ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်နှင့် ဖြစ်စဉ်တွင်ပါဝင်သည့် ကန်သုံးဆင့်ဆရာတော်မိန့်ကြားချက် ကွဲလွဲမှုများဖြစ်ပေါ်နေသဖြင့် မြေပြင်ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးဖော်ထုတ်လျက်ရှိကြောင်း နစက ထုတ်ပြန်

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်နှင့် ဖြစ်စဉ်တွင်ပါဝင်သည့် ကန်သုံးဆင့်ဆရာတော်မိန့်ကြားချက် ကွဲလွဲမှုများဖြစ်ပေါ်နေသဖြင့် မြေပြင်ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးဖော်ထုတ်လျက်ရှိကြောင်း နစက ထုတ်ပြန်
Published 21 June 2024

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့အဆင့်ဆင့်မှ ပေးပို့လာသည့် အချက်များကို အခြေခံသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြေပြင်ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး ဖော်ထုတ်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ဇွန် ၂၁ ရက်တွင် ထုတ်ပြန်သည်။

နစက၏ ထုတ်ပြန်ချက်တွင် မန္တလေးတိုင်းဒေသကြီး၊ မြို့သာမြို့နှင့် ကမ္မရွာအကြားတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသတို့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ် ပစ်ခတ်ခံခဲ့ရပြီး ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ပျံလွန်တော်မူခဲ့ရကာ ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် ယာဉ်မောင်းတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန် ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ သို့ရာတွင် ဇွန် ၂၀ ရက်ညနေပိုင်း၌ လူမှုကွန်ရက်စာမျက်နှာများတွင် ဖြစ်စဉ်တွင် ပါဝင်ခဲ့သော ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသ၏ ဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားမှု ဗီဒီယိုဖိုင်တစ်ခုပျံ့နှံ့လျက်ရှိသည်ကို တွေ့ရကြောင်း၊  ဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦးသတင်းထုတ်ပြန်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ အဆင့်ဆင့်မှ သတင်းပို့တင်ပြလာသည့် အချက်အလက်များကိုအခြေခံ၍ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဆရာတော်ကြီး၏ မိန့်ကြားမှုသည် သတင်းထုတ်ပြန်ခဲ့မှုနှင့် ကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မြေပြင်ဖြစ်စဉ်မှန်ပေါ်ပေါက်စေရေး လိုအပ်သည့် စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်မှန်အား သိရှိရပါက လိုအပ်သည့် အရေးယူမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

Most Recent