■မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများမထိခိုက်ရန် တိုက်ပွဲများရပ်၍ စေ့စပ်ဆွေးနွေးရန် တရုတ်နိုင်ငံ တောင်းဆို

■မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများမထိခိုက်ရန် တိုက်ပွဲများရပ်၍ စေ့စပ်ဆွေးနွေးရန် တရုတ်နိုင်ငံ တောင်းဆို
Published 26 July 2024

■MNDAA၊TNLA၊AA မြောက်ပို််င်းသုံးဖွဲ့နှင့် PDF တို့၏ ကျယ်ပြန့်လာသည့် တိုက်ပွဲများနှင့်ဆက်စပ်၍  တရုတ်စီမံကိန်းများ၏နစ်နာနိုင်မှု ခန့်မှန်းခြေ ဒေါ်လာ ၁၀ ဘီလျံကျော်ခန့် ရှိနိုင်

မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများမထိခိုက်ရန် တိုက်ပွဲများရပ်၍ စေ့စပ်ဆွေးနွေးရန် တရုတ်နိုင်ငံက တောင်းဆိုခဲ့ပြီး MNDAA၊TNLA၊AA မြောက်ပို််င်းသုံးဖွဲ့နှင့် PDF တို့၏ ကျယ်ပြန့်လာသည့် တိုက်ခိုက်မှုများနှင့် ဆက်စပ်၍ တရုတ်စီမံကိန်းများ၏နစ်နာနိုင်မှု ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော် ခန့်ရှိနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး နယ်စပ်လုံခြုံရေး၊ တရုတ်စီမံကိန်းများနှင့်  နယ်စပ်ဒေသနေထိုင်သူများ မထိခိုက်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများ စေ့စပ်ဆွေးနွေးခြင်းနှင့် တိုက်ပွဲများ ရပ် ရန် တရုတ်နိုင်ငံက တောင်းဆိုထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ပုဂ္ဂိုလ်မစ္စမော်နင်းက ယမန်နေ့က ပြောကြားခဲ့သည်။

ဇူလိုင် ၂၅ ရက်ကပြုလုပ်သည့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးတိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် မစ္စမော်နင်းက ထိိုသို့ ပြော ကြားခြင်းဖြစ်သည်။

တရုတ်ဟာ မြန်မာပြည်မြောက်ပိုင်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။    အထူးသဖြင့်တရုတ်နယ်စပ်ဒေသရဲ့လုံခြုံရေး၊ တရုတ်စီမံကိန်းတွေနဲ့ နယ်စပ်ဒေသမှာနေထိုင်သူတွေကို မထိခိုက်စေဖို့အတွက် မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေ စေ့စပ်ဆွေးနွေးတာတွေလုပ်ဖို့ တိုက်ပွဲတွေ အတတ်နိုင်ဆုံး မြန်မြန်ရပ်ဖို့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဖြေရှင်းဖို့၊ အခြေအနေတင်းမာမှုကိုလျှော့ချဖို့ ကျွန်မတို့တောင်းဆိုထားပါတယ်။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေး တာတွေကို တရုတ်နိုင်ငံက ဆက်လုပ်သွားမှာဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရဲ့ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားဖို့ မြန်မာပြည်မြောက်ပိုင်းကို တရုတ်က ဆက် လက်တိုက်တွန်းနေပါတယ် ဟု မစ္စမော်နင်းကပြောကြားသည်။

လက်ရှိ ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယပိုင်းဟုဆိုကာ မြောက်ပိုင်းသုံးဖွဲ့က တိုက်ခိုက်မှုများသည် တရုတ်၏ စီမံကိန်းလုပ်ငန်းများရှိရာ မြန်မာနိုင်ငံအလယ်ပိုင်းတစ်လျှောက်ကိုဖြတ်၍ ကူမင်းမှ ကျောက်ဖြူစီမံကိန်း တစ်လျှောက်အထိ နယ်မြေဒေသများတွင် စစ်ပွားများကျယ်ပြန့်နေသကဲ့သို့ဖြစ်နေသည်။

MNDAA သည် လားရှိုးမြို့နှင့် အနီးတစ်ဝိုက်ကို တိုက်ခိုက်မှုများပြုလုပ်နေပြီး TNLA က PDF များဖြင့်ပေါင်းကာ ကျောက်မဲ၊ နောင်ချို၊ မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်အထိ တိုက်ခိုက်ထိန်းချုပ်မှုများပြုလုပ်ရန် ကြိုးစားလျက်ရှိနေသည်။ AA အနေဖြင့်လည်း ရခိုင်ပြည်နယ်အနှံ့အပြားတွင် တိုက်ပွဲများဖော်ဆောင်ကာ တရုတ်စီမံကိန်းကြီးဖြစ်သည့် ကျောက်ဖြူအထိထိန်းချုပ်နိုင်ရန် ကျယ်ပြန့်သည့် စစ်ပွဲဖော်ဆောင်မှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

ထို့အပြင် PDF နှင့် ပူးပေါင်းအဖွဲ့များကလည်း ရှမ်းမန်းစစ်ဆင်ရေးဟုခေါ်ဆိုကာ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတစ်ဝိုက်တွင် တိုက်ပွဲများဖော်ဆောင်လျက်ရှိပြီး ၎င်းဒေသများတွင် တရုတ်စီမံကိန်းအချို့ဖြစ်သော အယ်လ်ဖာ ဘိလပ်မြေစက်ရုံ၊ တကောင်းနီကယ်စက်ရုံအထိ တိုက်ပွဲများကူးစက်ပျံ့နှံနေလျက်ရှိသည်။

လက်ရှိအချိန်တွင် မြောက်ပိုင်းသုံးဖွဲ့နှင့် ပူးပေါင်းအဖွဲ့များအနေဖြင့် ကျယ်ပြန့်သော ထိုးစစ်ဆင်မှုများကို ဖော်ဆောင်နေမှုကိုကြည့်လျှင် တရုတ်၏ BRI စီမံကိန်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ ရေအားလျှပ်စစ်စီမံကိန်းနှင့် အခြားစီမံကိန်းများတစ်လျှောက်နယ်မြေများတွင် အဓိကဖြစ်ပွားနေပြီး ယင်းအတွက် တရုတ်အနေဖြင့် ဆုံးရှုံးမှုဒေါ်လာ ၁၀ ဘီလျံကျော်ခန့်နှင့်ချီ ရှိလာနိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။

၂၀၂၄ ခုနှစ် ဇွန်လကုန်စာရင်းများအရ စာရင်းများအရ မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၀၀ ဝန်းကျင်၊ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၉၉၃ ဘီလျံတန်ဖိုးရှိပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၃ ရာခိုင်နှုန်းကျော်ရှိကာ တရုတ်နိုင်ငံ၏ ရင်း နှီးမြှုပ်နှံမှုသည် လျှပ်စစ်ကဏ္ဍတွင် အများဆုံးဝင်ရောက်ထားသည်။

အဆိုပါစီမံကိန်းများအနက် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်စီမံကိန်းသည် ပထမအဆင့်အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော်ရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော်ခန့်ရှိသည်။

'အခု တိုက်ပွဲတွေဖော်ဆောင်ပြီး နယ်မြေတွေထိန်းချုပ်ရယူဖို့လုပ်နေတဲ့ မြောက်ပိုင်းသုံးဖွဲ့ ရောအခြားအဖွဲ့ တွေရော သူတို့ရဲ့ လက်နက်တွေရဲ့  အများစု ၉၀ ရာခိုင်နှုန်းက တရုတ်ထုတ် ဒါမှမဟုတ် တရုတ်နည်းပညာအများစုပါတဲ့ လက်နက်တွေဖြစ်တယ်။ အထူးသဖြင့် မြောက်ပိုင်းသုံးဖွဲ့လက်နက်တွေက “o” လက်နက်စက်ရုံတွေကတစ်ဆင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် တရုတ် ထောက်ပံ့မှု ကလာတဲ့ လက်နက်တွေပဲဖြစ်တယ်။ ဒီလက်နက်တွေကြောင့်ပဲ ဖြစ်ပွားတဲ့စစ်ပွဲတွေကြောင့် တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုဟာ အတိုင်းအဆမရှိဆုံးရှုံးသွားနိုင်တဲ့ အခြေအနေနဲ့ကြုံတွေ့နေရတယ်။ “o လက်နက်စက်ရုံခြောက်ရုံ။ o ကတစ်ဆင့်ထောက်ပံ့နေတာပေါ့။ o က အဓိက အခုတိုက်ပွဲတွေအားလုံးရဲ့၊ လက်နက်ကိုင်အဖွဲ့တွေအားလုံးကိုထောက်ပံ့ဖို့ o စက်ရုံနဲ့ KIA စက်ရုံပေါ့။ အထူးသဖြင့် o စက်ရုံက နေ အခု တိုက်ပွဲတွေမှာသုံးနေတဲ့ လက်နက်ရဲ့ ၈၀ ရာခိုင်နှုန်းက လာတာဖြစ်တယ်။ ဒါကြောင့် တရုတ်နိုင်ငံက သူရဲ့မူဝါဒတွေပြောင်းပြီး o ကိုသာ လက်နက်ထိန်းချုပ်မှုတွေလုပ်ရင်၊ သူရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးမှုသက်သာသွားနိုင်တယ်။ မဟုတ်ဘူးဆိုရင်တော့ စစ်ပွဲကအတိုင်းအဆမရှိ၊ ဆုံးရှုံးမှုတွေက အတိုင်းအဆမရှိဖြစ်သွားနိုင်တယ်။ ပြီးတာ့ ရင်းနှီးမြှုပ်နှံမှုတွေက ထပ်လာမှာလည်းမဟုတ်တော့ဘူး။ ထပ်ပြီးတော့လည်း နှစ်ပေါင်း ၂၀ လောက်အထိ စစ်ကရှည်ခဲ့ရင် ပြည်တွင်းစစ်တစ်ခုလို ကျယ်ပြန့်ပြီးဖြစ်သွားရင် ဒီလက်နက်ရဲ့ကျယ်ပြန့်မှုတွေက တရုတ်ရဲ့မူဝါဒပေါ်မှာပဲ မူတည်လိမ့်မယ်။ ဒါကြောင့် မြန်မာပြည်တွင်းစစ်အတွင်း တရုတ်နိုင်ငံဆုံးရှုံးမှုတွေဟာ ဒီစစ်ပွဲပဋိပက္ခမှာပါဝင်သူတွေထက် တရုတ်နိုင်ငံရဲ့ လက်နက်ထိန်းချုပ်မှု မူဝါဒပေါ်မှာပဲမူတည်‌နေတယ်။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဆုံးရှုံးမှုဟာ လက်ရှိတိုက်ခိုက်နေတဲ့  လက်နက်ကိုင်အဖွဲ့တွေ‌ရော၊ တပ်မတော်ပေါ်မှာရော မူတည်ခြင်းမရှိဘဲနဲ့ o ကတစ်ဆင့် လက်နက်ထိန်းချုပ် နိုင်မှု ရှိ မရှိပေါ်မှာပဲမူတည်တယ်လို့ သုံးသပ်တယ်။ အဲဒီလို မထိန်းချုပ်နိုင်ရင်တော့စစ်ပွဲတွေက ပိုမိုကျယ်ပြန့်ပြင်းထန်ပြီးတော့ ရှည်ကြာဖွယ်ရှိတယ်။ ဒါဆိုရင် တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးသွားမယ့် အန္တရာယ်နဲ့ရင်ဆိုင်ရမယ့်အပြင် တရုတ်နိုင်ငံအတွက်လည်း အဲဒီရဲ့အကျိုးဆက်တွေကို ပိုမိုကျယ်ပြန့်စွာ ကြုံတွေ့ခံစားရဖွယ်ရှိပါတယ်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကပြောကြားသည်။

မြောက်ပိုင်းသုံးဖွဲ့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်၍ ၁၀၂၇ စစ်ဆင်ရေး အမည်ပေးထားသည့် စစ်ဆင်ရေးကို ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြီးငယ်များ ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံက ရှမ်းမြောက်တိုက်ပွဲများနှင့်ပတ်သက်၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် အမြန်ဆုံးအပစ်အခတ်ရပ်စဲပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခဲ့ပြီးနောက် ၄င်းတို့၏ကြားဝင်ဆောင်ရွက်မှုဖြင့် နစက၏ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့သည် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ၂၀၂၄ ဇန်နဝါရီလအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်မှစတင်ကာ  ၁၀၂၇ စစ်ဆင်ရး ဒုတိယပိုင်းပြန်စသည်ဆိုကာ TNLA အဖွဲ့က မိုးကုတ် ၊ နောင်ချို၊ ကျောက်မဲ၊ သီပေါတွင်လည်းကောင်း၊ TNLA နှင့်ပူးပေါင်းထားသည့် MDY PDF က မတ္တရာ - စဉ့်ကူးတွင် လည်းကောင်း၊ ဇူလိုင် ၃ ရက်မှစတင်၍  MNDAA အဖွဲ့နှင့်ပူးပေါင်းအဖွဲ့က လားရှိုမြို့ကို  ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၂၆ ရက်အထိ ယင်းဒေသများတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအမည်ဖြင့် ဖော်ဆောင်လာသည့် တိုက်ပွဲကာလအတွင်း TNLA အဖွဲ့နှင့် ပူးပေါင်းထားသည့် MDY PDF သည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်း တိုက်ခိုက်မှုများပြုလုပ်ရာတွင် တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုပါဝင်သော အယ်လ်ဖာဘိလပ်မြေစက်ရုံစီမံကိန်းရှိ လုံခြုံရေးစခန်းကို ဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် တိုက်ပွဲအတွင်း စက်ရုံရှိ အဆောက်အအုံမျာ းထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်အမှုအတွင်း စက်ရုံရှိအဆောက်အအုံတစ်လုံး မီးလောင်မှုအပေါ်စီမံကိန်းတွင် လုံခြုံရေးတပ်စခန်းများ တပ်ဖွဲ့ဝင်များက ဆုတ်ခွာစဉ်မီးရှို့ခဲခြင်းဖြစ်သည်ဟု MDY PDF စွပ်စွဲထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်ရှိ တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုဖြစ်သည့် တကောင်းနီကယ်စက်ရုံသို့  PDF ဝင်ရောက်နေရာယူမှုများရှိနေသည်ဟုဆိုသည်။

တကောင်းနီကယ်စက်ရုံသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက စက်ရုံသို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်သုံးတိုင် မိုင်းဖောက်ခွဲဖျက်ဆီးခံရသည်။

၁၀၂၇ ခုနှစ်စစ်ဆင်ရေး ပထမပိုင်းကာလအတွင်း ကျောက်မဲမြို့နယ်ရှိ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းထိန်းချုပ်စခန်း အဆောက်အအုံအတွင်း TNLA နှင့် PDF များက ဝင်ရောက်နေထိုင်ခဲ့ပြီး အဆောက်အအုံတွင် ထိခိုက်ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သည်။

 

 

 

 

 

 

 

Most Read

Most Recent