၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးမှုရာခိုင်နှုန်း သိသိသာသာ လျော့နည်းခဲ့၊ လစ်လပ် ၁၃ နေရာတွင် NLD ခြောက်နေရာ အနိုင်ရရှိပြီး ကန်ပက်လက် မဲဆန္ဒနယ်တွင် တိကျသော အဖြေမထွက်သေး

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးမှုရာခိုင်နှုန်း သိသိသာသာ လျော့နည်းခဲ့၊ လစ်လပ် ၁၃ နေရာတွင် NLD ခြောက်နေရာ အနိုင်ရရှိပြီး ကန်ပက်လက် မဲဆန္ဒနယ်တွင် တိကျသော အဖြေမထွက်သေး
လဲချားမြို့နယ် မဲရုံတစ်ခုတွင် ဆန္ဒမဲပေးနေသူ ဒေသခံတို့အား တွေ့ရစဉ် (ဓာတ်ပုံ-စည်သာ)
လဲချားမြို့နယ် မဲရုံတစ်ခုတွင် ဆန္ဒမဲပေးနေသူ ဒေသခံတို့အား တွေ့ရစဉ် (ဓာတ်ပုံ-စည်သာ)
Published 4 November 2018
သတင်းအဖွဲ့

 

မြစ်ကြီးနားမြို့နယ် မဲရုံတစ်ခုတွင် ဆန္ဒမဲများ ရေတွက်နေသည်ကို တွေ့ရစဉ် ဓာတ်ပုံ-ထွန်းလင်းအောင်

ဆိပ်ကမ်းမြို့နယ်တွင် မဲပေးနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ဇနီး ဒေါ်ချိုချို ဆန္ဒမဲပေးနေစဉ် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း မဲပေးနေသူ ဒေသခံတို့အား တွေ့ရစဉ်

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးမှုရာခိုင်နှုန်း သိသိသာသာ လျော့နည်း ခဲ့ပြီး နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီအထိ ရရှိသော သတင်းများအရ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် NLD ပါတီသည် ခြောက်နေရာ အနိုင်ရရှိထားပြီး ကန်ပက်လက် မဲဆန္ဒနယ်တွင် တိကျသော အဖြေမထွက်သေးသဖြင့် မည်သည့်ပါတီ ကိုယ်စားလှယ်လောင်းက အနိုင်ရရှိသည်ကို မသိရှိရသေးပေ။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဆန္ဒမဲလာရောက်ပေးခဲ့သည့် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NLD ပါတီ အနိုင်ရရှိ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် တာမွေမြို့နယ်တွင် လစ်လပ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ က တာမွေမြို့နယ် ကျားကွက် သစ်ရပ်ကွက် မဲရုံအမှတ် (၃) တွင် ဆန္ဒမဲပေးခဲ့ သည်။ အဆိုပါတာမွေမဲဆန္ဒနယ်တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးတိုးဝင်းက ခိုင်လုံမဲ ၈၄ ရာခိုင်နှုန်းဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။

တာမွေမဲဆန္ဒနယ်သည် သမ္မတဦးဝင်း မြင့်၏ မဲဆန္ဒနယ်ဟောင်းဖြစ်ပြီး သမ္မတမှာ ၎င်းင်း၏ဇနီးဖြစ်သူ ဒေါ်ချိုချိုနှင့်အတူ လာ ရောက်မဲပေးခဲ့ခြင်းဖြစ်သည်။

တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် မဂ္ဂင်လမ်းတွင်နေထိုင်သည့် သမ္မတ ဦးဝင်း မြင့်မိသားစုသည် လစ်လပ်တာမွေမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူစာရင်းတွင် ပါဝင်နေသည့်အ တွက် လာရောက်မဲပေးခြင်းဖြစ်သည်။

သမ္မတဦးဝင်းမြင့်သည် ကြားဖြတ်ရွေး ကောက်ပွဲအတွက် မဲပေးရန် နိုဝင်ဘာ၂ ရက် ညက နေပြည်တော်မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်။

တာမွေမြို့နယ် ပြည်သူ့လွှတ်တော်နေ ရာသည်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဦးဝင်းမြင့်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံရသည့်အတွက် လစ်လပ်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ကတော့ မိသားစုလိုက် မဲလာပေးတာပါ။ နောက်ပြီး သမ္မတကြီးကိုလည်း ကြိုဆိုရင်းနဲ့ပေါ့။ NLD ကိုပဲ မဲပေးဖြစ်ခဲ့တယ်။ ပြည်သူတစ်ယောက်အနေနဲ့ ပြော ရရင် မဲပေးခွင့်ရှိသူတိုင်း မဲလာပေးစေချင်တယ်။ တချို့က မဆိုင်သလိုနေတာရှိတယ်။ အဲဒီလိုက မဖြစ်သင့်ဘူး။ တိုင်းပြည်တိုးတက် အောင်လုပ်ဖို့က လူတိုင်းမှာ တာဝန်ရှိတယ်လို့ ခံယူတဲ့အတွက် မဲလာပေးတာပါ” ဟု မဲပေးသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

တာမွေမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် နိုင်ငံရေးပါတီရှစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ရှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၉၉၁၁၉ ဦး ရှိကြောင်း သိရသည်။

သို့သော်လည်း မဲပေးပိုင်ခွင့်ရှိသူများ အနေဖြင့် ယခု ကြားဖြတ်ရွေးကောက်ပွဲအပေါ် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲထက် စိတ်ပါဝင်စားမှု အနည်းငယ် လျော့ကျခဲ့သည့်အတွက် တာမွေမြို့နယ်၊ ကျောက်မြောင်းနှင့် ကျားကွက်သစ်ရပ်ကွက် အတွင်းရှိ မဲရုံများတွင် နိုင်ငံ တော်သမ္မတ ဆန္ဒမဲပေးခဲ့သည့် အမှတ် (၃) မဲရုံမှလွဲ၍ ကျန်မဲရုံများတွင် မဲပေးသူ နည်းပါးသည်ကို တွေ့ခဲ့ရသည်။

“ရှင်းရှင်းပြောရရင် ကိုယ်ရွေးချယ်လိုက် တဲ့ ကိုယ်စားလှယ်လောင်းဆီကနေ ဘာမှ မမျှော်လင့်ပါဘူး။ မျှော်လင့်စရာလည်း ဘာမှ မှမရှိသေးတာ။ လုပ်နိုင်တဲ့အင်အားလည်း ရှိမှမရှိတာ။ ကျန်တဲ့သူတွေ ပြန်မလာရင် ပြီးရော မဲပေးခဲ့တာပဲ။ ဘယ်သူမှတော့ သိပ်ပြီး တော့ အားတက်သရောမရှိဘူး။ အနည်းဆုံးတော့ မဲလာပေးမယ်ဆိုရင် ကျိန်းသေတယ်။ အလုပ်နောက်ကျမယ်။ ချိန်းထားတဲ့လူတွေလည်း ပြောင်းရမှာဆိုတော့ ဘယ်သူမှ အားတက်သရော မရှိဘူးပေါ့။ အားရင် အားသလို လာထည့်မယ်လို့တော့ မျှော်လင့်ရတာပဲ” ဟု တာမွေမြို့နယ်မှ ကိုသန့်စင်က ပြောကြားသည်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ထက် ယခုကြားဖြတ်ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု အထိုက်အလျောက် ရှိ သော်လည်း နိုင်ငံတော်သမ္မတ ဆန္ဒမဲလာပေး မည့် မဲရုံတွင်ပင် လူဦးရေနည်းပါးကာ ကျန် သည့် မဲရုံများသည် အမှတ် (၃) မဲရုံထက် မဲ လာပေးသူ ပိုမိုနည်းပါးခဲ့ကြောင်း အလက (၁) တာမွေ၊ ကျောင်းသက်သာ ဆိုင်ခန်းပိုင်ရှင် ကိုအောင်မြတ်ဝင်းက ပြောကြားသည်။

“လူအများစုကလည်း ခုချိန်မှာ အရောင်းအဝယ်တွေနဲ့ဆိုတော့ စျေးရောင်း စျေးဝယ် တွေကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တချို့ကလည်း စီးပွားရေး ကျပ်တည်းတဲ့အခါကျတော့ ဘယ်စိုးရတက်တက်၊ ဘယ်သူကပဲ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖြစ် ငါတို့စီး ပွားရေးက ဖွံ့ဖြိုးလာမယ် မထင်ဘူး။ ယုံကြည် မှုတွေ နည်းနည်းအားနည်း လာတယ်လို့လည်း ပြောလို့ရပါတယ်” ဟု ကိုအောင်မြတ်ဝင်းက ပြောကြားခဲ့သည်။

ကိုယ်စားလှယ်လောင်း ကိုးဦးယှဉ်ပြိုင်ခဲ့သည့် ဆိပ်ကမ်းမဲဆန္ဒနယ်အမှတ် (၂) တွင် ပြည်ခိုင်ဖြိုးပါတီက ခိုင်လုံမဲ ၅၁၄ မဲဖြင့်အနိုင်ရ

၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တွင် ကိုယ်စားလှယ်လောင်း ကိုးဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဆိပ်ကမ်းမဲဆန္ဒနယ်အမှတ် (၂) ၌ ပြည်ခိုင်ဖြိုးပါတီက ခိုင်လုံမဲအရေအ တွက် ၅၁၄ မဲဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရ သည်။

ဆိပ်ကမ်းမဲဆန္ဒနယ်တွင် ဆန္ဒပဲပေးခွင့် ရှိသူ စုစုပေါင်း ၁၄၃၄ ဦး ရှိသည့်အနက် ၉၀၀ ကျော် ဆန္ဒမဲပေးခဲ့ကြရာ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က မဲအရေအတွက် ထက်ဝက်ကျော်ဖြင့် အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။

“ကျွန်တော် ရည်ရွယ်တာကတော့ ၂၀၂၀ ကို ရည်ရွယ်ခဲ့တာပါ။ သို့သော် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ပေါ်လာတဲ့အချိန် မှာလည်း ကျွန်တော့်ဘက်က ပြင်ဆင်ပြီးသား ဖြစ်နေတဲ့အတွက် အခုလို ရလဒ်ကောင်းကို ပိုင်ဆိုင်နိုင်တာဖြစ်ပါတယ်” ဟု မဲစာရင်း အ နိုင်ရရှိသူ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် လောင်း ဦးနေမျိုးအောင်က ပြောကြားသည်။

ဦးနေမျိုးအောင်သည် ၂၀၁၅ ပြည်လုံး ကျွတ်အထွေထွေ ရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်စဉ်က အနိုင်ရရှိခဲ့ခြင်းမရှိသ လို ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၆ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆိပ်ကမ်းမဲဆန္ဒနယ် တွင် အနိုင်ရရှိခဲ့သော်လည်း မဲဆန္ဒနယ် တစ်ခုလုံးတွင် အနိုင်ရရှိခြင်း မရှိသဖြင့် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရခြင်း မရှိခဲ့ပေ။

ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ် ဒီမိုကရေစီပါတီ စသည့် နိုင်ငံရေးပါတီရှစ်ခုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦး စုစုပေါင်းကိုးဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

ဆိပ်ကမ်းမဲဆန္ဒနယ်တွင် မိသားစုရိပ်သာရပ်ကွက် မဲရုံနှင့် ရဲရိပ်သာ မိသားစု မဲရုံဟူ၍ မဲရုံနှစ်ရုံရှိရာ မိသားစုရိပ်သာမဲရုံမှ ၂၂၆ မဲဖြင့် ညနေ ၅ နာရီဝန်းကျင်နှင့် ရဲရိပ်သာ မိသားစုမဲရုံမှ ၂၈၈ မဲတို့ဖြင့် ည ၇ နာရီဝန်းကျင်တွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မင်းဘူး (စကု) မြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသူ၏ ၅၅ ရာခိုင်နှုန်းကျော်သာ မဲပေးခဲ့ပြီး NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း အနိုုင်ရ

နိုုင်ဝင်ဘာ ၃ ရက်ကကျင်းပသည့် ကြား ဖြတ်ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်၌ မဲပေးပိုုင်ခွင့်ရှိ သူအားလုံး၏ ၅၅ ရာခိုင်နှုန်းကျော်သာ မဲပေး ခဲ့ကြပြီး အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ်  (NLD) ပါတီ လွှတ်တော်ကိုယ်စားလှယ် လောင်းဦးကျော်ငွေက မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့ကြောင်း မင်းဘူးမြို့နယ် NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးရုံးသို့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် ည ၇ နာရီခွဲအထိ ရောက်ရှိလာသော စာရင်းများအရ သိရသည်။

မကွေးတိုင်းဒေသကြီး လွှတ်တော်တွင် မင်းဘူး (စကု) မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လစ်လပ်နေရာအတွက် NLD၊ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUD) ပါတီသုံးခုမှ ကိုယ်စားလှယ်လောင်း သုံးဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှစ်ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မင်းဘူး (စကု) မြို့နယ်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူ ၆၈၄၁၄ ဦးတွင် မဲဆန္ဒရှင် ၃၇၇၀၀ ကျော်က မဲရုံပေါင်း ၉၆ ရုံတွင် မဲပေးခဲ့ကြောင်း၊ မင်းဘူးမြို့ NLD ပါတီအောင်နိုုင်ရေးရုုံးသိုု့ နိုဝင်ဘာ ၃ ရက် ည ၇ နာရီခွဲအချိန် ရောက်ရှိသော စာရင်းများအရ NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးကျော်ငွေက မဲပေါင်း ၂၁၀၀၀ ကျော်ရရှိကာ ပြည်ခိုုင်ဖြိုးပါတီ ကိုုယ်စားလှယ်လောင်း ဦးစိန်ရွှေမင်းက မဲပေါင်း ၁၀၀၀၀ ကျော်ဖြင့် ဒုတိယ လိုက်ခဲ့ပြီး စကုမြို့မှ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးသိန်းထက်ဝေက တတိယလိုက်ခဲ့ကြောင်း သိရသည်။

မမကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် မင်းဘူး (စကု) မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ မကွေးတိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကျော်က ဝန်ကြီးအ ဖြစ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်အဖြစ်မှပါ နုတ်ထွက်ခဲ့သောကြောင့်  ကြားဖြတ်ရွေးကောက်ပွဲတွင် ထိုုလစ်လပ်နေရာအတွက် ကိုုယ်စားလှယ်လောင်း ငါးဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မင်းဘူး (စကု) မြို့နယ် ကြားဖြတ်ရွေးကောက်ပွဲသို့ အိန္ဒိယနိုုင်ငံနှင့် အင်ဒိုုနီးရှားနိုုင်ငံတိုု့မှ ရွေးကောက်ပွဲ လေ့လာသူကိုးဦး လာရောက်ခဲ့ကြသည်။

မတူပီမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရ

မတူပီမြို့နယ် ပြည်နယ်လွှတ်တော် မဲ ဆန္ဒနယ် (၁) တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိကြောင်း ယင်းပါတီဗဟို ဥက္ကဋ္ဌထံမှ နိုဝင်ဘာ ၃ ရက် ည ၉ နာရီခွဲခန့်က ရရှိသော အချက်အလက်များအရ သိရသည်။

လက်ရှိတွင် ချင်းဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား မဲရလဒ် ၁၀၀၀ ကျော် အသာဖြင့် အနိုင်ရရှိ ထားပြီး ရေတွက်ရန်ကျန်ရှိသည့် မဲအရေအတွက်မှာ ကျေးရွာနှစ်ရွာမှ လူဦးရေ ၃၀၀ ခန့် သာ ကျန်ရှိတော့ကြောင်း သိရသည်။

မတူပီ မဲဆန္ဒနယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်သောင်းခုနစ်ထောင်ကျော်ရှိပြီး မဲရုံ ၇၀ ရှိကာ မြို့ပေါ်တွင် မဲရုံရှစ်ရုံရှိပြီး အခြား မဲရုံများမှာ ကျေးရွာအုပ်စုများမှ ဖြစ်သည်ဟု သိရသည်။

မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာ ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) မှ ဦးအောင်လျန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဦးအောင်ထန်းတို့ ဖြစ်သည်။

ယခင် မတူပီမဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် NLD ပါတီဝင် ဦးဟွန်းခဲန်မှာ ကွယ်လွန်သွားသဖြင့် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေခြင်း ဖြစ်သည်။

လဲချားပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် SNLD ပါတီ အနိုင်ရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့ နယ်တွင် ကျင်းပပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ အနိုင်ရရှိကြောင်း နိုဝင်ဘာ ၃ ရက် ည ၉ နာရီခန့်တွင် SNLD ပါတီထံမှ ရရှိသော အချက်အလက်များအရ သိရသည်။

လဲချားမြို့နယ်တွင် မဲရုံပေါင်း ၃၆ ရုံ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုပေါင်း ၂၃ စု၊ မဲဆန္ဒရှင်ဦးရေပေါင်း ၃၉၃၂၁ ဦးရှိရာတွင်၊ မဲပေးသူ စုစုပေါင်း ၁၂၀၇၇ ဦးရှိကာ ပယ်မဲပေါင်း ၁၀၃၈ မဲရှိခဲ့ကြောင်း၊ စာရင်းချုပ်အားဖြင့် SNLD က ၈၅၄၀ မဲ၊ SNDP က ၁၅၄၂ မဲ၊ NLD က ၉၅၇ မဲ ရရှိခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သိရသည်။

“လောလောဆယ် စာရင်းအရတော့ ကျွန်တော်တို့ သာနေတာပေါ့လေ။ မနက်ဖြန် ကျရင်တော့ တိတိကျကျသိရပြီပေါ့။ ဘယ်လို ပဲဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့လည်း ပင်ပင် ပန်းပန်း ကြိုးစားတယ်။ ကျန်တဲ့ပါတီတွေ လည်း ကြိုးစားတယ်။ ဘယ်သူမဆို နိုင်ချင် တာပဲ။ ပြည်သူလူထုက အဆုံးအဖြတ်ပေး သွားတာပေါ့လေ။ ကျွန်တော့်ကို မဲပေးတဲ့ ပြည် သူလူထုကို အများကြီးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ မဲပေးသူ နည်းတာကတော့ ဒီအချိန်က အလုပ်ချိန်လည်း ဖြစ်တယ်။ ဒီ အချိန်က ကြားဖြတ်ရွေးကောက်ပွဲကို စိတ် မဝင်စားဘူးလေ။ ပြီးတော့ ဘာပဲပြောပြော လူထုကို ပညာပေးတဲ့အပိုင်း နည်းနည်း လို အပ်နေသေးတယ်လို့ ထင်တယ်။ နောက်ပြီး သိန်း ၁၀၀ အဲဒီအကန့်အသတ်ကြီးက ရှိနေ တယ်လေ။ အခက်အခဲတစ်ခုလို ဖြစ်နေ တယ်။ အရင်ကဆိုရင် တပ်ထဲက မဲလုံးဝမရ ဘူး။ ၂၀၁၅ တုန်းက တပ်မဲလုံးဝမရဘူး။ ခုတော့ ဘာပဲပြောပြော နည်းနည်းရသေးတယ် ဆိုတော့ ဘာပဲပြောပြော အရင်လိုတော့မဟုတ် တော့ဘူး။ သူတို့လည်း ရွေးချယ်ပိုင်ခွင့် ရှိလာပြီဗျ” ဟု SNLD ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းဥက္ကာက ပြောကြားသည်။

နိုဝင်ဘာ ၃ ရက်တွင် လဲချားမြို့ပေါ်ရပ် ကွက်နှင့် လမ်းပန်းဆက်သွယ်ရေးကောင်း သော ကျေးရွာများတွင် မဲလာပေးသူများပြား ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးနှင့် တယ်လီ ဖုန်း ဆက်သွယ်ရေး ခက်ခဲသော ပလောင် တောင်ပေါ် ကျေးရွာများတွင် မဲလာပေးသူ လွန်စွာနည်းပါးခဲ့ကြောင်း အဆိုပါ မဲရုံများမှ သိရသည်။

လဲချားမြို့နယ်တွင်းရှိ ကျေးရွာများတွင် အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၂ ရက် အထိ ကြိုတင်မဲပေးခဲ့သောစာရင်းမှာ အရပ် သား ၅၃၅ ဦး၊ တပ်မတော်သား ၃၂၅ ဦး၊ စုစု ပေါင်း ၈၆၀  ကြိုတင်မဲပေးထားကြောင်း လွိုင် လင်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ မှ အောက်တိုဘာ ၃ ရက်တွင် သိရသည်။

ထို့ပြင် လဲချားမြို့နယ်တွင် ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲရုံများ လေ့လာစောင့် ကြည့်ရေးအဖွဲ့လေးဖွဲ့ စာရင်းပေးထားကြောင်း သိရသည်။

လဲချားမြို့နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းနေရာအ တွက် ပါတီသုံးခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ဦးစိုင်းအောင်ထွန်းလေး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) မှ ဦးစိုင်းဥက္ကာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီ (SNDP) မှ ဦးစိုင်းရွှေဆိုင်းတို့  ပါဝင်ကြောင်း သိရသည်။

နိုဝင်ဘာ ၄ ရက်တွင် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ နှင့် မြို့နယ်ကော် မရှင်အဖွဲ့ခွဲတို့က ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များကို တစ်ပြိုင်တည်း ထုတ်ပြန်ကြေ ညာပေးမည်ဖြစ်ကြောင်း၊ ထိုသို့နောက်ဆုံး ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း လဲချား မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းလှထွန်းက ပြောကြားသည်။

အုတ်တွင်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင်​ NLD ပါတီ အနိုင်​ရ

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အ မှတ်(၁)အတွက် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပ သော ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ် လောင်းက ပြိုင်​ဘက်​ပါတီများအား ဆန္ဒမဲအ​ရေအတွက်​ ၅၀၀၀ ​ကျော်​အသာဖြင်​့ အနိုင်ရ ရှိခဲ့​ကြောင်​း အုတ်တွင်းမြို့နယ်​ ပြည်​သူ့လွှတ်​​တော်​ ကိုယ်​စားလှယ်​​ ဒေါ်ချိုချိုက ​ပြောကြားသည်​။

မဲရရှိမှုအ​ခြေအ​နေနှင်​့ပတ်​သက်​ပြီး အုတ်​တွင်​းမြို့နယ်​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​ ဒေါ်ချိုချိုက “ကျွန်မတို့ မဲရုံ ၇၂ ရုံ လုံးကဟာ​တွေပေါင်​းပြီး​တော့ ချိန်​ကြည့်လိုက်​တာပါ။ ပြိုင်​ဘက်​က နှစ်​​ယောက်​ဖြစ်​သွားတယ်​။ USDP ​ရော၊ တစ်​သီးပုဂ္ဂလ​ရော ဆို​တော့​လေ။ USDP ထက်​​တော့ ကျွန်​မတို့ က ၅၀၀၀ ​ကျော်​​လောက်​​တော့ ခန်​့မှန်​း​ခြေ​ပေါ့​နော်​။ အဲဒီလောက်​​တော့ သာပါတယ်​။ တစ်​သီးပုဂ္ဂလကိုကျ​တော့ ၈၀၀၀ ​ကျော်​ဖြတ်​နိုင်​တာ​ပေါ့။ ကျွန်​မတို့ NLD က ရတဲ့မဲက တစ်​​သောင်​း​ကျော်​ရှိတယ်​​လေ။ မဲရုံကိုယ်​စား လှယ်​​တွေ​ပေးတဲ့ဟာကို ကျွန်​မတို့က ၇၂ ရုံလုံးရဲ့ဟာကို ​ပေါင်​းလိုက်​လို့ရတဲ့ဟာ​ပေါ့” ဟု​ နိုဝင်ဘာ ၃ ရက် ည ၁၁ နာရီခန့်က ​ပြောကြားသည်​။

အုတ်​တွင်​းမြို့နယ်​မဲစာရင်​းများနှင်​့ပတ်​သက်​ပြီး မဲစာရင်​းများ​​ပေါင်​း​နေဆဲသာဖြစ်​ပြီး ည ၁၂ နာရီခန်​့မှသာ မဲရလဒ်​များအား ထုတ်​ပြန်​​ပေးမည်​ဖြစ်​​ကြောင်​း အုတ်​တွင်​းမြို့နယ်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်​ ဝင်​းက ည ၁၀ နာရီ​ ၂၀ မိနစ်​ခန့်​က​ပြောကြား သည်​။

တပ်​တွင်​းမဲရုံ၊ (မြို့နယ်​ ကြိုတင်​မဲ)ကြို တင်​မဲ​ရေတွက်​ရာတွင်​ ပြည်​ခိုင်​ဖြိုးပါတီမှ ကိုယ်​ စားလှယ်​​လောင်​း ဦးဝင်​းမြင်​့က အ​ခြေအ​နေ​ကောင်​းသည်ဟုဆို​သော်လည်​း ရပ်​​ကျေးများ မှ ကြိုတင်​မဲများနှင်​့ ခိုင်​လုံမဲများတွင်​ NLD က အသာရခဲ့​ကြောင်​း သိရသည်​။

အုတ်​တွင်​းမြို့နယ်​ တိုင်​း​ဒေသကြီးလွှတ်​​တော်​ မဲဆန္ဒနယ်​အမှတ်​(၁)အတွက်​ ရပ်ကျေး အုပ်​​ပေါင်​း ၁၈ ခုမှ ဆန္ဒမဲ​ပေးပိုင်​ခွင်​့ရှိသူ ၅၉၆၇၅ ဦးရှိသည်​့အနက်​ ကြိုတင်​မဲ စုစုပေါင်း ၂၁၄၅ မဲ၊ မဲရုံများတွင် လာ​ရောက်မဲ​ပေးသူ ၂၆၅၆၇ ဦး လာ​ရောက်​မဲ​ပေးခဲ့သဖြင်​့ မဲဆန္ဒ နယ်တစ်​ခုလုံးအတွက်​ စုစု​ပေါင်​းမဲ​ပေးသူ ၂၈၇၁၂ ဦးရှိခဲ့ရာ မဲ​ပေးခွင်​့ရှိသူဦး​ရေ၏ ၄၈ ရာခိုင်​နှုန်​းခန့် မဲ​ပေးခဲ့​ကြောင်​း အုတ်​တွင်​း မြို့နယ် ရွေး​ကောက်​ပွဲ​ကော်​မရှင်​အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါ မဲဆန္ဒနယ်​အတွက်​ မဲရုံ​ပေါင်​း ၇၂ ရုံရှိပြီးည​နေ ၆ နာရီခွဲတွင်​ မဲရုံအများစုမှ မဲများ​ရေတွက်ပြီးစီးလျက်​ရှိရာ NLD ပါတီ မှကိုယ်​စားလှယ်​​လောင်​း ဦးကျော်​​ဇေယျက မဲရုံတိုင်​းတွင်​ မဲရလဒ်​အသာဖြင်​့ အသာရရှိကာ ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ အနိုင်​ရရှိခဲ့ခြင်​း ဖြစ်​သည်​။

ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲတွင် စိတ်ဝင်တစား လာရောက်မဲပေးသူ များပြားခဲ့ပြီး ည ၁၁ နာရီအထိ မဲရုံ ၈၁ ရုံ၏ မဲရလဒ်အရ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်း အနိုင်ရရှိ

ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ် တော်မဲဆန္ဒနယ် အမှတ် (၂) ကြားဖြတ်ရွေး ကောက်ပွဲကို ဒေသခံများက စိတ်ဝင်တစား လာရောက်မဲပေးသူများပြားခဲ့ပြီး ည ၁၁ နာရီ အချိန်အထိ မဲရုံ ၈၁ ရုံ၏ မဲရလဒ်အရ တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးတင်မောင် ဝင်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မဲရုံ ၈၁ ရုံ၏ မဲရလဒ်အရ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းက ၂၃၆၃၀ မဲ ဖြင့်အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်းနှင့် ANP ပါတီ ကိုယ်စားလှယ်လောင်းက ၃၁၄၆ မဲ၊ NLD ပါတီ ကိုယ်စားလှယ်လောင်းက ၈၉၂ မဲ၊ ALD ပါတီ ကိုယ်စားလှယ်လောင်းက ၅၅၄ မဲရရှိခဲ့ကြောင်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၏ ရုံးမှ သိရသည်။

ဦးတင်မောင်ဝင်းသည် လက်ရှိတရား ရင်ဆိုင်နေရသည့် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာအေးမောင်၏ သားဖြစ် သဖြင့် ၎င်းင်း၏ ဖခင်ကို လေးစားယုံကြည်ကြ သည့် မဲဆန္ဒရှင်ပြည်သူများက ၎င်းင်းအား တစ် ခဲနက် ထောက်ခံမဲ ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) တွင် မဲပေးခွင့်ရှိသူ ၅၂၃၀၀ ရှိသော်လည်း အမှန်တကယ် မဲပေးသူမှာ မဲရုံအချို့မှအပ အများစုမှာ မဲ ပေးခဲ့သူ ၅၀ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ထို့ပြင် မဲလာမထည့်သူများတွင် မဲစာ ရင်းတွင် ပါဝင်သော်လည်း ကျေးရွာများတွင် မရှိဘဲ ကျေးရွာပြင်ပကိုရောက်ရှိနေသည့် မဲ ဆန္ဒရှင်များလည်း ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ရွေးကောက်ပွဲနေ့၌ မဲပေးရာ၌ လွတ်လပ်စွာ မေးပေးခွင့်ရရှိခဲ့ကြကြောင်း မဲ ဆန္ဒရှင်များက ပြောကြားခဲ့ကြပြီး မဲစာရင်းတွင် မပါသဖြင့် မဲပေးခွင့်မရခဲ့သူတချို့ရှိခဲ့ ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ် စားလှယ် ဦးမောင်လှမြင့်က “မဲပေးရတာတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ မဲစာရင်း အမှတ်စဉ်ကို ကြည့်ရတာ အချိန်နည်းနည်း ပေးရတာရှိတယ်။ မဲစာရင်းမှာမပါတဲ့သူတွေ တချို့တော့ ရှိတာတွေ့ရတယ်။ မဲဆန္ဒရှင် ပြည်သူတွေက သွားမကြည့်ကြတော့ အခုမှ မပါဘူးဆိုတော့ ဘာမှလုပ်မရတော့ဘူး။ မဲ စာရင်းမှာ မပါတဲ့ဟာတွေက ကျောက်တန်း တို့၊ ကူတောင်တို့၊ အရှေ့တောင် ရပ်ကွက်တို့မှာ ရှိတယ်။ တချို့မိသားစုဆိုရင် ၂၀၁၀ မှာ လည်းပေးခဲ့တယ်။ ၂၀၁၅ မှာလည်းပေး တယ်။ အခုကျတော့ မဲစာရင်းမှာမပါတာရှိ တယ်။ တိုကင်တွေ ကြိုပေးမထားတဲ့အတွက် မဲစာရင်းကြည့်ရတာမှာ နည်းနည်းတော့ နှောင့်နှေးမှုတွေရှိတယ်။ မဲရုံကို မဲပေးဖို့လာ တဲ့သူတွေတော့ အဆင်ပြေတာ တွေ့ရပါတယ်” ဟု ပြောကြားသည်။

လက်ရှိ ကြားဖြတ်ရွေးကောက်ပွဲသည် ပါတီအသီး၏ လူထုထောက်ခံမှုကို စမ်းသပ် ၍ရသည့်ပွဲလည်းဖြစ်ပြီး ရွေးကောက်ပွဲရလဒ် က ပြည်သူလုထု၏ ထောက်ခံမှု မည်မျှရှိ သည်ကို သုံးသပ်နိုင်မည်ဖြစ်ကြောင်း သိရ သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) မှ ကိုယ်စားလှယ်လောင်း ဦးသိန်းမောင်က “မဲပေးတဲ့အခန်းတွေ နည်းနည်းကျဉ်းတယ်။ မဲပေးတဲ့သူတွေများတဲ့မဲရုံတွေမှာ မဲဆန္ဒရှင် ပြည်သူတွေ နည်းနည်းအခက်အခဲရှိတယ်။ သက်ကြီးရွယ်အိုတွေကိုလည်း ကြိုတင်မဲပေး နိုင်ဖို့ မနေ့က ကော်မရှင်အဖွဲ့က စီစဉ်တာ တွေ့ပါတယ်။ တချို့က မဲစာရင်းမှာမပါဘူးလို့ လာပြောကြတယ်။ ဒီအချိန်မှာမှ မပါဘူးပြော လည်း အချိန်က လွန်သွားပြီ။ ကျွန်တော့်ကို လာပြောတဲ့သူတွေက ၁၉ ယောက်လောက် ရှိပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ ပါတီအသီးသီးရဲ့ လူထုထောက်ခံမှုကို စမ်း သပ်လို့ရတဲ့ပွဲလို့လည်းပြောလို့ရတယ်။ ပြည် သူတွေက သူတို့ကြိုက်တဲ့ ပါတီနဲ့ လွှတ်တော် ကိုယ်စားလှယ်ကို ရွေးလို့ကြတယ်။ ထွက်လာ တဲ့ရလဒ်အဖြေအပေါ်မှာ ပါတီနဲ့ လွှတ်တော် ကိုယ်စားလှယ်ကို ဘယ်လောက်အထိ ထောက် ခံကြသလဲဆိုတာ အဖြေထုတ်လို့ ရပါတယ်” ဟု ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည် နယ်အတွင်း ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) တစ်ခုတည်း သာရှိပြီး ၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်အမျိုး သားပါတီမှ ဦးဖိုးမင်း(ခ) ဦးဘိုးမင်း အနိုင်ရရှိ ခဲ့သည့် မဲဆန္ဒနယ်ဖြစ်ကာ ဦးဖိုးမင်း (ခ)ဦးဘိုးမင်းမှာ ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် မဲရုံ ၆၉ ရုံ အနက် မဲရုံ ၃၅ ရုံခန့်သာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ရောက်ရှိနေပြီး ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်နှင့်ပတ်သက်၍ ထုတ်ပြန်နိုင်ခြင်း မရှိသေး

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ပြည် သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ဆန္ဒမဲပေးခဲ့ကြပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် မြို့နယ်မဲဆန္ဒနယ် အတွင်းရှိ မဲရုံ ၆၉ ရုံအနက် မဲရုံ ၃၅ ရုံခန့်သာ နိုဝင်ဘာ ၃ ရက် ည ၁၁ နာရီခန့်အထိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ရောက်ရှိနေပြီး  မြို့နယ်ရွေး ကောက်ပွဲကော်မရှင်တာဝန်ရှိသူများက လည်း မဲရလဒ်နှင့်ပတ်သက်၍ အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးဟု သိရသည်။

“မဲရုံ ၃၅ ရုံလောက်တော့ ရောက်လာပါပြီ။ အဓိက လမ်းပန်းဆက်သွယ်ရေးကြောင့် နောက်ကျရတာပါ ။ ကျွန်တော်တို့က တစ်ည လုံး စောင့်ရှောက်နေမှာပါ ။ ကျွန်တော်တို့ မဲ ရုံအသီးသီးက လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီ ရရှိတဲ့ ပုံစံ ၁၆ တွေ ရောက်လာ ပြီးရင် အကုန်လုံးစိစစ်ပြီးတော့ ရလဒ်ကို ထုတ်ပြန်ပေးသွားမှာပါ။ ကျွန်တော်တို့ မဲရုံတော် တော်များများက အခုအနေအထားအရ လမ်း ပန်းဆက်သွယ်ရေးက တော်တော်လေး ခက်ခဲပါတယ်” ဟု မြို့နယ်ရွေးကော်ပွဲ ကော်မရှင် အရာရှိ ဦးကီးလောက နိုဝင်ဘာ ၃ ရက်ည ၁၁ နာရီခန့်တွင် ပြောကြားသည်။

ကန်ပက်လက်မြို့နယ်အတွင်းရှိ မဲရုံသုံးရုံသာ မြို့ပေါ်တွင်တည်ရှိပြီး ကျန်ရှိမဲရုံ ၆၆ ရုံမှာ ကျေးရွာများ၌ တည်ရှိပြီး လမ်းပန်းဆက် သွယ်ရေးအခက်အခဲကြောင့် အချိန်နောက် ကျမှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ရောက်ရှိလာခြင်း ဖြစ်သည်ဟု သိရသည်။

“ည ၁၁ နာရီဝန်းကျင်အထိ ဆန္ဒမဲတွေ လာပို့နေကြဆဲပါ။ ညအထိ ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ကျေးရွာတွေက မဲပုံးတွေလာ ပို့နေတာကို တွေ့ရှိခဲ့ရပါတယ်” ဟု ကန်ပက် လက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ညဉ့်နက်သည်အထိ စောင့်ကြည့်ခဲ့သူ တစ်ဦးက ပြောကြားသည် ။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံ ၆၉ ရုံ ရှိပြီး မဲဆန္ဒရှင်ဦးရေမှာ ၁၂၄၄၉ ရှိသည်ဟု သိရသည် ။

ကန်ပက်လက်မြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာအတွက် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများမှာ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (CNDP) မှ ဦးကီးထန်းလွန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ဦးညွန့်ဝင်း၊ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ဦးမနားနိုင်း၊ ချင်းတိုးတက်ရေးပါတီ (CPP) မှ ဦးမနားရှင်းတို့ ဖြစ်သည်။

“မဲရရှိမှု အခြေအနေက စာရင်းမငြိမ် သေးပါဘူး။ စာရင်းကို တိတိကျကျ ထုတ်ပြန် လို့ မရသေးပါဘူး။ မနက်ဖြန် ကော်မရှင်ရဲ့ ထုတ်ပြန်မှုနဲ့တော့ သတင်းတွေ ထုတ်ပြန်လို့ ရမယ်။ လောလောဆယ် ကျွန်တော်က မဲအ သာနဲ့တော့ ရှိနေတာပေါ့နော်။ ဒါပေမဲ့ မဲရုံ တွေအားလုံး မစုံသေးတော့ လုံးဝအတည်ပြု လို့ မရသေးပါဘူး။ ကော်မရှင်ရဲ့ ထုတ်ပြန် ချက်ကိုပဲ အတည်ပြုတာ ကောင်းပါတယ်” ဟု NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးညွန့်ဝင်းက နိုဝင်ဘာ ၃ ရက် ည ၁၁ နာရီခန့်တွင် ပြောကြားသည်။

မန္တ​လေးတိုင်​း​ဒေသကြီး ရှမ်​းတိုင်​းရင်​းသားလူမျိုး မဲဆန္ဒနယ်နေရာအတွက်​ NLD ပါတီ အနိုင်​ရရှိ

မန္တ​လေးတိုင်​း​ဒေသကြီး လွှတ်တော်ရှမ်းတိုင်​းရင်​းသားလူမျိုး မဲဆန္ဒနယ်နေရာအတွက် NLD ပါတီမှ အနိုင်ရရှိခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းရုံး၏ ထုတ် ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၃ ရက်နေ့ ည ၁၁ နာရီဝန်း ကျင်ထိ မြို့နယ်၂ဝကျော်နှင့် NLD ပါတီက အနိုင်ရရှိထားပြီး မြို့နယ်သုံးခုခန့် ရလဒ် မသိရှိရသော်လည်း ခရိုင်ခုနစ်ခုစလုံးတွင် မဲအသာစီးရရှိ အနိုင်ရ ရှိခဲ့သဖြင့် ရှမ်းတိုင်းရင်းသားလူမျိုး နေရာအတွက် NLD ကသာ အနိုင်ရရှိခဲ့ကြောင်း ပါတီက ထုတ်ပြန်ခဲ့သည်။

ယ​ခုကျင်​းပသည်​့ ကြားဖြတ်ရွေးကောက်ပွဲတွင်​ ဆန္ဒမဲ​ပေးခွင်​့ရှိသူ အများဆုံးရှိသော မန္တ​လေးခရိုင်​နှင်​့ ပြင်​ဦးလွင်​ခရိုင်​တို့တွင်လည်း NLD ပါတီက မဲအသာဖြင်​့ အနိုင်​ရခဲ့​ခြင်း ဖြစ်သည်။

ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်နေရာအတွက် NLD ပါတီမှ ဦးစိုင်​းပန်​းဆိုင်​၊ USDP မှ ဦးစိုင်​း​အောင်​ကြည်​၊ SNLD မှ ​ဒေါ်နန်​း​ထွေးမှုံ၊ SNDP မှ ​ဒေါက်​တာစိုင်​း​ကျော်​အုန်​းနှင်​့ တစ်​သီးပုဂ္ဂလအ​နေဖြင်​့ ဦး​အောင်​​ဌေးတို့ ဝင်​​ရောက်​ယှဉ်​ပြိုင်​ခဲ့ကြရာ မန္တ​လေးတိုင်​း​ဒေသကြီး အစိုးရ ရှမ်​းတိုင်​းရင်း သားလူမျိုး ဝန်ကြီးနေရာကို အနိုင်ရရှိသူ NLD ပါတီမှ ဦးစိုင်းပန်ဆိုင် ဖြစ်လာမည်ဖြစ်သည်။

အဆိုပါနေရာအတွက်​ မဲ​ပေးခွင့်ရှိသူ များစာရင်းအရ ပြင်​ဦးလွင်​ခရိုင်​တွင် သုံး သောင်​းနီးပါး၊ မန္တ​လေးခရိုင်​တွင် တစ်​​သောင်း နှစ်​​ထောင်​​ကျော်​၊ ကျန်​မြို့နယ်​များတွင်​ ဆယ်​ဂဏန်​းခန်​့သာရှိပြီး တစ်​တိုင်​းလုံးအ​နေဖြင်​့ ​မဲ​ပေးခွင့်ရှိသူ လေးသောင်းကျော်ရှိ​ကြောင်း သိရသည်။ သို့သော် မဲလာရောက်ပေးသူမှာ သိသိသာသာ နည်းပါးခဲ့သည်ကိုလည်း တွေ့ရသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် NLD ပါတီမှ ဦးစိုင်းပန်ဆိုင်(ခ) ဦးစိုင်းထွန်း စိန်(ခ) ဦးကျော်စိန် အနိုင်ရှိလျက်ရှိကြောင်း ည ၈ နာရီ ခန့်က ရရှိသည့်ကနဦးသတင်းများ အရ သိရ သည်။ မန္တလေးခရိုင်၊ ပြင်ဦးလွင် ခရိုင်နှင့် မိုး ကုတ်မြို့တို့တွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ ၄၁၀၀၀ ကျော်ရှိသော အဆိုပါရှမ်း တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် မဲပေးသူ အရေအတွက် ရာခိုင်နှုန်း ၃၀ ခန့်သာရှိခဲ့ပြီး မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်အတွင်း မဲ အပြတ်အ သတ်ဖြင့် အနိုင်ရရှိခဲ့သော်လည်း ပြင်ဦးလွင်နှင့် မိုးကုတ်တို့တွင် SNLD ပါတီအား မဲအရေအတွက် အနည်းငယ် အသာဖြင့်သာ အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။

မိုးကုတ်မြို့တွင် မဲရုံ ၄၁ ရုံ၊ မဲပေးပိုင်ခွင့်ရှိသူ ၁၆၀၆၇ ၌ မဲပေးသူ ၅၈၀၆ ဦးရှိခဲ့ပြီး မဲရလဒ်အနေဖြင့် NLD က SNLD အား ၉၆ မဲအသာဖြင့် အနိုင်ရရှိလျက်ရှိကြောင်း ကနဦးရလဒ်များအရ သိရပြီး မိုးကုတ်မြို့နယ် မဲဆန္ဒနယ်တွင် မဲပေးသူ အရေအတွက်မှာ ၂၅ ရာ ခိုင်နှုန်းကျော်သာ ရှိခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါမဲဆန္ဒနယ်အတွင်း မဲပေးသူဦး ရေ နည်းပါးခဲ့သော်လည်း မဲရုံသို့လာရောက်မဲ ပေးသူတချို့မှာ မဲစာရင်းမပါဝင်သဖြင့် မဲပေး ခွင့်မရခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်။

“သူတို့မဲစာရင်းကောက်တာ ကျန်သွားလို့ ထင်တယ်။ နာမည်မပါလာလို့ မထည့်ခဲ့ရဘူး။ အရင်တစ်ခါတုန်းက ဒီကျောင်းမှာပဲ လာထည့်တာလေ” ဟု မိုးကုတ်မြို့ မဲရုံ (၁) တွင် လာရောက်မဲပေးခဲ့သူ ဒေါ်ဆွေရင်က ပြောကြားသည် ။

“မန္တလေးခရိုင်က အားလုံးအပြတ်အ သတ်နိုင်တယ်။ ကျောက်ဆည်မြို့မှာတော့ သုံးမဲတည်းနဲ့ ရှုံးတယ်။ ပြင်ဦးလွင်လည်း နိုင်တယ်။ မိုးကုတ်ကလည်း မဲမပြတ်ပေမယ့် နိုင် နေတယ်။ ဒီတော့ မဲဆန္ဒနယ်အားလုံးချုပ် လိုက်ရင် ဘယ်လိုဖြစ်ဖြစ်နိုင်သွားပါပြီ” ဟု မန္တလေးတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။

သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) နေရာတွင် NLD ပါတီ အနိုင်ရ

သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၉၆၂၂ ဦးရှိပြီး ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲသို့ မဲလာရောက်ပေး သူဦးရေနည်းပါးခဲ့သော်လည်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ မဲအရေအတွက် ၁၂၃၀၀ ကျော်ဖြင့် အနိုင်ရရှိခဲ့ကြောင်း ကနဦး မဲရေတွက် ပြီးစီးသွားမှု အခြေအနေများအရ သိရသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်မြေ ၁၃ နေရာအနက်တစ်ခု အပါအဝင်ဖြစ်သည့် သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) တွင် မဲပေးပိုင်ခွင့်ရှိသူ ၄၉၆၂၂ ရှိပြီး တပ်တွင်း မဲရုံလေးရုံနှင့် မဲရုံပေါင်း ၄၇ ရုံရှိကြောင်း သိရသည်။

နိုဝင်ဘာ ၃ ရက် ည ၁၁ နာရီအချိန် ရရှိထားသည့် အချက်အလက်များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ မဲဆန္ဒအရေ အတွက် ၁၂၃၀၀ ကျော်ဖြင့် အနိုင်ရရှိခဲ့ကြောင်း အနိုင်ရ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း  ဦးစိုးလွင်က ပြောကြားသည်။

“မဲရလဒ်ကတော့ ပြိုင်ဘက်ပါတီနဲ့ ၇၀၀၀ ကျော်နဲ့ပြတ်ပြီးတော့ အနိုင်ရရှိတယ်လို့ ကျွန် တော်တို့ရရှိထားတဲ့ စာရင်းတွေအရ သိရပါ တယ်။ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒပြည့်ဝသွားတာကြောင့် ဝမ်းသာရပါတယ်။ ကိုယ့်မြို့နယ်အ တွက် လုပ်ဆောင်ပေးစရာတွေ အများကြီးရှိ ပါတယ်။ ကျွန်တော်တို့ကို ပေးအပ်ထားတ ဥပဒေပါ အခွင့်အရေးတွေအတိုင်း မဲဆန္ဒရှင် ပြည်သူတွေအတွက် လုပ်ဆောင်ပေးသွားမှာပါ။ လုပ်ဆောင်သွားရမှာ တွေကတော့ အ များကြီးပါ။ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ မြေယာကိစ္စတွေပေါ့။ နောက်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေပေါ့။ ဒါတွေကို အဓိကထား လုပ်ဆောင်သွား ရမှာလို့ မြင်ပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေအ တွက် ပြောချင်တာက ပေးထားတဲ့ကတိတွေကို ကျွန်တော့်အနေနဲ့ ကြိုးစားဆောင်ရွက်မှာပါလို့ ပြောချင်ပါတယ်။ အခု အနိုင်ရတာက ကျွန်တော့် အောင်ပွဲမဟုတ်ပါဘူး။ ပြည်သူလူ ထုအောင်ပွဲပါ” ဟု သပိတ်ကျင်းမဲဆန္ဒနယ် အမှတ်(၁) မှ အနိုင်ရရှိခဲ့သည့် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးလွင်က ပြောကြားသည်။

သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲကို အခြားလစ်လပ်မဲဆန္ဒနယ်မြေများနည်းတူ နိုဝင်ဘာ ၃ ရက် က ပြုလုပ်ခဲ့ပြီး မဲရုံသို့မဲပေးသူဦးရေမှာ ထက် ဝက်ခန့်နည်းပါးခဲ့ကြောင်း မဲရုံများသို့ မဲလာ ရောက်ပေးခဲ့သည့်စာရင်းများအရ သိရသည်။ ထို့ပြင် လက်ရှိကြားဖြတ်ရွေးကောက်ပွဲသို့ မဲ ပေးသူဦးရေနည်းပါးခဲ့သည့်အပြင် ရွေး ကောက်ပွဲအပေါ် ပြည်သူလူထုစိတ်ဝင်စားမှု နည်းပါးခဲ့ကြောင်း မဲဆန္ဒရှင်ပြည်သူများထံမှ စုံစမ်း သိရသည်။

သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)နယ်မြေ တွင် ဝင်ရောက် ယှဉ်ပြိုင်သည့်ပါတီ ခုနစ်ပါတီရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါ တီတို့ဖြစ်သည်။

မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် NLD ပါတီ ကိုယ်စားလှယ်လောင်း အနိုင်ရ

မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ်အတွက် မဲပေးခွင့်ရှိသူ ၂၂၀၀၀၀ ကျော်ရှိသော်လည်း လာရောက်မဲပေးသူ  ရာခိုင်နှုန်း ၃၀ ခန့်သာရှိပြီး NLD ပါတီ ကိုယ်စားလှယ်လောင်းက အနိုင်ရခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ်၏ လစ်လပ်နေသည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း က ပြိုင်ဘက် ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၊ လူ့ဘောင်သစ် ဒီမို ကရက်တစ် ပါတီနှင့် ပြည်သူ့အလုပ်သမားပါတီတို့မှ ကိုယ်စားလှယ်လောင်းများအား မဲအပြတ် အသတ်ဖြင့် အ နိုင်ရခဲ့ခြင်းဖြစ်သည် ။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၃ ရက်ည ၁၁နာရီကျော်သည်အထိ ဆက်သွယ်မေးမြန်းချက်အရ မဲရုံပေါင်း ၂၄၀ နီးပါးအထိ မဲရလဒ်စာရင်းများ ရရှိထား ကြောင်း ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မဲပေးသူ ၇၆ ရာခိုင်နှုန်း၏ ထောက်ခံမှု ရရှိထားကြောင်းနှင့် မဲရုံ ၂၀ ကျော်မှ ရလဒ်သာ ကျန်ရှိတော့ကြောင်း မြင်းခြံမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးချမ်းမြေ့ (တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ်) က ပြောကြားသည်။

မဲရုံ ၂၄၀ ခန့်မှ ရရှိထားသည့် စာရင်းများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၅၀၅၅၆ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၂၂၃၂ မဲ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ၂၅၄၅ မဲနှင့် ပြည်သူ့အ လုပ်သမား ပါတီမှ ၇၇၂ မဲ ရရှိထားကြောင်း သိရသည် ။

မြင်းခြံမြို့နယ်တွင် ရပ်ကွက်နှင့် ကျေး ရွာအသီးသီး၌ ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင် ၂၂၁၈၆၅ ဦးရှိပြီး  မဲရုံပေါင်း ၂၆၈ ရုံဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲအ ပေါ် စိတ်ဝင်စားမှု နည်းပါးသည့်အတွက် လာရောက်မဲပေးသူ နည်းပါးရခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက် ပွဲတွင် ပြည်သူများ စိတ်ဝင်စားမှု နည်းပါးခဲ့သော်လည်း လွတ်လပ်စွာ မဲပေးခွင့်ရခဲ့သည်။ မြင်းခြံမြို့နယ်၏ ယခင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပေါခင်မှာ ယခုနှစ်လယ်ပိုင်းက ကွယ်လွန်သွားခြင်းကြောင့် လစ်လပ်မဲဆန္ဒနယ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် အမျိုးသားမဲဆန္ဒနယ် အမှတ် (၂) နေရာအတွက် မဲပေးသူ ခုနစ်သောင်းကျော်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲပေါင်း ၂၃၀၀၀ ကျော်ဖြင့် အနိုင်ရရှိထား

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပသည့် ကချင်ပြည်နယ် အမျိုးသားမဲဆန္ဒနယ် အမှတ်-၂ (မြစ်ကြီးနားမြို့နယ် တစ်ခုလုံး) နေရာအတွက် မဲပေးသူ ခုနစ်သောင်းကျော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲပေါင်း ၂၃၀၀၀ ကျော်ဖြင့် အနိုင်ရရှိထားကြောင်း နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီခန့်ရရှိသော ကနဦး သတင်းများအရ သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ မဲပေါင်း ၁၉၀၀၀ ဝန်းကျင်ဖြင့် ဒုတိယလိုက်ပြီး ကချင်ဒီမိုကရက်တစ်ပါတီ (KDP) မှာ မဲပေါင်း ၁၈၀၀၀ ကျော်ဖြင့် တတိယနေရာတွင် ရှိခဲ့ကြောင်း ပါတီတာဝန်ရှိ မဲစောင့်ကြည့်သူများက ဆိုသည်။

ကချင်ဒီမိုကရက်တစ်ပါတီ KDP နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ပါတီတို့ မဲခွဲယူသလိုဖြစ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဆီဟူဒွေ့က မဲထောင်ဂဏန်း အသာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် နိုဝင်ဘာ ၃ ရက်တွင် လာရောက်မဲဆန္ဒပေးသူပေါင်း ၆၄၈၅၅ ဦး၊ တပ်မတော်မိသားစု ကြိုတင်မဲ ၃၀၉၄ မဲ၊ ဝန်ထမ်း၊ နာမကျန်းနှင့် အခြားသောအ ကြောင်းများကြောင့် ကြိုတင်မဲပေးခဲ့သူ ၂၆၃၅ ဦးရှိခဲ့ပြီး စုစုပေါင်းမဲပေးသူ ၇၀၆၀၂ ဦး၊ မဲပေးသူ ရာခိုင်နှုန်း ၃၄ ဒသမ ၇၃ ရှိခဲ့ ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးကျော်စိုးအောင်က “မြစ်ကြီးနားမြို့နယ် အတွင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်း ၂၆ ရင်း လူဦးရေ မဲပေးနိုင်သူ တစ်သောင်းကျော်ရှိပါတယ်။ တာဝန်ကြောင့် ကြိုတင်မဲတောင်းတဲ့ တပ်ရင်းက ၂၃ ရင်းရှိပါတယ်။ အဲဒီဌာနတွေကလည်း သူတို့ရဲ့ မဲပေးပိုင်ခွင့်ဆန္ဒအရ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွေဆီကနေ တစ်ဆင့်တောင်းယူတာ ဖြစ်ပါတယ်။ ရှေ့တန်းတွေမှာ အားလုံးဆန္ဒမဲပေးပြီး ပြန်ရောက်လာတဲ့မဲ ဖြစ်ပါတယ်။ ပါတီတစ်ခုတည်းကိုပဲ ပေးတာကတော့ သူတို့အပိုင်း သူတို့ ဖြစ်ပါတယ်။ ရောက်လာတာကလည်း သတ်မှတ်ကာလထုတ်ပြီး သတ်မှတ်ကာလမှာ ရောက်ရှိလာကြတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရွေးကောက်ပွဲနေ့တွင် မြစ်ကြီးနားမြို့ ပေါ် ရပ်ကွက်များရှိ မဲရုံများတွင် မဲဆန္ဒပေးသူ နည်းပါးခဲ့ပြီး ကချင်တိုင်းရင်းအများစုနေ ထိုင်ရာ ရပ်ကွက်များ၊ တပ်မိသားစုများနှင့် သက်ဆိုင်သည့် မဲရုံများတွင်သာ မဲပေးသည့် မဲဆန္ဒရှင်အများစု လာရောက်မဲပေးခဲ့ကြသည်ကိုလည်း တွေ့ရသည်။

စီတာပူရပ်ကွက်မှ မဲလာပေးသည့် ဝန်ထမ်းတစ်ဦးက “ကျွန်တော်ပေးတဲ့ ကိုယ်စားလှယ်က လွှတ်တော်ထဲရောက်ရင် ငြိမ်းချမ်းရေးတွေ လုပ်စေချင်တယ်။ ပြီးရင်တော့ စာ သင်ကျောင်း၊ ဆေးရုံ၊ ဒုက္ခရောက်သူတွေကို ကူညီစေချင်တယ်။ အရေးကြီးတဲ့တစ်ချက်က ကျွန်တော်ကိုယ်တိုင် ဝန်ထမ်းဆိုတော့ လစာ တစ်သိန်းကျော်နဲ့ စားလို့မလောက်ဘူး။ လစာတိုးစေချင်တယ်” ဟု ပြောကြားသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ အ မျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီ၊ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကချင်ဒီမိုကရက်တက်ပါတီ၊ ရှမ်းနီ (တိုင်းလိုင်)နှင့်မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ၊ ပြည်ထောင်စု တိုင်းရင်းသားများ ဖယ်ဒရယ်ဒီမိုကရေစီပါ တီ၊ တစ်သီးပုဂ္ဂလအဖြစ် ဒေါက်တာ သန်းထိုက်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။

တမူးမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ပြိုင်ဘက်ပါတီဖြစ်သည့် NLD အား  အနိုင်ရရှိဟု ဆို

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) အတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သည့် ဦးရိုထန်းပွီးယာသည် ၎င်း၏ပြိုင်ဖက်ပါတီဖြစ်သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီအား ၃၉၅၉ မဲဖြင့် အနိုင်ရရှိနေကြောင်း ၎င်း၏ပြောပြချက်အရ သိရသည်။

နိုဝင်ဘာ ၃ ရက်နေ့ ည ၁၂နာရီခန့်က The Daily Eleven က ဖုန်းဖြင့် ဆက်သွယ် မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ပြီး ယခုအနိုင်ရရှိမှုသည် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်၏ အတည်ပြုချက် မဟုတ်ဘဲ မဲပေးကြသည့် ကျေးရွာတိုင်းက ကော်မရှင်၏ သတင်းပေးပို့ချက်အရသာ ဖြစ်ကြောင်း ဦးရိုထန်းပွီးယာက ဆက်လက် ပြောကြားသည်။

“အားလုံးပေါင်း ၃၉၅၉ နဲ့ အနိုင်ရပါတယ်။ ဒါကတော့ ခရိုင်ရွေး/ကော်နဲ့ မြို့နယ် ရွေး^ကော်တို့နဲ့ အတည်ပြုချက်တော့ မဟုတ်ဘူးပေါ့။ ရပ်ကျေးကော်မရှင်တွေဆီကနေ တင်ပြလာတဲ့မဲစာရင်း ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီပဲလေ။ ပြည်သူလုထူရဲ့ ရွေးချယ် မှုပါပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ပဲ ကျွန်တော်ကတော့ ပြောချင်ပါတယ်” ဟု တမူးမြို့ နယ်မဲဆန္ဒနယ်မြေ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရိုထန်းပွီးယာက ပြောကြားသည်။

တမူးမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ တွင် ပါတီလေးခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါပါတီလေးခုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုး ရေးပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တို့သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီသည် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီး အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခဲ့သည်။

ထို့နောက် ၂၀၁၇ ကြားဖြတ်ရွေးကောက်တွင် NLD ပါတီသည်လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအနက်  စုစုပေါင်း ကိုးနေရာ အနိုင်ရရှိခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၄၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။

လက်ရှိ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီသည် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်များက အတည်ပြုထုတ်ပြန်ခြင်း မရှိသေးသော်လည်း မြေပြင်သတင်းအချက် အလက်များအရ ခြောက်နေရာသာ အနိုင်ရရှိကြောင်း သိရသဖြင့် ရာခိုင်နှုန်းအားဖြင့် ၄၆ ရာခိုင်နှုန်းကျော်သာ အနိုင်ရရှိထားပြီး အကယ်၍ ကန်ပက်လက်မဲဆန္ဒနယ်တွင် ထပ်မံအနိုင်ရရှိခဲ့ပါက ရာခိုင်နှုန်းအားဖြင့် ၅၄ ရာခိုင်နှုန်းနီးပါး အနိုင်ရရှိမည်ဖြစ်သည်။

 

Most Read

Most Recent