ပြင်သစ်ထိပ်သီး PSG အသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဗိုလ်စွဲပြီးနောက် ပြင်သစ်နိုင်ငံအနှံ့တွင် ပရိသတ်များ အောင်ပွဲခံခဲ့ရာ အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့ပြီး (၂) ဦးသေဆုံးခဲ့ပြီး လူ (၅၆၀) ဦးနီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။
PSG အသင်းသည် မေ (၃၁) ရက်က ဂျာမနီနိုင်ငံ၊ မြူးနစ်မြိုတွင် ကစားခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အီတလီထိပ်သီး အင်တာမီလန်အသင်းကို (၅-၀) ဂိုးဖြင့် ဂိုးပြတ်ခြေပြတ်အနိုင်ရကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့သည်။
ထို့ပြင် PSG အသင်းသည် မာဆေးလ်အသင်း (၁၉၉၂-၉၃ ရာသီ) ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲသည့် ဒုတိယမြောက် ပြင်သစ်ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် PSG အသင်း ဗိုလ်စွဲပြီးနောက် အသင်းပရိသတ်များသာမက ပြင်သစ်တစ်နိုင်ငံက ဘောလုံးပရိသတ်များက အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။
ယင်းသို့ အောင်ပွဲခံရာတွင် ပြင်သစ်နိုင်ငံအနောက် တောင်ပိုင်းမြို့တစ်မြို့ဖြစ်သည့် Dax မြို့တွင် အသက် (၁၇)အရွယ် လူငယ်အမျိုးသားတစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့သလို၊ ပါရီတွင် Scooter စီးလာသည့် အသက် (၂၃) နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ကားတိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ပါရီရဲများ၏ထုတ်ပြန်ချက်အရ သိရသည်။
PSG အသင်းပရိသတ်များသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် PSG အသင်း အနိုင်ရပြီးနောက် ပြင်သစ်နိုင်ငံအနှံ့တွင် အလွန်အကြူးအောင်ပွဲခံကြပြီး မီးရှုးမီးပန်းပစ်ပေါက်မှုများ၊ ကားများကို မီးရှိုှု့ဖျက်ဆီးမှုများပါ ရှိခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် ပြင်သစ်ရဲများသည် အောင်ပွဲခံသူများကို မီးသတ်ပိုက်များဖြင့်ထိုးပြီး လူစုခွဲခဲ့ရသလို၊ မျက်ရည်ယိုဗုံးများကိုပါ အသုံးပြုခဲ့ကြောင်း သိရသည်။
ပြင်သစ်ပြည်တွင်းဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ PSG အသင်း၏ ချန်ပီယံလိဂ်အောင်ပွဲအတွက် ပြင်သစ်နိုင်ငံအနှံ့ အောင်ပွဲခံခဲ့သူများထဲတွင် (၂) ဦး သေဆုံးပြီး (၁၉၂) ဦး ဒဏ်ရာရကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ (၅၅၉) ဦးအထိ ရှိခဲ့ကြောင်း သိရသည်။
ပါရီတစ်မြို့တည်းတွင်ပင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ (၄၉၁) ဦးအထိ ရှိကြောင်းလည်း သိရသည်။
ထို့ပြင် PSG အသင်း ချန်ပီယံလိဂ်ဖလား ရပြီးနောက် အလွန်အကြူးအောင်ပွဲခံပြီး အဓိကရုဏ်းဖြစ်အောင် လုပ်ဆောင်သူများကို ထိန်းသိမ်းရာတွင် ရဲအရာရှိ (၂) ဦးနှင့် မီးသတ်သမား (၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
အထူးသဖြင့် PSG အသင်း၏ အိမ်ကွင်း Parc des Princes နားရှိ Champs-Elysees လမ်းတွင် အောင်ပွဲခံပရိသတ်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး ရဲများက ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီးကမူ PSG ပရိသတ်များအနေဖြင့် ငြိမ်ချမ်းစွာအောင်ပွဲခံကြသော်လည်း လူရမ်းကားများကြောင့် ယခုကဲ့သို့ဖြစ်ခဲ့ရကြောင်းနှင့် အဓိကရုဏ်းအတွင်း ကား (၂၆၄) စီး မီးရှို့ခံခဲ့ရကြောင်း သိရသည်။















