တာချီလိတ်မြို့တွင် ကျပ် ၂ ဒသမ ၀၈ ဘီလျံ ခန့်တန်းဖိုးရှိ အိုက်စ် ၂၆၀ ကီလိုဂရမ်ခန့် ဖမ်းဆီးရမိကြောင်း သိရသည်။
မတ် ၂၂ နံနက် ၂ နာရီ ၃၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပုန်းထွန်းရပ်ကွက်၊ မယ်ဆိုင်ချောင်းဘေးရှိ မြေထိန်းနံရံ တည်ဆောက်နေသည့်နေရာ၌ မသင်္ကာဖွယ်ရာ လူတစ်စု အနက်ရောင် အိတ်များအား မြေထိန်းနံရံကိုကျော်၍ ကြိုးဖြင့်ချိတ်ဆွဲချကာ မယ်ဆိုင်ချောင်းကို ဖြတ်၍ ထိုင်းနိုင်ငံ ဘက်သို့ပို့ရန် ဆောင်ရွက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ စိုင်းမောင်ဝမ်း(ခ)ဝမ်းဝမ်း နှင့်အတူ အိတ်အနက်ရောင်ဖြင့် တစ်ထပ်၊ ဆာလာအိတ် အစင်းကြားဖြင့်တစ်ထပ်၊ Golden Leaf စာတန်းပါ ရွှေအိုရောင်/အဖြူရောင်/ခဲရောင် အိတ်များဖြင့် တစ်ထပ်၊ ၉၉၉ ပလပ် စတစ်အကြည်ရောင်ဖြင့် တစ်ထပ် ထုပ်ပိုးထားသည့် အိတ် ၁ လုံးလျှင် အထုပ် ၂၀ နှုန်းဖြင့် အိုက်စ် ၂၀ ကီလိုဂရမ်ခန့်ပါ အိတ် ၁၃ လုံးအတွင်းမှ အိုက်စ် ၂၆၀ ကီလိုဂရမ်ခန့် (ခန့်မှန်းငွေကျပ် ၂ ဒသမ ၀၈ ဘီလိံခန့်) တန်ဖိုးရှိ မူးယစ်ဆေးဝါး(အိုက်စ်)များအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိတရားခံအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီး အမှုဖွင့်ဆောင်ရွက်ထားရှိကာ ဆက်စပ်တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















