၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းစားမှုတွင် ဟာလန်း အပြတ်အသတ်ဦးဆောင်နေ

၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းစားမှုတွင် ဟာလန်း အပြတ်အသတ်ဦးဆောင်နေ
Photo: Reuters
Photo: Reuters
Published 13 August 2024

မန်စီးတီးအသင်း၏ တိုက်စစ်မှူး အာလင်းဟာလန်းသည် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းစားမှုစာရင်းတွင် အပြတ်အသတ်ဦးဆောင်လျက်ရှိကြောင်း သိရှိရသည်။

အာလင်းဟာလန်းသည် မန်စီးတီးအသင်းထံသို့ ၂၀၂၂-၂၃ နွေရာသီ အပြောင်းအရွှေ့ကာလက ရောက်ရှိလာခဲ့ပြီးနောက် ယင်းရာသီအပြင် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ရွှေဖိနပ်ဆုကို ရရှိခဲ့သူဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကို (၂)ရာသီကစားပြီးချိန်တွင် (၂)ရာသီစလုံး အမှတ်ပေးချန်ပီယံဖြစ်ခဲ့သလို ဂိုးသွင်းဘုရင်ဆုများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး ပထမဆုံးရာသီသည် စံချိန်သစ်များစွာနှင့်အတူ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးစံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့သူဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့်ရာသီကလည်း စံချိန်မတင်နိုင်ခဲ့သည့်တိုင် ဂိုးသွင်းဘုရင်ဆုကို ထပ်မံဆွတ်ခူးရရှိခဲ့ပြီး လာမည့်ရာသီအတွက်လည်း အခြားကစားသမားများထက် အပြတ်အသတ်အသာစီးဖြင့် ရေပန်းစားနေခင်းဖြစ်ကြောင်း သိရှိရသည်။

အမှတ်ပေးချန်ပီယံဆုအတွက် ရေပန်းစားမှုတွင်လည်း (၄)ကြိမ်ဆက်အမှတ်ပေးချန်ပီယံ မန်စီးတီးအသင်းပင် ရေပန်းစားနေသလို ဂိုးသွင်းဘုရင်ဆုအတွက်လည်း ဟာလန်း၏ ရေပန်းစားမှုမှာ (၈း၁၃)လေးအထိရှိနေရာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရွှေဖိနပ်ဆုအတွက် အလေးပေးသတ်မှတ်မှုများထဲတွင် အမြင့်မားဆုံးလည်း ဖြစ်နေသည်။

ဒုတိယနေရာအတွက် ရေပန်းစားမှုတွင် ဂိုးသွင်းဘုရင်ဆုကို (၃)ကြိမ်တိုင် ဆွတ်ခူးခဲ့ဖူးသည့် လီဗာပူးလ်အသင်း၏ ၀ါရင့်တိုက်စစ်မှူး မိုဟာမက်ဆာလာက (၁ဝး၁) လေးဖြင့် ရပ်တည်လျက်ရှိပြီး တတိယနေရာတွင်မူ အက်စတွန်ဗီလာအသင်း၏ တိုက်စစ်မှူး အိုလီဝက်ကင်စ်က (၁၄း၁) လေး၊ နယူးကာဆယ်အသင်း၏ တိုက်စစ်မှူး အီဆက်ခ်က (၁၄း၁) လေးတို့ဖြင့် အသီးသီးရပ်တည်လျက်ရှိသည်။

ရေပန်းစားမှု အမြင့်မားဆုံးစာရင်းတွင် ဖီးလ်ဖိုဒန်၊ ဘူကာယိုဆာကာ စသည့်ကစားသမားများ ပါဝင်လာခြင်းမရှိသော်လည်း ချယ်လ်ဆီးအသင်း၏ အင်္ဂလန်လူငယ်ကြယ်ပွင့်ကစားသမား ကိုးလ်ပါမာ ပါဝင်လျက်ရှိပြီး အဆင့် (၅)နေရာတွင် (၁၈း၁) လေးဖြင့် ရပ်တည်နေကြောင်း သိရှိရသည်။ 

Most Read

Most Recent