မြောက်ကိုရီးယားက အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများ လွှတ်တင်မှုကြောင့် တောင်ကိုရီးယားတွင် လေကြောင်းခရီးစဉ် ၁၀၀ ကျော် နှောင့်နှေးကြန့်ကြာခဲ့ရ

မြောက်ကိုရီးယားက အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများ လွှတ်တင်မှုကြောင့် တောင်ကိုရီးယားတွင် လေကြောင်းခရီးစဉ် ၁၀၀ ကျော် နှောင့်နှေးကြန့်ကြာခဲ့ရ
မေ ၂၉ ရက်က တောင်ကိုရီးယားနိုင်ငံ ချိုရာဝန်မြို့ရှိ စပါးခင်းပေါ်တွင် မြောက်ကိုရီးယားကလွှတ်တင်ခဲ့သည်ဟု ယူဆရသည့် မိုးပျံပူဖောင်းတစ်လုံးကို တွေ့ရစဉ်(Photo:Reuters)
မေ ၂၉ ရက်က တောင်ကိုရီးယားနိုင်ငံ ချိုရာဝန်မြို့ရှိ စပါးခင်းပေါ်တွင် မြောက်ကိုရီးယားကလွှတ်တင်ခဲ့သည်ဟု ယူဆရသည့် မိုးပျံပူဖောင်းတစ်လုံးကို တွေ့ရစဉ်(Photo:Reuters)
Published 3 July 2024

မြောက်ကိုရီးယားက နယ်စပ်ဒေသတစ်လျှောက် အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများ လွှတ်တင်မှု ကြောင့် တောင်ကိုရီးယားတွင် လေကြောင်းခရီးစဉ် ၁၀၀ ကျော် နှောင့်နှေးကြန့်ကြာခဲ့ရကြောင်း တောင်ကိုရီး ယားလွှတ်တော်အမတ်တစ်ဦးက ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားရှိ တက်ကြွလှုပ်ရှားသူများက မြောက်ကိုရီးယားဘက်သို့ ၀ါဒဖြန့်စာစောင်များ ပါရှိသည့် မိုးပျံပူဖောင်းများ လွှတ်တင်ခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားက အမှိုက်အိတ်များပါရှိသည့် ထောင်နှင့်ချီသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားနိုင်ငံအတွင်းသို့ လွှတ်တင်ခဲ့သည်။

မြောက်ကိုရီးယားမိုးပျံပူဖောင်းများကြောင့် ဇွန် ၂၆ ရက်ကလည်း တောင်ကိုရီးယား၏ အင်ချွမ်လေဆိပ်တွင် လေကြောင်းလိုင်းများ သုံးနာရီကြာ ဆိုင်းငံ့ခဲ့ရပြီး ပြီးခဲ့သည့်လအတွင်းက တောင်ကိုရီးယားတွင် လေကြောင်းခရီးစဉ်များ သို့မဟုတ် လေယာဉ်အဆင်း၊ အတက်ပြုလုပ်မှုများကို ဆိုင်းငံ့ခဲ့ရပြီး လမ်းကြောင်းပြောင်းပျံသန်းမှုများ ပင်ရှိခဲ့သည်။

မေလကုန်ပိုင်းကစပြီး မြောက်ကိုရီးယား၏ မိုးပျံပူဖောင်းများ လွှတ်တင်မှုကြောင့် လေယာဉ်ပေါင်း ၁၁၅ စင်းသည် အနှောင့်အယှက်နှင့်ကြုံတွေ့ခဲ့ရပြီး ခရီးသည်ပေါင်း ၁၀၀၀၀ ကျော်ကို သက်ရောက်စေခဲ့သည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ မှတ်တမ်းများကို ကိုးကားပြီး လွှတ်တော်အမတ်ဂျောင်ဂျွန်ဟို က ပြောကြားခဲ့သည်။

အမေရိကန်မှ ဆိုက်ရောက်သည့် လေယာဉ်များအပါအဝင် လေယာဉ် ၁၅ စင်းခန့်သည် အခြားလေယာဉ်ကွင်း များတွင် ပြောင်းလဲဆင်းသက်ခဲ့ရပြီး ခရီးသည်များကို လေယာဉ်ဆင်းသက်သည့် လေဆိပ်များမှတစ်ဆင့် အင်ချွမ်လေဆိပ်သို့ ပို့ဆောင်ပေးခဲ့ရသဖြင့် နှောင့်နှေးကြန့်ကြာမှုများ အဆင်မပြေမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဂျောင်က ပြောကြားခဲ့သည်။

ဆန်ဖရန်စစ္စကို၊ ဗန်ကူးဗား၊ လော့စ်အိန် ဂျလိစ်မြို့များမှ ထွက်ခွာလာသည့် လေကြောင်းလိုင်းများပေါ်မှ ရာနှင့်ချီသည့် ခရီးသည်များသည် အင်ချွမ်လေဆိပ်တွင် ဆင်းသက်ရန် လာရောက်ခဲ့ကြခြင်းဖြစ်သော်လည်း အကြောင်းအရင်းမသိရဘဲ ချွန်ဂျူးလေဆိပ်၌သာ ဆင်းသက်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

အာဏာပိုင်များအနေဖြင့် နိုင်ငံအတွင်းရှိ တက်ကြွလှုပ်ရှားသူများကို မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ မိုးပျံပူဖောင်းများ လွှတ်တင်ခြင်းမရှိစေရန် ပိုမိုဆောင်ရွက်သင့်ကြောင်း ဂျောင်က ပြောကြားခဲ့သည်။

ထိုကဲ့သို့ မိုးပျံပူဖောင်းများလွှတ်တင်မှုကို ပိတ်ပင်ခြင်းသည် လွတ်လပ်စွာထုတ်ဖော်ခွင့်ကို တရားမဝင် ချိုးဖောက်မှုဖြစ်သည်ဟု ၂၀၂၃ ခုနှစ်တွင် တောင်ကိုရီးယားတရားရုံးက စီရင်ချက်ချခဲ့သဖြင့် တောင်ကိုရီးယား အစိုးရသည် နယ်စပ်ဒေသတွင် မိုးပျံပူဖောင်းများ လွှတ်တင်နေသည့် တက်ကြွလှုပ်ရှားသူများအပေါ် အရေးယူနိုင်မည်မဟုတ်ပေ။

မကြာသေးမီက မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုများ၊ ရုရှားနှင့် ဆက်ဆံရေး တိုးမြှင့်မှုများ၊ တောင်ကိုရီးယားနှင့် အမေရိကန်အကြားစစ်ရေး ပူးပေါင်းဆောင်ရွက်မှုများအပြင် ကိုရီးယားနှစ်နိုင်ငံအကြား မိုပျံပူဖောင်းများလွှတ်တင်ပြီး ၀ါဒဖြန့်မှုများကို အပြန်အလှန်လုပ်ဆောင်မှုများကြောင့် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများမြင့်တက်ခဲ့သည်။                                 

Ref:AFP

Most Read

Most Recent