ယခုနွေရာသီတွင် ကစားသမားသစ် ထပ်မံခေါ်ယူတော့မည်မဟုတ်ကြောင်း ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ အတည်ပြု

ယခုနွေရာသီတွင် ကစားသမားသစ် ထပ်မံခေါ်ယူတော့မည်မဟုတ်ကြောင်း ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ အတည်ပြု
Photo: Real Total
Photo: Real Total
Published 1 August 2024

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ၎င်းတို့အသင်းအနေဖြင့် ကစားသမားသစ် ထပ်မံခေါ်ယူတော့မည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုနွေရာသီတွင် ကစားသမားအဝင်ထက် အထွက်အရေအတွက် ပိုများနေသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုနွေတွင် PSG အသင်းမှ နာမည်ကျော် ပြင်သစ်တိုက်စစ်မှူး ဘာပေနှင့် ဘရာဇီးလ်လူငယ်တိုက်စစ်မှူး အန်းဒရစ်ခ်ျတို့ နှစ်ဦးကိုသာ ခေါ်ယူထားသည်။

ဂျာမန်ဝါရင့်ကစားသမား တိုနီကရို့စ်မှာ ကစားသမားဘဝမှ အနားယူသွားခဲ့ပြီး ၀ါရင့်နောက်ခံလူ နာချိုနှင့် ၀ါရင့်တိုက်စစ်မှူး ဟိုဆေးလူတို့မှာမူ ဆော်ဒီသို့ပြောင်းရွှေ့ခဲ့ကာ အငှားခေါ်ယူထားသည့် ကယ်ပါမှာလည်း ချယ်လ်ဆီးအသင်းသို့ ပြန်သွားပြီ ဖြစ်သည်။

ရီးယဲလ်အသင်းအနေဖြင့် ခံစစ်ပိုင်းကို အင်အားဖြည့်တင်းရန်စီစဉ်ခဲ့သော်လည်း ပစ်မှတ်ကစားသမား ယိုဟိုသည် မန်ယူအသင်းထံ ပြောင်းရွှေ့သွားခဲ့သလို၊ လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ်ကို ခေါ်ယူရန် မအောင်မြင်ခဲ့ကြောင်း သိရှိရသည်။

သို့သော် ယခုအခါ ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက မိမိတို့အတွက် ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်ပိတ်ပြီဖြစ်ပြီး ကစားသမား အဝင်၊ အထွက်မရှိတော့ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

အန်ဆယ်လော့တီက ''ကျွန်တော်တို့ရဲ့ လူစာရင်းက ပိတ်သွားပါပြီ။ ဗယ်လေဟို ပြန်လာတယ်။ အလာဘာလည်း ဒဏ်ရာက ပြန်လည်သက်သာလာဖို့ ကြိုးစားနေတယ်။ ဟိုအန်၊ ယာကိုဘို၊ ရာအူးလ်အဆန်စီယိုတို့လို လူငယ်ကစားသ မားတွေလည်း ရှိပါတယ်။ ပြီးတော့ အသင်းမှာရှိတဲ့ ကစားသမားတွေကိုလည်း ဆက်ထိန်းထားမှာဖြစ်လို့ ဘယ်သူမှမထွက်ပါဘူး''ဟု ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းတွင် ခံစစ်အတွင်းလူအဖြစ် ရူဒီဂါ၊ မီလီတို၊ အလာဘာနှင့် ဗယ်လေဟိုတို့သာ ရှိပြီး အလာဘာမှာ ACL ကြောင့် ယခုနှစ်ကုန်ပိုင်းအထိ ကစားနိုင်ဖွယ်မရှိကြောင်း သိရသည်။

ထို့ကြောင့် ရီးယဲလ်အသင်းသည် ယိုဟိုကို ခေါ်ယူရန်စီစဉ်ခဲ့သော်လည်း လိုင်လီတောင်းဆိုသည့်ကြေးကို မပေးလိုသဖြင့် လက်လွှတ်ခဲ့ရသည်။

ရီးယဲလ်နည်းပြ အန်ဆယ်လော့တီအနေဖြင့် လိုအပ်ပါက ကွင်းလယ်ကစားသမား ချူယာမန်နီအား ခံစစ်တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

Most Read

Most Recent