အသင်းနှင့်ကိုက်ညီမည့်ကစားသမား ရှာဖွေရသည်မှာ ခက်ခဲပြီး ကစားသမားသစ်ခေါ်ယူရန် ကြိုးပမ်းနေကြောင်း လီဗာပူးလ်နည်းပြ အာနယ်ဆလော့ ပြောကြား

အသင်းနှင့်ကိုက်ညီမည့်ကစားသမား ရှာဖွေရသည်မှာ ခက်ခဲပြီး ကစားသမားသစ်ခေါ်ယူရန် ကြိုးပမ်းနေကြောင်း လီဗာပူးလ်နည်းပြ အာနယ်ဆလော့ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 27 July 2024

 

လီဗာပူးလ်နည်းပြသစ် အာနယ်ဆလော့က အသင်းနှင့်ကိုက်ညီမည့်ကစားသမား ရှာဖွေရသည်မှာ အလွန်ခက်ခဲသည့်အတွက် ကစားသမားသစ် မခေါ်ယူနိုင်သေးခြင်းဖြစ်ကြောင်းနှင့် ကစားသမားသစ်များ ခေါ်ယူနိုင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ 

ဒတ်ချ်လူမျိုးနည်းပြ အာနယ်ဆလော့ သည် ပြီးခဲ့သည့်ရာသီကုန်တွင် လီဗာပူးလ် အသင်းနှင့်လမ်းခွဲခဲ့သည့် နာမည်ကျော် ဂျာမန်လူမျိုးနည်းပြ ယာဂန်ကလော့ပ်၏နေရာကို ဆက်ခံခဲ့သူဖြစ်သည်။ ၂၀၂၄-၂၅ ရာသီသစ်ကို နည်းပြသစ်နှင့် စတင်မည့် လီဗာပူးလ် အသင်းသည် ပြိုင်ဘက်အသင်းများ ကစားသမားသစ်များ အပြိုင်အဆိုင်ခေါ်ယူနေချိန်တွင် လက်ရှိအချိိန်ထိ ကစားသမားသစ်တစ်ဦးမျှ ခေါ်ယူနိုင်ခြင်းမရှိသေးသဖြင့် အသင်းပရိသတ်များမှာ အားမလိုအားမရ ဖြစ်နေကြသည်။ သို့သော် လီဗာပူးလ်နည်းပြသစ် အာနယ်ဆလော့က မိမိအနေဖြင့် အသင်းကစားသမားများကို အကဲဖြတ်နေဆဲဖြစ်ပြီး အသင်း၏စံနှုန်းနှင့်ကိုက်မည့်ကစားသမားကို ရှာဖွေရသည်မှာ အလွန်ခက်ခဲကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အာနယ်ဆလော့က "ကျွန်တော့်အနေနဲ့ အသင်းမှာရှိတဲ့ ကစားသမားတွေကို အကဲဖြတ်ချင်ပါသေးတယ်။ အခုအချိန်မှာ ကစားသမားအများစု အသင်းနဲ့ မပူးပေါင်းနိုင်သေးတာကြောင့် ကျွန်တော်အတွက် အလုပ်လုပ်ရတာ အခက်အခဲလေးတွေ ရှိပါတယ်။ ဒုတိယအနေနဲ့ ကျွန်တော်ဟာ ကလော့ပ် ချန်ထားတဲ့ အရမ်းကောင်းတဲ့ အသင်းတစ်သင်းကို ကိုင်တွယ်ခွင့်ရခဲ့တာပါ။ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေက အရမ်းကောင်းတဲ့ကစားသမားတွေဖြစ်လို့ အဲဒီလိုစံနှုန်းရှိတဲ့ ကစားသမားတွေကို ရှာဖွေရတာ ခက်ခဲပါတယ်" ဟု ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်း၏ အဓိကကစားသမားများဖြစ်သည့် အယ်လစ်ဆန်၊ ဗန်ဒိုက်၊ အာနိုးလ်၊ ဒါဝင်နူးနက်ဇ်၊ မက်အယ်လစ္စတာ စသည့်ကစားသမားများမှာ ကိုပါအမေရိကနှင့် ယူရိုပြိုင်ပွဲများ ကစားခဲ့ရခြင်းကြောင့် အနားယူနေဆဲဖြစ်ပြီး အသင်းနှင့်ပူးပေါင်းခြင်းမရှိသေးကြောင်း သိရသည်။ ထို့ကြောင့် အာနယ် ဆလော့အနေဖြင့် အသင်း၏အခြေအနေကို အကဲဖြတ်ရန် ခက်ခဲနေခြင်းဖြစ်ပြီး ကစားသမားသစ်များ ခေါ်ယူရန်လည်း ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ 

အာနယ်ဆလော့က "ရစ်ချက်ဟုချ် (လီဗာပူးလ်အားကစားဒါရိုက်တာ) က ကစားသမားသစ်တွေ ခေါ်ယူဖို့ အပြင်းအထန်ကြိုးပမ်းနေပြီး ကျွန်တော့်ကို အမြဲတမ်းတိုင်ပင်လေ့ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့အသင်းက အသင်းကောင်းတစ်သင်းဖြစ်ပြီး အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ လက်တွဲအလုပ်လုပ်ရတာကို ကျွန်တော် အရမ်းပျော်ပါတယ်။ အသင်းရဲ့လူစာရင်းကို ကျွန်တော့်အနေနဲ့ ကျေနပ်မှုအပြည့် ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ကစားသမားသစ်တစ်ယောက်မှမခေါ်ဘူးဆိုရင် အ့ံသြစရာ ဖြစ်သွားမှာပေါ့"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent