ဘယ်လင်ဟမ်သည် အသင်းကို မြှင့်တင်ပေးနိုင်မည့်သူဖြစ်သော်လည်း ၎င်းတစ်ဦးတည်းအပေါ် အားကိုးမှီခိုနေမည်မဟုတ်ဟု ဆောက်ဂိတ် ပြောကြား

ဘယ်လင်ဟမ်သည် အသင်းကို မြှင့်တင်ပေးနိုင်မည့်သူဖြစ်သော်လည်း ၎င်းတစ်ဦးတည်းအပေါ် အားကိုးမှီခိုနေမည်မဟုတ်ဟု ဆောက်ဂိတ် ပြောကြား
Photo: Bellingham X
Photo: Bellingham X
Published 10 June 2024

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်က ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် အသင်းကို မြှင့်တင်ပေးနိုင်မည့် ကစားသမားဖြစ်သော်လည်း ၎င်းတစ်ဦးတည်းအပေါ် အားကိုးမှီခိုနေမည်မဟုတ်ဟု ပြောကြားခဲ့သည်။

ဘယ်လင်ဟမ်သည် ပြီးခဲ့သည့်ရာသီတွင် ရီးယဲလ်အသင်း၌ ခြေစွမ်းပြခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ(၄၂)ပွဲကစားကာ (၂၃) ဂိုး သွင်းယူခဲ့သည်။

ရီးယဲလ်အသင်းအတွက် ပွဲဦးထွက်ရာသီမှာပင် ဂိုးသွင်းစံချိန်သစ်များ တင်နိုင်ခဲ့ပြီး လာလီဂါချန်ပီယံဆုနှင့် ချန်ပီယံလိဂ်ဖလားများ ရရှိခဲ့ရာ၌ အဓိကအကျဆုံးကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် လာလီဂါပြိုင်ပွဲ၏အကောင်းဆုံးကစားသမားဆုနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးလူငယ်ကစားသမားဆုတို့ ရရှိခဲ့သည်။

ထို့ပြင် ၎င်းသည် အသက်(၂၀)သာရှိသေးသော်လည်း အရွယ်နှင့်မမျှ ရင့်ကျက်မှုရှိသူဖြစ်သောကြောင့် ရီးယဲလ်အသင်းကို ဦးဆောင်နိုင်ခဲ့သကဲ့သို့ ယူရို-၂၀၂၄ ပြိုင်ပွဲတွင်လည်း အင်္ဂလန်အသင်းကို ဦးဆောင်နိုင်လိမ့်မည်ဟု သုံးသပ်ခံထားရသည်။

ယင်းအတွက် ဘယ်လင်ဟမ်သည် အသင်းကို မြှင့်တင်နိုင်မည်လားဟု မေးမြန်းခဲ့ရာ ဆောက်ဂိတ်က ''ကျွန်တော့်အတွက်တော့ သူ လုပ်နိုင်လိမ့်မယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ အဲဒီလို သူလုပ်ရမယ်လို့ မဆိုလိုပါဘူး။ သူက ဖိအားတွေကို နိုင်နင်းစွာ ကိုင်တွယ်နိုင်တဲ့သူပါ။ ဒါပေမဲ့ ကျွန်တော်တို့ အရာအားလုံး သူ့အပေါ် တင်မပေးပါဘူး။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ ဒီကစားသမားတွေကို ပေါင်းစပ်ပြီး ချန်ပီယံဆုရရှိအောင် ကြိုးစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။

ဘယ်လင်ဟမ်သည် ရီးယဲလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့ရသည့်အတွက် အားလပ်ရက် ပိုမိုရရှိသောကြောင့် ပြီးခဲ့သည့်တနင်္ဂနွေနေ့ကမှ အင်္ဂလန်လက်ရွေးစင်အသင်းနှင့် စတင်ပူးပေါင်းခဲ့ကြောင်း သိရသည်။

အင်္ဂလန်အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် ယူရို -၂၀၂၄ ပြိုင်ပွဲအကြို နောက်ဆုံးပြင်ဆင်မှုအဖြစ် ဘော့စနီးယား၊ အိုက်စလန်အသင်းတို့နှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ဘယ်လင်ဟမ် ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။

အင်္ဂလန်အသင်းသည် ဘော့စနီးယားကို (၃-၀)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သော်လည်း အိုက်စလန်ကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး ကစားသမားအများစုက အိုက်စလန်အား ရှုံးနိမ့်ခဲ့ခြင်းအပေါ် အကောင်းမြင်ခဲ့ကြကြောင်း သိရသည်။

နည်းပြ ဆောက်ဂိတ်ကလည်း နောက်ဆုံးခြေစမ်းပွဲတွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယူရိုပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေမည်ဟု ပြောကြားခဲ့သည်။

''ဒီအခြေအနေကို အပြည့်အဝ နားလည်ပါတယ်။ ဒီပွဲမှာ သူတို့စိတ်လှုပ်ရှားနေအောင်  ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူး။ ကျွန်တော့်အမြင် ပြောရရင် ဒီပွဲကနေ သင်ယူစရာတွေ အများကြီးရခဲ့ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေရဲ့တုံ့ပြန်မှုကို အံ့သြစရာမရှိပါဘူး။ ကျွန်တော်တို့ ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်မှာပါ။ ဒီညမှာတော့ မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး။ နေ့တိုင်းက ကိုယ်ဖြစ်ချင်သလို မဖြစ်နိုင်ဘူးလို့ ကစားသမားတွေကို ကျွန်တော် ပြောခဲ့ပါတယ်။ ဒီညက အဲဒီထဲက တစ်ရက်ပါပဲ'' ဟု ဆောက်ဂိတ်က ပြောကြားခဲ့သည်။

ဘယ်လင်ဟမ် ပါဝင်လာခဲ့ပါက အင်္ဂလန်အသင်း၏ခြေစွမ်း မြင့်တက်လာမည်ဟု ယုံကြည်သူများလည်း ရှိနေပြီး ဘယ်လင်ဟမ်သည် ယူရို-၂၀၂၄ တွင် ကျောနံပါတ်(၁၀) ဝတ်ဆင်ကစားမည်ဖြစ်သည်။ 

 

Most Read

Most Recent