BWF ကကျင်းပမည့် ပြိုင်ပွဲနှစ်ခုကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲနှစ်ခုကို သြဂုတ်နောက်ဆုံးပတ်နှင့် စက်တင်ဘာပထမပတ်တွင် ပြုလုပ်မည်

BWF ကကျင်းပမည့် ပြိုင်ပွဲနှစ်ခုကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲနှစ်ခုကို သြဂုတ်နောက်ဆုံးပတ်နှင့် စက်တင်ဘာပထမပတ်တွင် ပြုလုပ်မည်
Photo: BWF
Photo: BWF
Published 3 July 2024

 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကျင်းပလျက်ရှိသည့် Future Series ပြိုင်ပွဲနှင့် International Series ပြိုင်ပွဲတို့ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် သြဂုတ်နောက်ဆုံးပတ်နှင့် စက်တင်ဘာပထမပတ်တွင် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

BWF က ကျင်းပသည့်ပြိုင်ပွဲများအနက် Grade-3  အဆင့်ရှိ MAXX Myanmar International Future Series 2024 ပြိုင်ပွဲ နှင့် MAXX Myanmar International Series 2024 ပြိုင်ပွဲတို့ကို လက်ခံကျင်းပမည် ဖြစ်သည်။ ပြိုင်ပွဲများကို ရန်ကုန်မြို့ရှိ အမျိုးသားကြက်တောင်အားကစားခန်းမ၌ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် အနေဖြင့် ၂၀၁၉ ခုနှစ်တွင် BWF ကကျင်းပသည့် International Series ကြက်တောင် ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး နောက်ပိုင်း ငါးနှစ်အကြာမှ ပြန်လည်လက်ခံ ကျင်းပခြင်းဖြစ်သည်။ MAXX Myanmar International Future Series 2024  ပြိုင်ပွဲကို သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၁ ရက်၊ MAXX Myanmar International Series 2024  ပြိုင်ပွဲကို စက်တင်ဘာ ၃ ရက်မှ ၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။ 

ယင်းပြိုင်ပွဲ နှစ်ခုစလုံးတွင် ပြိုင်ပွဲအမျိုးအစား ငါးမျိုးစီ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး တစ်ဦးချင်း အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ နှစ်ယောက် တွဲ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ အမျိုး သား+အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲနှစ်ခုစလုံးတွင် အားကစားသမား ၃၀၀ ဝန်းကျင် ယှဉ်ပြိုင်မည်ဖြစ်ပြီး Myanmar International Future Series 2024  ပြိုင်ပွဲတွင် ယှဉ်ပြိုင်လိုသူများအနေဖြင့် တစ်ဦးချင်းပြိုင်ပွဲတွင် ဒေါ်လာ ၃၀၊ နှစ်ယောက်တွဲပြိုင်ပွဲတွင် ဒေါ်လာ ၅၀ ဖြင့် ဇူလိုင် ၃၀ ရက်၊ Myanmar International Series 2024 ပြိုင်ပွဲတွင် ယှဉ်ပြိုင်လိုသူများအနေဖြင့် တစ်ဦးချင်းပြိုင်ပွဲ တွင် ဒေါ်လာ ၅၀၊ နှစ်ယောက်တွဲပြိုင်ပွဲတွင် ဒေါ်လာ ၈၀ ဖြင့် သြဂုတ် ၆ ရက် နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်သည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က စီစဉ်ကျင်းပလျက်ရှိသည့် BWF ကြက်တောင်ပြိုင်ပွဲများတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာက ပုံမှန်ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ကျန်ကစားသမားအချို့လည်း ပြိုင်ပွဲအချို့တွင် ယှဉ်ပြိုင်လျက်ရှိသည်။ သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန်အတွက် BWF ပြိုင်ပွဲများတွင် ပုံမှန်ယှဉ် ပြိုင်နေသူဖြစ်ပြီး ဇူလိုင်လကုန်ပိုင်းတွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ကျင်းပမည့် ၂၀၂၄ ပါရီ အိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိထားသည်။ သက်ထားသူဇာသည် ပါရီအိုလံပစ်ပြိုင်ပွဲ အပြီး ရက်ပေါင်း ၂၀ ကျော်အကြာတွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် BWF ပြိုင်ပွဲနှစ်ခု တွင် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိနေသည်။ 

သက်ထားသူဇာသည် ယခုနောက်ပိုင်းတွင် BWF ကကျင်းပသည့်ပြိုင်ပွဲများအနက် အဆင့်သတ်မှတ်ချက်မြင့်မားသည့် ပြိုင်ပွဲများတွင် ယှဉ်ပြိုင်လျက်ရှိသော်လည်း ယခုပြိုင်ပွဲ နှစ်ခုမှာ မြန်မာနိုင်ငံ၌ ကျင်းပသည့်ပြိုင်ပွဲများ ဖြစ်သောကြောင့် ယှဉ်ပြိုင်ဖွယ်ရှိကြောင်း သိရသည်။ Myanmar International Future Series 2024 ပြိုင်ပွဲနှင့်  Myanmar International Series 2024  ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ကျင်းပမည်ဖြစ်သောကြောင့် အိမ်ရှင် မြန်မာနိုင်ငံမှ ကြက်တောင်အားကစားသမား အများစု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင်းမှ ကစားသမားများလည်း ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်သည် အာရှကြက်တောင်အဖွဲ့ချုပ်က ကျင်းပသည့် အာရှလူငယ် သက်တမ်းအလိုက် ကြက်တောင် ပြိုင်ပွဲများ၊ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကျင်းပသည့် International Series ပြိုင်ပွဲတို့ကို ၂၀၂၀ ပြည့်နှစ်မတိုင်ခင်က အိမ်ရှင်အဖြစ်လက်ခံကျင်းပဖူးပြီး ၂၀၂၀ နှစ်ဆန်း ပိုင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားခဲ့သဖြင့် ယခုနှစ်မှ ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရသည်။