလဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ခရီးသွားများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ဒလဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ခရီးသွားများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 11 November 2018
ဆန်းမိုးထွန်း၊ မျိုးထက်ပိုင်

အချိန်က ညနေ ၆ နာရီသာ ရှိသေးသော်လည်း ဆောင်းဝင်လာသည့်အတွက် လမ်းပေါ်တွင် ညနေက အမှောင်ဘက်သို့ ရင့်လာသည်။

အလုံမြို့နယ် သစ်တောလမ်းသို့ ဦးတည်သွားနေသည့် လူတစ်ယောက်။ သူ့နာမည်က ကိုအောင်စိုးထိုက်။ သစ်တောလမ်းကို သွားရသည့် အကြောင်းရင်းက သူ့သမီးကို သွားကြိုရန် ဖြစ်သည်။

သူ့သမီးရှိသည့် တိုက်အောက်သို့ အရောက်တွင် ကိုအောင်စိုးထိုက်၏ နောက်သို့ အရပ်ဝတ်ဖြင့် လူနှစ်ယောက် ရောက်လာပြီး စစ်ဆေးရန် ရှိသည့်အတွက် လိုက်ခဲ့ဖို့ပြောသည်။

ထိုသူများကို သူမသိ။ နောက်ပြီး သူ့ကို ဘယ်ဆီခေါ်နေမှန်းလည်း သူမသိသည့်အတွက် မေးမြန်းမှု လုပ်ရတော့သည်။

ဘာဖြစ်လို့လဲ . . .

ကိုအောင်စိုးထိုက် စကားပင် မဆုံးခင် ထိုသူများက “ေ_ာက်စ ကားမများနဲ့ လိုက်ခဲ့” ဟု ပြောသည့်အတွက် သူတို့ခေါ်ဆောင်ရာသို့ လိုက်ခဲ့ရသည်။

ထိုသူများ ခေါ်သွားသည့် နေရာကား ရပ်ကွက်ရုံးဖြစ်သည်။ ရပ်ကွက်ရုံးသို့ ရောက်ချိန်တွင် ကိုအောင်စိုးထိုက် တစ်ယောက် သူ့အမျိုးသမီးဆီ ဖုန်းဆက်၍ အကျိုးအကြောင်း ပြောပြလိုက်သည်။

ထိုသို့ ဖုန်းဆက်ခွင့်ရလိုက်ခြင်းကပင် သူ့အတွက် ကံကောင်းသည်ဟု ဆိုရမည်။ အဘယ်ကြောင့် ဆိုသော် ဖုန်းဆက်ပြီးသည်နှင့် သူ့ဖုန်း အသိမ်းခံလိုက် ရသောကြောင့် ဖြစ်သည်။

မကြာခင်အချိန်မှာပင် ရပ်ကွက်ရုံးသို့ ယူနီဖောင်း ဝတ်ဆင်ထားသည့်ရဲများ ရောက်လာပြီး သူ့ကိုလက်ထိပ်ခတ်၍ ကားပေါ်အတင်းဆွဲတင် မောင်းထွက်ခဲ့သည်။

ကိုအောင်စိုးထိုက်ကို နောက်ထပ်ခေါ်ဆောင်သွားသည့် နေရာကား အလုံရဲစခန်းပင် ဖြစ်သည်။ စခန်းသို့ ရောက်သည်နှင့် သူ့ကို တရားခံစစ်သည့် အခန်းထဲထည့်၍ တံခါးပိတ်လိုက်သည်။

ရဲစခန်းထဲမှ တရားခံစစ်သည့် အခန်းတွင်းသို့ ရောက်နေသော်လည်း ဘာကြောင့် ရောက်နေရသည်ကို ကိုအောင်စိုးထိုက် တစ်ယောက် မသိသေးချေ။

အခန်းထဲတွင်ရှိနေသည့် ရဲ များက CCTV ကြည့်၍ သူ့ကို တစ်ခုခု ဝန်ခံခိုင်းနေသည်။ မည်သည့်ကိစ္စကို ဝန်ခံခိုင်းနေမှန်း ကိုအောင်စိုးထိုက်တစ်ယောက် နားမလည်။ သို့သော် ရဲများကတော့ သူ့ကို တရားခံ တစ်ယောက်လို ဆက်ဆံ၍ အခန်းထောင့်တွင် ပုံစံထိုင်ခိုင်းထားသည်။

ထိုသို့ ထိုင်ခိုင်းရင်းနှင့်ပင် ရဲများက သူ့ကိုထပ်၍ ဝန်ခံခိုင်းနေသည့်အတွက် “ဘာကို ဝန်ခံရမှာလဲ” ဟု သူမေးလိုက်သောအခါမှ သူတို့ ကြည့်နေသည့် CCTV ကို ပြသည်။

အကြောင်းကား ထွေအုပ်ရုံးတွင် ဖုန်းပျောက်သည့် အမှုဖြစ်သည်။ ဖုန်းကို ခိုးသွားသည့် သူခိုး၏ ပုံပန်းသဏ္ဌာန်က ကိုအောင်စိုးထိုက်နှင့် တူနေသည့်အတွက် ရဲများက သူ့ကိုသူခိုးထင်၍ ဝန်ခံခိုင်းနေခြင်း ဖြစ်သည်။

ကိုအောင်စိုးထိုက်က CCTV ထဲကလူက သူမဟုတ်ကြောင်း၊ သူက အလုံမြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း၊ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေသူဖြစ်ကြောင်း ရှင်းပြသော်လည်း ရဲများက ဝန်ခံရန် အကြိမ်ကြိမ် ပြောဆိုနေခဲ့သည်။

ထို့ပြင် ရဲများက ပုံစံထိုင်ခိုင်းခြင်း၊ ထိုးကြိတ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော့်ကို Process တွေ ကျော်ပြီး ဝန်ခံခိုင်းတယ်။ ပြီးတော့ ကျွန်တော့်ကို ပုံစံထိုင်ခိုင်းတယ်။ အဲဒီထဲက ရဲတစ်ယောက်က ကျွန်တော့်ကို ထိုးကြိတ်တယ်။ ရင်ဘတ်ကို ထိုးတယ်။ ကျွန်တော်က သူတို့ကို ပြောတယ်။ ဆရာတို့ ကျွန်တော်က ဒီနားမှာနေတာ။ လုပ်ငန်းရှင်တစ်ယောက်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်နေတယ်။ ကျွန်တော့်အိမ်မှာ တရားဝင် လုပ်နေတာ။ အဲဒီအချိန်က ကျွန်တော်ဘယ်မှာရှိတယ်ဆိုတဲ့ အထောက်အထား တွေလည်း ကြည့်ဖို့လိုတယ်။ ကျွန်တော့်ကို အတင်းကို ဝန်ခံခိုင်းပြီးတော့ တရားခံရှာမရလို့ မင်းတရားခံဆိုပြီး လုပ်သလို ဖြစ်နေတယ်” ဟု ကိုအောင်စိုးထိုက်က ရှင်းပြသည်။

သို့သော် ကိုအောင်စိုးထိုက်အတွက် တစ်ခုကံကောင်းသည်က အဖမ်းမခံရမီ အချိန်တွင် မိတ်ဆွေများနှင့် ချိန်းဆိုထားခြင်း ဖြစ်သည်။ သမီးဖြစ်သူကိုကြိုပြီး မိတ်ဆွေများနှင့် ဆိုင်ထိုင်ရန် ချိန်းဆိုထားမှုက သူ့အတွက် ကံကြမ္မာဆိုးကြီးထဲမှ လွတ်မြောက်ရာလမ်း ဖြစ်ခဲ့သည်။

သူပျောက်သွားသည့်အတွက် မိတ်ဆွေများက ရဲစခန်းသို့ လိုက်လာချိန်တွင် မြို့နယ်မှူးနှင့်တွေ့ပြီး CCTV ကို ကြည့်ခွင့်ရ၍ သူမဟုတ်ကြောင်း ရှင်းပြနိုင်သဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ကိုအောင်စိုးထိုက် အနေဖြင့် ညနေ ၆ နာရီခွဲကတည်းက ရဲစခန်းတွင် စစ်ဆေးခံခဲ့ရ ပြီး ည ၁၁ နာရီခန့်မှသာ ပြန်လည်လွတ်မြောက် လာခဲ့သည်။ အကယ်၍ ကိုအောင်စိုးထိုက်၏ မိတ်ဆွေများက ရဲစခန်းသို့ မရောက်လာခဲ့လျှင် ထိုညတွင် မည်ကဲ့သို့ ဖြစ်သွားမည်ကို တွေးရင်းနှင့်ပင် တုန်လှုပ်မိကြောင်း ကိုအောင်စိုးထိုက်က ဆိုသည်။

“ကျွန်တော့်ကို ခြိမ်းခြောက်တယ်။ မင်း ဒီညမှ မဖော်ရင် ဝန်မခံရင် သေပြီသာမှတ်ဆိုတော့ ကျွန်တော် တော်တော် တုန်လှုပ်သွားတယ်” ဟု ၎င်းကပြောပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျူးလွန်သူ ရဲတပ်ဖွဲ့ဝင်များကို တရားစွဲနိုင်ရန် ရှေ့နေနှင့်တိုင်ပင်ပြီး နောက်တစ်နေ့တွင် အလုံရဲစခန်းသို့ ကိုအောင်စိုးထိုက်တို့ သွားရောက်ခဲ့သည်။ ရဲစခန်းသို့ ရောက်ချိန်တွင် မြို့နယ်မှူး၊ စခန်းမှူးတို့နှင့် ညှိနှိုင်းခဲ့ရာ၌ ကိုအောင်စိုးထိုက်တို့ဘက်က အချက်သုံးချက် တောင်းဆိုခဲ့သည်။

ယင်းအချက်များမှာ နောင်အလားတူ ကျူးလွန်မှုမျိုး အပြစ်မဲ့ပြည်သူများ အပေါ်တွင် ထပ်မကျူးလွန် စေရန်၊ ကျူးလွန်သည့် ဝန်ထမ်းများကို အရေးယူရန်နှင့် တရားဝင် တောင်းပန်ရန် စသည့်အချက်များကို ရဲတပ်ဖွဲ့ဘက်က လိုက်လျောခဲ့သည့်အတွက် ကိုအောင်စိုးထိုက်က အမှုမဖွင့်တော့ဘဲ ကျေအေးပေးခဲ့သည်။

“ရှေ့နေနဲ့ တိုင်ပင်ပြီးတော့ ရဲစခန်းလာတယ်။ စခန်းမှူးတွေ၊ မြို့နယ်မှူးတွေနဲ့ တွေ့တယ်။ တွေ့ပြီးတော့ သူတို့နဲ့ပြောတာပေါ့။ သူတို့ဘက်ကလည်း တောင်းပန်တယ်။ နောက် လုံးဝဖြစ်မယ့်သူတွေကို မခံရအောင် ဒီလူတွေကို အပြစ်ပေးဖို့လိုတယ်။ နောက်ကျွန်တော့်ကို တောင်းပန်ရမယ်။ အဲဒီအချက်တွေကို သူတို့လုပ်ပေးတယ်။ အဲဒီအတွက် လောလောဆယ်ကြားထဲမှာ ပြေလည်မှုတစ်ခုတော့ ရသွားတယ်” ဟု ကိုအောင်စိုးထိုက်က ဆိုသည်။

ကိုအောင်စိုးထိုက်ကဲ့သို့ အလားတူဖြစ်ရပ်မျိုး ယခုနှစ် ဇန်နဝါရီ ၁၈ ရက်က ဖြစ်ခဲ့ဖူးသည်။ ကျောက်တံတားမြို့နယ် ရဲစခန်းမှ နယ်ထိန်းနှင့် ရဲတပ်ဖွဲ့ဝင်များက ကင်းလှည့်နေစဉ်  မသင်္ကာသဖြင့် နိုင်ငံရေးသိပ္ပံကျောင်းသား ကိုသန်းတိုးအောင်ကို ဇန်နဝါရီ ၁၈ ရက် ညပိုင်းတွင် စခန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုသန်းတိုးအောင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဇန်နဝါရီ ၂၆ ရက်က အောက်ပါအတိုင်း ရေးသားထားသည်။

“၁၈ ရက်နေ့ ည ၁၁ နာရီခန့် မှာ ကျနော်က ဆူးလေဘက်ကနေ ဗိုလ်ချုပ်လမ်းအတိုင်း အိမ်ကို လမ်းလျှောက် ပြန်လာပါတယ်။ လမ်းလျှောက်နေရင်း ကျွန်တော့်သူငယ်ချင်း တစ်ယောက်နဲ့ ဖုန်းမက်ဆေ့ချ်ပို့ပြီး စကားပြောခဲ့ပါတယ်။ လမ်း (၄၀) ထိပ်နားရောက်တော့ ခဏထိုင်ရင်း စာဆက်ရိုက်တယ်။ အဲဒီအချိန်မှာ ကျနော့်မလှမ်းမကမ်းနားကို Nadia အဖြူရောင်ကားတစ်စီးထိုး ရပ်ပါတယ်။ ကျနော့်ကို ပြတင်းပေါက်ကနေ ပြူကြည့်ပြူကြည့်လုပ်ပြီး လူခြောက်ယောက်လောက် ဆင်းလာပါတယ်။ ရုပ်တွေက လူဆိုးလူမိုက်ပုံစံတွေပါ။ ပြီးတော့ “ဟေ့ရောင် မင်းမပြေးနဲ့ အဲဒီမှာပဲရပ်နေ ဆိုပြီးတော့” ကျနော့်ကို တစ်ခုခု လုပ်တော့မယ့် ပုံစံမျိုးနဲ့ တစ်ဟုန်ထိုး ပြေးဆင်းလာတယ်။ ကားကလည်း နံပါတ်အမည်းနဲ့ကား၊ လူတွေအားလုံးကလည်း အရပ်ဝတ်တွေနဲ့ လူမိုက်ပုံစံတွေနဲ့ အော်ဟစ်ဆဲဆိုပြီး ဆင်းလာတော့ ကျနော်တစ်ယောက်တည်း ဖြစ်တဲ့အတွက် အသက်အန္တရာယ်စိုးရိမ်ပြီး ကျနော် ပြေးပါတယ်။ “ကျနော့်ကို ဘလိုင်းကြီး လိုက်ရိုက်နေတယ်။ ကယ်ကြပါဦးဗျာ” လို့အော်ပြီး ကျနော် ပြေးပါတယ်။ ကျနော့်အရှေ့ မလှမ်းမကမ်းနားမှာ ထိုင်နေတဲ့ လူလတ်ပိုင်းအရွယ် လူနှစ်ယောက်ကိုလည်း ကျနော်အော်ပြီး အကူအညီ တောင်းပါတယ်။ သူတို့ ဘာမှမလုပ်ပေး နိုင်ခဲ့ပါဘူး။ ကျနော့်ကို ခြောက်ယောက်လောက် ၀ိုင်းလိုက်တာ ဖြစ်တဲ့အတွက် ကျနော် မလွတ်နိုင်တော့မှန်း သိတဲ့အခါ ကျနော့်အရှေ့ တည့်တည့်မှာ မြင်ရတဲ့ Hotel တစ်ခုထဲကို အပေါ်မှာ ပြောခဲ့သလို အော်ပြီးဝင်ပြေးပါတယ်။ Hotel ထဲ ဝင်ပြေးရင်တော့ Hotel က လူတွေက ကျနော့်အသက်အန္တရာယ်ကို ကာကွယ်ပေးမှာပဲဆိုတဲ့ အတွေးနဲ့ ဝင်ပြေးတာပါ။ ကျနော့်ကို ဟိုတယ်ထဲအထိ ပြေးလိုက်လာကြပြီး ကျနော့်ဖုန်းနဲ့ ပစ္စည်းတွေကို အတင်းဆွဲယူပါတယ်။ ကျနော်က ဟိုတယ်လုံခြုံရေး တာဝန်ခံနဲ့ ဧည့်ကြိုဝန်ထမ်း အမျိုးသမီးကို အကူအညီ တောင်းပါတယ်။ သူတို့ မကူညီပေးခဲ့ပါဘူး။ ထွက်ပေါက်ဝနား ရောက်တော့ အရပ်ဝတ် ဝတ်ထားပြီး အပေါ်က Police ဆိုတဲ့ သင်္ကေတပါတဲ့ ဝတ်စကုပ် ဝတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဝင်လာပါတယ်။ အဲဒီတော့မှ ကျနော်က ဒီလူတွေဟာ ရဲမှန်းသိပါတယ်။ “ငါတို့က ရဲတွေကွ” ဆိုပြီး အဲဒီကျမှ ပြောပါတယ်။ ကျနော်က “ဒါဆိုဘာလို့ ရဲယူနီဖောင်း မဝတ်ထားတာလဲ” လို့ မေးပါတယ်။ “ဟေ့ကောင်ေ-ာက်စကားမများနဲ့၊ မင်းကို ဖမ်းတယ်ကွာ” ဆိုပြီး လက်ထိပ်စခတ်ပါတယ်။ ကျနော့်အိမ်ကို ဖုန်းခေါ်ဖို့ ကြိုးစားပါတယ်။ ကျွန်တော့်ဖုန်းတွေ၊ လွယ်အိတ်တွေ အကုန်လုံးကို အတင်းလုသွားပါတယ်။ “ရဲတွေမှန်ရင် ဖမ်းဝရမ်းပါလား၊ ခင်ဗျားတို့ ကျနော့်ကို ဘာအမှုနဲ့ ဖမ်းမှာလဲ” လို့ ကျနော် ထပ်မေးပါတယ်။ (ဟိုတယ်အပေါက်ဝမှာ ဖြစ်တဲ့အတွက် ဟိုတယ်လုံခြုံရေးနဲ့ ဝန်ထမ်းတွေလည်း တစ်ချိန်လုံး ရှိနေပါတယ်။ Hotel ရဲ့ CCTV Record လည်းရှိပါတယ်။) “ဖမ်းဝရမ်းပါစရာ မလိုဘူး။ ငါတို့က ရဲတွေကွ” ဆိုပြီး ကျနော့်ကို ခြောက်ယောက်လုံးက လုံးထွေးပြီး ရိုက်နှက်ပြီး ကားနောက်ဖုံးထဲကို အတင်းစောင့်တွန်းပြီး တင်ပါတယ်။ ပြီးတော့ ကျနော်နဲ့အတူ နောက်ဖုံးထဲကို လူတစ်ယောက် ခုန်ဝင်လာပါတယ်။ ကားနောက်ဖုံးပိတ်ပြီး ကားစထွက်တာနဲ့ ကျနော့်ကို ဆဲဆိုပြီး စရိုက်ပါတော့တယ်။ အလယ်တန်းမှာ ထိုင်နေတဲ့ထဲက အသားညိုညိုနဲ့ လူတစ်ယောက်က ကျနော့်ကို ကြည့်ပြီး “ဟေ့ကောင် မင်းမေမင်း-ိုးလိုက်၊ မင်းမေေ-ာက်ပတ်ပဲဟေ့ကောင်” လို့ ဆဲဆိုကြိမ်းမောင်းရင်း ကျနော့်ကို နားထင်တွေ၊ ပါးတွေ၊ ခေါင်းတွေကို ရိုက်ပါတယ်။ သူ့ဆီက အရက်နံ့တွေလည်း ရပါတယ်။ (နောက်ပိုင်းမှာ အဲဒီပုဂ္ဂိုလ်ဟာ ကျောက်တံတား မြို့နယ်ရဲ့ Informer လို့သိရပါတယ်။ ရဲမဟုတ်ပါဘူး)။ ပြီးတော့ ကျနော်နဲ့နောက်ဖုံးမှာ မျက်နှာချင်းဆိုင်ရှိနေတဲ့ ပုဂ္ဂိုလ်က ကျနော့်ရဲ့ ညာဘက်နံရိုးကို တရစပ် ခြေဖနှောင့်နဲ့ ကန်ပါတယ်။ ကျနော်က “အား” လို့အော်ပြီး အသက်ရှူလို့မရတဲ့ အချိန်မှာ အလယ်တန်းမှာ ထိုင်နေတဲ့ တစ်ယောက်က “ဟေ့ကောင် မအော်နဲ့” ဆိုပြီး ခေါင်းနဲ့မျက်နှာကို ရိုက်ပါတယ်။ တစ်ချိန်တည်းမှာ ကျနော့်လည်ပင်းကို နောက်တစ်ယောက်က တံတောင်ဆစ်နဲ့ တင်းနေအောင် ညှစ်ထားပါတယ်။ ပြီးတော့ ကျနော့်ကို ကျောက်တံတားရဲစခန်းကို ခေါ်သွားပါတယ်။ စခန်းမရောက်မချင်း ကားပေါ်မှာ ရိုက်ပါတယ်” ဟု ကိုသန်းတိုးအောင်က ရေးသားထားသည်။

ထို့ပြင် ကျောက်တံတားရဲစခန်း ရောက်ရှိချိန်တွင် ရဲတပ်ဖွဲ့ဝင်များ၏ ဆက်ဆံပုံနှင့် ပတ်သက်၍ ကိုသန်းတိုးအောင်က “စခန်းရောက်တော့ ကျနော့်ကို တံခါးပိတ်ပြီး ဝိုင်းရှာပါတယ်။ ဘာမှမတွေ့ပါဘူး။ ပြီးတော့ လက်ထိပ်ကြပ်နေအောင် ခပ်ထားပြီး ဒူးထောက်ထိုင်ခိုင်းပါတယ်။ (ကျနော့် လက်က ရောင်ရမ်းပေါက်ပြဲပြီး သွေးစို့နေပါတယ်။) အဲဒီအချိန်မှာ သူတို့က ကျနော့်ကို ကျွန်တစ်ယောက်လို၊ ရာဇဝတ်သား တစ်ယောက်လို ဆက်ဆံနေကြတဲ့အတွက် ငါလူတစ်ယောက်မှ ဟုတ်သေးရဲ့လားလို့တောင် ပြန်တွေးမိပါတယ်။ ကျနော်က “ကျနော်မိကောင်းဖခင် သားသမီးပါ။ ဆေးသမား၊ အရက်သမားမဟုတ်ဘူး၊ ကျောင်းသားပါ” လို့ပြောပါတယ်။ “ပြီးတော့ ရဲဆိုပြီး ရဲယူဖောင်း မဝတ်ထားတာ၊ ပြည်သူတစ်ယောက်ကို သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်ဖမ်းဆီးတာဟာ ဥပဒေက ချမှတ်ထားတဲ့ ရဲလုပ်ထုံးလုပ်နည်းနဲ့ မညီဘူး” လို့ ကျနော်ကပြောတော့ ကျနော့်ကို ဝိုင်းဆဲဆို ကြိမ်းမောင်းပါတယ်။ “မင်းထွက်ပြေးတဲ့အတွက် မသင်္ကာလို့ ငါတို့လုပ်တာ” လို့ပြောပါတယ်။ “ကျနော် ထွက်ပြေးတာဟာ ဘယ်က လူရန်းကားတွေမှန်း မသိတဲ့အတွက် ကျနော့်အသက် အန္တရာယ်အတွက် ထွက်ပြေးတာ၊ ကျနော်နိုင်ငံရေးသိပ္ပံ ကျောင်းသားပါ၊ ဒုစရိုက်သမား မဟုတ်ဘူး၊ မဟုတ်တာ ဘာမှမလုပ်တဲ့အတွက် ကျနော်ရဲကို ကြောက်စရာ မရှိဘူး။ ရဲလို့ပြောရင် ထွက်ပြေးစရာ အကြောင်းမရှိဘူး” လို့ ပြောပြပါတယ်။ ကျနော့်ကို ရိုက်နှက်ဖမ်းဆီးလာတဲ့ထဲက နယ်ထိန်း ဦးအောင်ဇော်ဝင်းဆိုတဲ့ ပုဂ္ဂိုလ်က “မြန်မာနိုင်ငံရဲ့ ဥပဒေထဲမှာရဲဆိုရင် ရဲယူနီဖောင်း ဝတ်ထားရမယ်လို့ ဘယ်ဥပဒေကပြောလဲ ငါ့ကိုရှင်းပြစမ်းပါ” အော်ငေါက်တုံ့ပြန်ပါတယ်။ ကျနော်က ဥပဒေအရ ပြည်သူတစ်ယောက်ကို ဒီလိုလုပ်ပိုင်ခွင့် မရှိဘူးလို့ ပြောတော့ "ဟေ့ကောင် ဘာပြည်သူလဲ  -ီးပြည်သူပါလား၊ ဘာမှစောက်ပိုတွေ ပြောမနေနဲ့” လို့ အရပ်ဝတ်နဲ့ ကျနော့်ကိုရိုက်တဲ့ ၆ ယောက်ထဲက တစ်ယောက်က ဆဲဆိုကြိမ်းမောင်းပါတယ်။ “ကြာတယ်၊ ဒီကောင့်ကို အချုပ်ထဲထည့်ကွာ ငါပုဒ်မတပ်ပြီး တရားဆွဲမယ်” ဆိုပြီး နယ်ထိန်းဆိုတဲ့ ပုဂ္ဂိုလ်က ကျနော့်ကို သူ့ရုံးခန်းထဲကနေ ဆွဲထုတ်ခိုင်းပါတယ်။ အချုပ်ထဲမထည့်ခင် တာဝန်မှူး ဦးမျိုးသန့်ဆိုတဲ့ ပုဂ္ဂိုလ်နဲ့တွေ့တော့ ဖြစ်ကြောင်းကုန်စင် ကျနော်ထပ်ရှင်းပြပါတယ်။ လက်မခံဘဲ ကျနော့်ကို အချုပ်ထဲထည့်ပါတယ်။ ကျနော့်ကို တခြားမဆိုင်တဲ့ ပုဒ်မတွေတပ်ပြီး တရားဆွဲမယ်ဆိုပြီးလည်း ခြိမ်းခြောက်ပါတယ်။ ကျနော့်အိမ်ကို ခေါ်ပေးဖို့ပြောတော့ ကျနော့်ကို အချုပ်ထဲ ထည့်ထားပြီး မနက်နှစ်နာရီခွဲခန့်မှာ ကျနော့်အိမ်က သူတို့သိမ်းထားတဲ့ ကျနော့်ဖုံးကိုဆက်မှ ဖုန်းပြန်ခေါ်ပေးပါတယ်။ ကျနော့်မှာ တရားစွဲစရာ ဘာပြစ်ချက်မှ ရှာမတွေ့တဲ့ အခါကျတော့ ကျနော့်အဖေ ရောက်လာတဲ့အခါ ကျနော့်ကို ဘယ်တုန်းက စာစီစာရိုက်ထားမှန်း မသိတဲ့ တစ်ဖက်သတ် စာတစ်စောင်ကိုလည်း အတင်းအကြပ် လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ မူးယစ်ရမ်းကား ဆဲဆိုတဲ့အတွက် ဖမ်းဆီးခဲ့ရကြောင်း တစ်ဖက်သတ်ရေးထားတဲ့ စာကြောင်း နှစ်ကြောင်းခန့်သာ မြင်တွေ့ခဲ့ရပြီး ကျန်ရှိသော စာပါအကြောင်းအရာကိုလည်း ဆက်လက်ဖတ်ရှုခွင့် မပေးခဲ့ပါဘူး။ တာဝန်မှူး ဦးမျိုးသန့်ကနေပြီး ကျနော့်ကို ပြန်မလွှတ်ခင်မှာ “ညီလေး မင်းကျေနပ်လား၊ မကျေနပ်သေးရင် ရှင်းလို့ရသေးတယ်နော်” ဆိုပြီး ပြောပါတယ်’ ဟု ဆက်လက် ရေးသားထားသည်။

နောက်နေ့တွင် ကိုသန်းတိုးအောင် အနေနှင့် ကျောက်တံတားမြို့နယ်မှူးဆီ သွားရောက်တိုင်တန်းခဲ့ပြီး ရဲမှူးက အထက်ကို အမြန်ဆုံးတင်ပြ၍ ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်း ဆက်လက်ရေးသားထားသည်။

ကိုသန်းတိုးအောင် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီ ၂၇ ရက်က ရှင်းလင်းချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရှင်းလင်းချက်ထဲတွင် ၁၈.၁.၂၀၁၈ ရက်နေ့ ည ၂၃း၄၅ နာရီအချိန်တွင် ကျောက်တံတား မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် တပ်ဖွဲ့ယူနီဖောင်းများ ဝတ်ဆင်လျက် သက်သေနှစ်ဦးနှင့်အတူ ကျောက်တံတားမြို့နယ် အတွင်း၌ လင်းယုန် (၁) စီမံချက်အရ ခိုး၊ ဆိုး၊ လု၊ နှိုက်မှု ကျူးလွန်တတ်သူများ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချ သုံးစွဲသူများ၊ ပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျ အုပ်စုဖွဲ့ကျူးလွန်သူ လူဆိုးလူမိုက်များ၊ ဒုစရိုက်မှုများ၊ ပြေး (၄) ပြေး ဖမ်းဆီးရမိရေး လှည့်ကင်း ဆောင်ရွက်စဉ် ကျောက်တံတားမြို့နယ်၊ (၈) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် လမ်း(၄၀) ထိပ်အရောက် မှောင်ရိပ်တွင် အိတ်(၁)လုံး နှင့် လူငယ်တစ်ဦးကို မသင်္ကာ တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းစဉ် အဆိုပါ လူငယ်မှာ စစ်ဆေးမေးမြန်းခြင်း မခံဘဲ ရဲတပ်ဖွဲ့ဝင်များအား ဆဲဆိုကာ ဗိုလ်ချုပ်လမ်းဘေး ပလက်ဖောင်းအတိုင်း ထွက်ပြေးသွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေတို့က လိုက်လံဖမ်းဆီးရာ အနီးရှိ အေးရှားပလာဇာ ဟိုတယ်အတွင်းသို့ ဝင်ရောက် သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဟိုတယ်လုံခြုံရေး ဝန်ထမ်းများနှင့် ဟိုတယ်မန်နေဂျာတို့က အဆိုပါ လူငယ်အား ချုပ်ကိုင်ဖမ်းဆီးကာ လှည့်ကင်းအဖွဲ့ထံ အပ်နှံပေးသဖြင့် ရဲစခန်းသို့ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်ဟု ဖော်ပြထားသည်။

ဆက်လက်၍ အဆိုပါလူငယ်အား စစ်ဆေးရာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သုံးမြှောင်လမ်းနေ သန်းတိုးအောင်၊ (၂၅ နှစ်) ဖြစ်ပြီး ၎င်းလွယ်ထားသည့် အိတ်အတွင်းမှ ငွေကျပ် ၃၇၂၅၀၊ အားသွင်းကြိုးပါ Lock ကျနေသည့် iPhone 6+ (၁) လုံး၊ စာအုပ် (၃) အုပ်၊ CB Bank ကတ် (၁)ကတ်၊ ယာဉ်မောင်းလိုင်စင် (၁) ခု၊ Edifice Casio စတီးလက်ပတ်နာရီ (၁)လုံးတို့ အား ရှာဖွေတွေ့ရှိခဲ့ရကြောင်းနှင့် ၎င်းလူငယ်မှ မိဘများအား ဆက်သွယ်ပေးရန် ပြောဆိုသဖြင့် ရဲတပ်ဖွဲ့ဝင်များက ၎င်း၏မိဘများထံ ဆက်သွယ်ပေးခဲ့ရာ နံနက် ၀၂း၃၀ နာရီအချိန်တွင် ဖခင်ဖြစ်သူ ဦးကိုကိုမှာ ရဲစခန်းသို့ ရောက်ရှိလာခဲ့ကြောင်း၊ ဖခင်ဖြစ်သူ ဦးကိုကိုမှ ၎င်း၏သားဖြစ်သူ သန်းတိုးအောင်မှာ တစ်ခါတစ်ရံ စိတ်လွတ်တတ်သူ ဖြစ်ကြောင်းနှင့် ဖခင်ဖြစ်သူမှ တာဝန်ခံ၍ ရဲစခန်းမှတ်တမ်းတွင် ဝန်ခံကတိပြု လက်မှတ်ရေးထိုးသဖြင့် အရေးယူခဲ့ခြင်း မရှိဘဲ သန်းတိုးအောင်အား ဖခင်ဖြစ်သူ ဦးကိုကိုထံ ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့ပြီး ၎င်းထံမှတွေ့ရှိသည့် ပစ္စည်းများကိုလည်း ပြည့်စုံစွာ ပြန်လည်အပ်နှံ ပေးခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များကိုလည်း ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်အပေါ် စုံခုံစစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များမှ ရိုက်နှက်မှုများ ပေါ်ပေါက်ပါက ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းအသိပေး ဖော်ပြအပ်ပါသည်ဟု ရေးသားထားသည်။

ထိုသို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်အပေါ် စုံခုံဖွဲ့ စစ်ဆေးဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သော်လည်း ယနေ့အချိန်ထိ အရေးယူနိုင်ခြင်း ရှိ၊ မရှိကို မသိရှိရသေးကြောင်း ကိုသန်းတိုးအောင် ကိစ္စအား လိုက်လံကူညီ ဆောင်ရွက်ပေးခဲ့သူ မောင်ဆောင်းခက ဆိုသည်။

“ကိုသန်းတိုးအောင် အမှုဆိုရင် ဒီဟာကို လူ့အခွင့်အရေး ကော်မရှင်ကိုလည်း တင်တယ်။ ရဲကလည်း စုံခုံဖွဲ့ပြီး စစ်ဆေးတယ်။ ဒါပေမဲ့ အဲဒီအမှုနဲ့ ပတ်သက်ပြီး ဒီနေ့အချိန်ထိ အရေးယူနိုင်ခြင်းလည်း မရှိသေးဘူး။ အရေးယူတယ်ဆိုတဲ့ အကြောင်းအရာလည်း မတွေ့သေးဘူး။ ပြီးတော့ ဒီလို လူသိရှင်ကြားဖြစ်တဲ့ မတရားမှုကိုတောင်မှ ရဲတွေက အရေးမယူနိုင်ဘူးဆိုရင် အခြားအခြားသော ဘယ်သူမှ မသိဘဲနဲ့ ဖြစ်သွားတဲ့ ဟာတွေဆိုရင် ဘယ်လိုများလုပ်မလဲ။ ကျွန်တော်ကတော့ အဲဒီအပေါ်မှာ ပိုစိတ်ပူတယ်” ဟု မောင်ဆောင်းခက ပြောဆိုသည်။

ကိုအောင်စိုးထိုက်နှင့် ကိုသန်းတိုးအောင်တို့ ဖြစ်စဉ်နှစ်ခုတွင် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကို ခံရချိန်၌ ရိုက်နှက်ထိုးကြိတ် ခံခဲ့ရကြောင်း ကာယကံရှင်များ ပြောကြားထားသည်။

ကိုအောင်စိုးထိုက် ဖြစ်စဉ်အပေါ် အလုံမြို့နယ်မှူး ရဲမှူးနိုင်အောင်မိုးက “ရဲနဲ့ပြည်သူဆိုတာ ဒီလိုပဲပေါ့။ သူတို့ကိုတော့ သက်ဆိုင်ရာ ရဲစည်းကမ်းအရ လုပ်ထုံးလုပ်နည်းအရ လူကြီးတွေကို တင်ပြရမှာပေါ့။ ဌာနတွင်း အရေးယူမှုတော့ ရှိမှာပါ။ အတတ်နိုင်ဆုံးတော့ ကျွန်တော်တို့က ပြည်သူကို ကာကွယ်ရင်းနဲ့၊ ကာကွယ်ဖို့အတွက် လုပ်ရင်းနဲ့ မှားကြတာပေါ့။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့။ ကာကွယ်ဖို့အတွက် လုပ်တာ။ အားလုံးက ကျွန်တော်တို့ ပြည်သူတွေပါပဲ။ ရဲလည်း ပြည်သူပါပဲ” ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်(၁၀)ပါးတွင် ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ရိုင်းပျစွာပြောဆို ဆက်ဆံမှုကို ရှောင်ကြဉ်ပါဆိုသည့် အချက်နှင့် လုပ်ကိုင်ခွင့် အာဏာများကို အခွင့်ကောင်းယူ၍ ပြည်သူလူထုအပေါ် အနိုင်မကျင့်မိစေရန် သတိပြုပါဆိုသည့် အချက်များ ပါဝင်နေသည်။ ရဲတပ်ဖွဲ့ဝင်များ ရှောင်ကြဉ်ရမည့် အချက်များတွင်လည်း တရားခံကို ညှဉ်းပန်းနှိပ်စက်ခြင်း ဆိုသည့်အချက် ပါရှိနေသည်ကို တွေ့ရှိရသည်။

ထို့ပြင် ကုလသမဂ္ဂက အတည်ပြု ထုတ်ပြန်သည့် တားဆီးနှိမ်နင်းရေး အရာရှိများ လိုက်နာရမည့် ကျင့်ဝတ်များ အပိုဒ်(၅)တွင် မည်သည့် တားဆီးနှိမ်နင်းရေး အရာရှိမဆို ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် အခြားရက်စက်မှုများ သို့မဟုတ် လူသားမဆန်မှုများ သို့မဟုတ် နှိမ့်ချဆက်ဆံမှု သို့မဟုတ် ဒဏ်ခတ်ခြင်းမပြုရ။ ထို့အပြင် စစ်ဖြစ်ပွားချိန် သို့မဟုတ် စစ်ဖြစ်ရန် ခြိမ်းခြောက်မှုရှိစေ၊ အမျိုးသား လုံခြုံရေးအတွက် ခြိမ်းခြောက်မှု၊ ပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှုသို့မဟုတ် အများပြည်သူဆိုင်ရာ အရေးပေါ် အခြေအနေများတွင်လည်း အထက်ပါ အပြုအမူများအား ကင်းလွတ်ခွင့် မရှိစေရဟု ဖော်ပြထားသည်။

ထိုသို့ ရဲတပ်ဖွဲ့ဝင်များ စောင့်ထိန်းရမည့် ကျင့်ဝတ်များတွင် ရိုင်းပျစွာပြောဆို ဆက်ဆံခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း စသည့် အချက်များကို လိုက်နာရန် သတ်မှတ်ထားသော်လည်း ကိုအောင်စိုးထိုက် ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် အချို့၏ အမူအကျင့်ဟောင်းများက မပြောင်းလဲသေးကြောင်း တွေ့ရသည်။

“ဖမ်းဆီးနှိပ်ဆက်တယ်ဆိုတဲ့ ကိစ္စအတွက်တော့ ကျွန်တော်တို့ကတော့ နိုင်တဲ့ဘက်က ကူရမှာပဲ။ တကယ်ကတော့ ရဲလုပ်ထုံးလုပ်နည်းဆိုရင် သူ့ရဲ့နောက်ကြောင်းတွေ ဘာတွေကိုလည်း သိရမယ်။ သူ့ကို နောက်ယောင်ခံ လိုက်တာတို့ ပတ်ဝန်းကျင်မှာ စုံစမ်းတာတို့ ရဲလုပ်ထုံးလုပ်နည်းတွေပေါ့။ အဲဒီတော့မှ ဒီလူဟာ တရားခံအမှန် ဖြစ်နိုင်လောက်တယ်ပေါ့။ အဲဒါတောင် စွပ်စွဲခံရသူတစ်ယောက် ဖြစ်နိုင်လောက်တယ်ဆိုတဲ့ သက်သေတွေ ခိုင်မာလာပြီဆိုမှ အဲဒီလို တည်ဆောက်မှုမျိုး မရှိဘူး။ CCTV က ရုပ်နဲ့ ဆင်တယ်ဆိုပြီးတော့ အဲဒီလို တန်းဖမ်းပြီး နှိပ်စက်ပြီး ဝန်ခံခိုင်းတယ် ဆိုတာကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စမျိုးပါပဲ။ ရဲလုပ်ထုံး လုပ်နည်းနဲ့ မညီဘူးပေါ့” ဟု ကိုအောင်စိုးထိုက် ဖြစ်စဉ်တွင် လိုက်လံကူညီပေးသည့် ပြည်သူ့ပါတီမှ ဦးအံ့ဘွယ်ကျော်က မှတ်ချက်ပြုသည်။

ယခုကဲ့သို့ စုန်းပြူးတစ်ယောက်၊  နှစ်ယောက် ပါလာသည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ခုလုံးပါ မျက်နှာပျက်ရကြောင်း ၎င်းက ပြောကြားသည်။

အချုပ်သား (သို့မဟုတ်) အကျဉ်းသား တစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ညှဉ်းပန်းမှု ပြုလုပ်ပါက ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သော ဥပဒေဖြင့် အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၁၃ သြဂုတ် ၂၆ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားထားသည်။

၁၉၉၅ ဧပြီ ၂၆ ရက်က ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၇ (ဆ)တွင် ‘အကျဉ်းသား၊ အချုပ်သား သို့မဟုတ် ဖမ်းဆီးထားသူ တစ်ဦးအား ရိုက်ပုတ်လျှင် သို့မဟုတ် အခြားနည်းလမ်းဖြင့် ညှဉ်းပန်းနှိပ်စက်လျှင် တရားရုံးဖြင့် စစ်ဆေးပြီး ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက ၃ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ဥပဒေတွင် ဖော်ပြထားသည်ထက် မလျော့သော ပြစ်ဒဏ်ဖြစ်စေ ထိုက်စေရမည်’ ဟု ပြဋ္ဌာန်းထားသည်။

ယခုဖြစ်ပွားခဲ့သည့် ကိုအောင်စိုးထိုက်နှင့် ကိုသန်းတိုးအောင်တို့ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူများ အကြားတွင် ဝေဖန်မှုဂယက်က ပြင်းပြင်းထန်ထန် ရိုက်ခတ်ခဲ့သည်။ ၎င်းတို့နှစ်ဦးကဲ့သို့  တစ်ချိန်ချိန်တွင် ကြုံခဲ့လျှင်ဆိုသည့် စိုးရိမ်စိတ်များကိုလည်း လူမှုကွန်ရက်စာမျက်နှာ တော်တော်များများ၌ တွေ့မြင်နေရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေးခရီးစဉ် တစ်ခုတွင် ဒီမိုကရေစီသည် ပြည်သူများ၏ ဘဝအတွက် လွတ်လပ်မှုနှင့် လုံခြုံမှုကို အာမခံရမည်ဟု ပြောကြားခဲ့ဖူးသည်။

“ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့ဘဝကို လွတ်လပ်မှုလည်း အာမခံရမယ်။ လုံခြုံမှုလည်း အာမခံရမယ်။ ပြည်သူများဟာ ကိုယ့်အိမ်က ထွက်လို့ရှိရင် လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံနဲ့ ထွက်နိုင်ရဲ့လား။ ကိုယ်သွားချင်တဲ့ နေရာကို လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံနဲ့ သွားနိုင်ရဲ့လား” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယခု NLD အစိုးရ နှစ်နှစ်ခွဲကျော် သက်တမ်းအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောသကဲ့သို့  ပြည်သူများအနေဖြင့် မိမိတို့၏ အိမ်အပြင်ဘက်သို့ လွတ်လပ်လုံခြုံစွာ ထွက်နိုင်ပြီလား။ (သို့မဟုတ်) မိမိတို့ သွားချင်သည့်နေရာကို လွတ်လပ်လုံခြုံစွာ သွားနိုင်ပြီလားဆိုလျှင် အဓိက တာဝန်ရှိသော ဌာနသည် ပြည်ထဲရေး ဝန်ကြီးဌာနသာဖြစ်ပြီး ယင်းလက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်မှာလည်း ကောင်းမွန်ရန် လိုအပ်သည့်အပြင် ပြည်သူနှင့် တစ်သွေးတည်း တစ်သားတည်း ရပ်တည်နိုင်မည့် ပြည်သူ့ရဲများ ဖြစ်မှသာလျှင် လွတ်လပ်လုံခြုံစွာ သွားလာနေထိုင် နိုင်မည်ဖြစ်သည်။

“ရဲတွေနဲ့ ပတ်သက်ရင် အစိုးရက တချို့ဟာတွေက တားလို့ရတာရှိတယ်။ ထိန်းလို့ရတာရှိတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရဲကလက်ရှိ အရပ်သား အစိုးရရဲ့ လက်အောက်က မဟုတ်ပေမယ့်လည်း တချို့ဟာတွေကို ကိုင်တွယ်လို့ ရတာရှိတယ်။ ကိုယ်ရတဲ့ အခွင့်အရေးတွေကို အသုံးချပြီး ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူနဲ့ တကယ်ဆက်ဆံရတာ ရဲတပ်ဖွဲ့လေ။ ရဲတပ်ဖွဲ့နဲ့ပဲ ကျွန်တော်တို့က ဆက်ဆံရတဲ့အတွက် ရဲမပြောင်းလဲရင် အစိုးရဘယ်လောက်ပဲ ပြောင်းလဲ ပြောင်းလဲ ပြည်သူက ငါတို့အစိုးရ ပြောင်းလဲနေပါပြီလို့ မြင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ကတော့ အဲဒီလို မြင်တယ်” ဟု မောင်ဆောင်းခက ဆိုသည်။   

 

Most Read

Most Recent