စပိန်စူပါဖလားပြိုင်ပွဲအား ဆော်ဒီနိုင်ငံ၌ သွားရောက်ကျင်းပသည့် သဘောတူညီမှုတွင် ပါဝင်သဖြင့် ဘာစီလိုနာနောက်ခံလူဟောင်း ပီကေး စုံစမ်းစစ်ဆေးမှုခံနေရ

စပိန်စူပါဖလားပြိုင်ပွဲအား ဆော်ဒီနိုင်ငံ၌ သွားရောက်ကျင်းပသည့် သဘောတူညီမှုတွင် ပါဝင်သဖြင့် ဘာစီလိုနာနောက်ခံလူဟောင်း ပီကေး စုံစမ်းစစ်ဆေးမှုခံနေရ
Photo: Learte
Photo: Learte
Published 1 June 2024

 

ဘာစီလိုနာအသင်း နောက်ခံလူဟောင်း ပီကေးသည် စပိန်စူပါဖလားပြိုင်ပွဲအား ဆော်ဒီနိုင်ငံ၌ သွားရောက်ကျင်းပသည့် သဘောတူညီမှုတွင်ပါဝင်သဖြင့် စပိန်တရားရုံး၏ စုံစမ်းစစ်ဆေးမှုခံနေရကြောင်း သိရသည်။

စပိန်တရားရုံးသည် ပီကေးနှင့် စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ဥက္ကဋ္ဌဟောင်း လူးဝစ်ရူဘီယာလက်စ်တို့ ပြောကြားထားသည့် အသံဖိုင်ပေါက်ကြားမှုကြောင့် ၂၀၂၂ ခုနှစ် ဇွန်လကတည်းက စုံစမ်းစစ်ဆေးမှုပြုလုပ်နေခြင်းဖြစ်သည်။ စပိန်စူပါဖလားပြိုင်ပွဲအား ဆော်ဒီနိုင်ငံ၌ကျင်းပရန် ထိုစဉ်က RFEF ဥက္ကဋ္ဌ ရူဘီယာလက်စ်၊ ဆော်ဒီအစိုးရပိုင် Sela Sport ကုမ္ပဏီနှင့် ပီကေး၏ Kosmos ကုမ္ပဏီတို့ ၂၀၁၉ ခုနှစ်တွင် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

RFEF သည် ယင်းစာချုပ်အတွက် ယူရို သန်း ၄၀၀ ရရှိမည်ဖြစ်ပြီး Kosmos ကုမ္ပဏီမှာ အောင်မြင်ခြင်းဆုကြေးအဖြစ် တစ်နှစ်လျှင် ယူရိုသန်း ၄၀ ရရှိနေသည်။ တရားသူကြီး ဂျူလီယာရိုဒရီဂို၏ပြောကြားမှုအရ အဆိုပါ သဘောတူညီမှုတွင် တရားမဝင်မှုနှင့် ရာဇဝတ်မှုဆိုင်ရာသက်ရောက်မှု ဖြစ်နိုင်ခြေရှိသည့်အချက်များ ပါဝင်နေကြောင်း သိရသည်။ ပီကေးကမူ အဆိုပါသဘောတူညီမှုမှာ တရားဝင်မှုရှိကြောင်းနှင့် အမှားအယွင်းပြုလုပ်ထားခြင်းမရှိကြောင်း ငြင်းဆန်ထားသည်။

စပိန်စူပါဖလားပြိုင်ပွဲကို ၂၀၁၉-၂၀၂၀ ရာသီမှစ၍ ဆော်ဒီနိုင်ငံ၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး လေးသင်းပုံစံပြောင်းလဲခဲ့သလို ပြိုင်ပွဲကာလကိုလည်း ပုံမှန်ကျင်းပနေကျ သြဂုတ်အစား ဇန်နဝါရီသို့ ပြောင်းလဲခဲ့သောကြောင့် ဝေဖန်မှုများစွာခံခဲ့ရသည်။ စပိန်ရဲတပ်ဖွဲ့ သည် ယင်းကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် မတ်လအတွင်း RFEF ရုံးချုပ်၊ ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ်၏ နေအိမ်အပါအဝင် နေရာ ၁၁ ခုကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး လူခုနစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ ရူဘီယာလက်စ်မှာ ဝင်ရောက်ရှာဖွေမှုပြုလုပ်စဉ် ဒိုမီနီကန်နိုင်ငံ သို့ရောက်ရှိနေပြီး ဧပြီလအတွင်း မက်ဒရစ်မြို့သို့ ပြန်လည်ရောက်ရှိလာစဉ် လေဆိပ်မှာပင် ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်။

ရူဘီယာလက်စ်မှာ ယင်းဖြစ်ရပ်မတိုင် မီ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးတွင် တိုက်စစ်ကစားသမား အာမိုဆို၏နှုတ်ခမ်းကို နမ်းခဲ့သည့်ပြဿနာကြောင့် စက်တင်ဘာတွင် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ၎င်းကို ဘောလုံးလောကနှင့်ပတ်သက်ခွင့် သုံးနှစ်ပိတ်ပင်ထားပြီး စပိန်တရားရုံးကလည်း လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြင့် စစ်ဆေးလျက်ရှိသည်။

Most Read

Most Recent