ဆလိုဗေးနီးယားနှင့်ပွဲ၌ မိန်နူးနှင့် ဂေါ်ဒွန်တို့ကို အသုံးပြုသင့်သည်ဟု ဂယ်ရီနဗီးလ်အကြံပြုခဲ့ပြီး ဆာကာကို အနားပေးရန် အက်ရှ်လေကိုးလ် တိုက်တွန်း

ဆလိုဗေးနီးယားနှင့်ပွဲ၌ မိန်နူးနှင့် ဂေါ်ဒွန်တို့ကို အသုံးပြုသင့်သည်ဟု ဂယ်ရီနဗီးလ်အကြံပြုခဲ့ပြီး ဆာကာကို အနားပေးရန် အက်ရှ်လေကိုးလ် တိုက်တွန်း
Published 24 June 2024

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းများဖြစ်သည့် ဂယ်ရီနဗီးလ်နှင့် အက်ရှ်လေကိုးလ်တို့က အင်္ဂလန်အသင်း၏ အုပ်စုနောက်ဆုံးပွဲစဉ်အတွက် လူရွေးချယ်မှုအပေါ် အကြံပြုတိုက်တွန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဂယ်ရီနဗီးလ်က မိန်နူးနှင့် ဂေါ်ဒွန်တို့ကို ပွဲထွက်ကစားသမားများအဖြစ် အသုံးပြုသင့်သည်ဟု အကြံပြုခဲ့ခြင်းဖြစ်ပြီး အက်ရှ်လေကိုးလ်က ဆာကာကို အနားပေးရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်သည် ယှဉ်ပြိုင်ပြီးခဲ့သည့် အုပ်စုပွဲစဉ်နှစ်ပွဲတွင် တူညီသည့် ပွဲထွက်လူစာရင်းကိုသာ အသုံးပြုခဲ့ပြီး အသင်း၏ စွမ်းဆောင်ရည်ကောင်းမွန်ခြင်းမရှိသည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် ကစားသမားအပြောင်းအလဲ ပြုလုပ်သင့်ကြောင်း ထောက်ပြမှုများလည်း ရှိလာခဲ့ပြီး ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် ဂယ်ရီနဗီးလ်က မန်ယူကစားသမား မိန်နူးနှင့် နယူးကာဆယ်ကစားသမား ဂေါ်ဒွန်တို့ကို ပွဲထွက်စာရင်းတွင် အသုံးပြုသင့်ကြောင်း အကြံပြုခဲ့ခြင်းဖြစ်သည်။ မိန်နူးသည် ယူရို-၂၀၂၄ ပြိုင်ပွဲ၌ လူစားဝင်ကစားသမားအဖြစ် (၄)မိနစ်သာ ကစားခွင့်ရရှိထားပြီး ဂေါ်ဒွန်မှာ ကစားခွင့် လုံးဝမရရှိသေးပေ။ ဂယ်ရီနဗီးလ်က ယင်းကစားသမားနှစ်ဦးအား နေရာပေးသင့်ကြောင်းသာ ပြောကြားခဲ့ပြီး မည်သည့်ကစားသမားများကို အရန်ခုံပို့သင့်ကြောင်း မပြောခဲ့သော်လည်း ခံစစ်(၃)ယောက်ပုံစံ ပြောင်းလဲကစားသင့်သည်ဟု ဆိုခဲ့သောကြောင့် ထရစ်ပီယာနှင့် ဆာကာတို့ကို ပွဲထွက်စာရင်းမှ ဖယ်ရှားစေလိုသည့်သဘောဖြစ်ကြောင်း Daily Mail က သုံးသပ်ခဲ့သည်။

အက်ရှ်လေကိုးလ်ကမူ ဆာကာကို ပွဲထွက်စာရင်းမှ ချန်လှပ်ပြီး ဖိုဒန်ကို ညာတောင်ပံသို့ ပြောင်းရွှေ့ကစားစေရန် ဆောက်ဂိတ်အား တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဖိုဒန်သည် ပြီးခဲ့သည့်ရာသီတွင် မန်စီးတီးအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကာ ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားဆုရရှိခဲ့သော်လည်း ယူရိုပြိုင်ပွဲ၌ ခြေစွမ်းပြနိုင် ခြင်းမရှိသေးဘဲ ဖြစ်နေသည်။ ယင်းသို့ဖြစ်ရခြင်းမှာ လက်ရှိ ကစားနေရသည့်နေရာနှင့် အံဝင်ခွင်ကျမဖြစ်ခြင်းကြောင့် ဖြစ်ပြီး ညာခြမ်း သို့မဟုတ် No.10 Role တွင် ကစားစေသင့်ကြောင်း ဘောလုံးသုံးသပ်သူများစွာက ထောက်ပြအကြံပြု နေကြကြောင်းလည်း သိရသည်။ အက်ရှ်လေကိုးလ်ကလည်း ဖိုဒန်ကို ညာခြမ်းတွင် ပြောင်းရွှေ့ကစားစေရန် ဆန္ဒရှိနေသည့်အတွက် ဆာကာကို အနားပေးစေလိုခြင်းဖြစ်ကြောင်း သိရသည်။ "ဂေါ်ဒွန်ကို ဘယ်ခြမ်းမှာကစားတာ မြင်တွေ့ချင်ပါတယ်။ ဖိုဒန်ကိုလည်း ညာခြမ်းမှာကစားတာ မြင်တွေ့ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို အရန်ခုံမပို့သင့်ဘူး ထင်လို့ပါ။ ဖိုဒန်အနေနဲ့ သူ ဘယ်လောက်ကောင်းကြောင်း ကမ္ဘာကို ပြသစေချင်ပါတယ်။ နေရာလွဲမှားမှုကြောင့် ဝေဖန် ပြစ်တင်ခံရမယ်ဆိုရင် သူ့အတွက် မျှတမှုရှိမှာမဟုတ်ပါဘူး။ သူက ကမ္ဘာ့အဆင့်ကစားသမားဖြစ်တာကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ် အံဝင်ရမယ်လို့ ပြောနိုင်ပေမဲ့ သူ့ကို မန်စီးတီးမှာ လို မြင်တွေ့ချင်ပါတယ်"ဟု အက်ရှ်လေကိုးလ်က ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် ပြိုင်ပွဲမစမီက ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သော်လည်း အုပ်စုနှစ်ပွဲ ကစားအပြီးတွင် ပြင်သစ်နှင့် ဂျာမနီတို့၏နောက်သို့ ရောက်ရှိသွားခဲ့သည်။ အင်္ဂလန်အသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် ဆလိုဗေးနီးယားကို ရှုံးနိမ့်ခဲ့ပါက အုပ်စုပထမနေရာနှင့် လွဲချော်ရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent