■ လက်ထောက်နည်းပြနှစ်ဦးအား စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုအပြီးတွင် အဲရစ်တန်ဟက်ဂ်နှင့် မန်ယူအသင်း ထပ်မံသက်တမ်းတိုးသွားမည်     

■ လက်ထောက်နည်းပြနှစ်ဦးအား စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုအပြီးတွင် အဲရစ်တန်ဟက်ဂ်နှင့် မန်ယူအသင်း ထပ်မံသက်တမ်းတိုးသွားမည်     
Published 28 June 2024

မန်ချက်စတာယူနိုက်တက်အသင်းသည် လက်ထောက်နည်းပြနှစ်ဦးအား စာချုပ်ချုပ်ဆိုကာ ခေါ်ယူရန် ကိစ္စအတွက် အပြီးသတ်ပြီးပါက လက်ရှိအသင်းနည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်နှင့် ထပ်မံသက်တမ်းတိုးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

    

အဲရစ်တန်ဟက်ဂ်သည် မန်ယူနိုက်တက်အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သူဖြစ်ပြီး  ၂၀၂၄-၂၅ ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ 

အဲရစ်တန်ဟက်ဂ်၏ ရာထူးသက်တမ်းမှာ ပြီးခဲ့သည့် ရာသီက အလှုပ်ခတ်ဆုံး အနေအထား အထိ ရောက်ရှိခဲ့ပြီး ဘောလုံးရာသီတွင်း ရာထူးမှ ထုတ်ပယ်ခံရမည့် အခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည်။ 

သို့ရာတွင် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် FA ဖလားဗိုလ်လုပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့ပြီးသည့်နောက် တန် ဟက်ဂ်အပေါ် ပရိသတ်များ၏ထောက်ခံမှု ပြန်လည်တိုးတက်လာခဲ့သည်။ 

သို့ရာတွင် INEOS အုပ်စုသည် အဲရစ်တန်ဟက်ဂ်နေရာတွင် အစားထိုးရန်အတွက် အခြားထိပ်တန်းနည်းပြများကို ပစ်မှတ်ထားခဲ့သလို သောမတ်စ်တူဟယ်လ်အပါအဝင် နည်းပြအချို့နှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ 

နောက်ဆုံးတွင် ယင်းနည်းပြများနှင့် သဘောတူညီမှု မရရှိဘဲ အဲရစ်တန်ဟက်ဂ်ကိုသာ အသင်းနည်းပြအဖြစ် ဆက်လက်ခန့်ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

    

တန်ဟက်ဂ်ကို အသင်းနည်းပြအဖြစ် ဆက်လက်ခန့်ထားရန် ဆုံးဖြတ်ခဲ့ပြီးသည့်နောက်တွင် INEOS အုပ်စုသည် ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည် အဲရစ်တန်ဟက်ဂ်အား အသင်းတွင် ဆက်လက်ရှိနေစေမည့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန် စီစဉ်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်မူ လာမည့်ရာသီတွင် အသင်းထံ ရောက်ရှိလာမည့် လက်ထောက်နည်းပြနှစ်ဦးအား ဦးစားပေးဆွေးနွေးနေခြင်းလည်းဖြစ်သည်။ 

မန်ယူနိုက်တက်အသင်းတွင် အဲရစ်တန်ဟက်ဂ်၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေသည့် ဗန်ဒါဂတ်သည် ယခင်က ပေါ်တူဂီ၊ နယ်သာလန်တို့တွင် ဆောင်ရွက်ခဲ့ဖူးသည့် နည်းပြချုပ်ရာထူးကို ပြန်လည်လုပ်ကိုင်လိုသဖြင့် မန်ယူအသင်း လက်ထောက်နည်းပြရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ရာ INEOS ကလည်း ၎င်းနေရာတွင် လက်ထောက်နည်းပြ နှစ်ဦးကို ပြန်လည်အစားထိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းလက်ထောက်နည်းပြနှစ်ဦးသည် မတူညီသည့် တာဝန်များကို ဆောင်ရွက်သွားရမည်ဖြစ်သည်။ 

မန်ယူနိုက်တက်အသင်း၏ လက်ထောက်နည်းပြရာထူးနေရာအတွက် ဆွေးနွေးနေပြီး မကြာမီ အပြီးသတ် သဘောတူညီမှု ရရှိတော့မည့်နှစ်ဦးမှာ မန်ယူနိုက်တက်အသင်း၏ ဂန္ထဝင် တိုက်စစ်မှူးဟောင်း ရုဒ်ဗန်နစ္စတယ်ရွိုင်းနှင့် FC တွမ်တီး၊ အူထရက်ချ်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးသည့် ရီနီဟက်ကီတို့ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent