ဆောက်ဂိတ်၏နည်းစနစ်အား ဝေဖန်ခဲ့သည့် တန်ဟက်ဂ်ကို မီကာရစ်ချတ်စ် ပြင်းထန်စွာဝေဖန်

ဆောက်ဂိတ်၏နည်းစနစ်အား ဝေဖန်ခဲ့သည့် တန်ဟက်ဂ်ကို မီကာရစ်ချတ်စ် ပြင်းထန်စွာဝေဖန်
Photo: Getty Images
Photo: Getty Images
Published 20 June 2024

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်စီးတီးနှင့် အင်္ဂလန်နောက်ခံကစားသမားဟောင်း မီကာရစ်ချတ်စ်က အင်္ဂလန်နည်းပြ ဆောက်ဂိတ်၏နည်းစနစ်ကို ဝေဖန်ခဲ့သည့် မန်ယူနည်းပြ တန်ဟက်ဂ်အား လေးစားမှုမရှိသူဟု ပြင်းထန်စွာပြန်လည်ဝေဖန်ခဲ့သည်။

တန်ဟက်ဂ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းကို ပရီးမီးယားလိဂ်တွင် အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးရပ်တည်မှုအဖြစ် အဆင့်(၈) သာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

သို့သော် တန်ဟက်ဂ်သည် ဒတ်ချ်ရုပ်သံ NOS တွင် ဘောလုံးဝေဖန်သူအဖြစ် ပါဝင်ရာတွင် အင်္ဂလန်(၁-၀) ဆားဘီးယားပွဲမှ ဆောက်ဂိတ်၏နည်းစနစ်ကို ဝေဖန်ခဲ့ခြင်းဖြစ်သည်။

တန်ဟက်ဂ်က ''အင်္ဂလန်ကစားတာက အသေကြီးပဲ။ သူတို့က နောက်ကိုပဲ ပြန်ပေးနေတာ။ ဒါက နည်းပြရဲ့အမြင်ပဲ။ အင်္ဂလန်က (၁-၀)ကို ထိန်းပြီး ခံစစ်ကစားသွားတာပါ''ဟု ပြောကြားခဲ့သည်။

တန်ဟက်ဂ်၏အဆိုပါဝေဖန်မှုကို မီကာရစ်ချတ်စ်က ပြီးခဲ့သည့်ရာသီ တန်ဟက်ဂ်၏ မန်ယူအသင်းမှာလည်း တစ်ရာသီလုံးမကောင်းခဲ့ကြောင်းထောက်ပြကာ ပြန်လည်ဝေဖန်ခဲ့ခြင်းဖြစ်သည်။

မီကာရစ်ချတ်စ်က ''ဖန်အိမ်တွေလိုပဲ။ FA ဖလား ဗိုလ်လုပွဲတုန်းက ကျွန်တော်တို့ ပြောခဲ့သလိုပဲ အခု သူ(တန်ဟက်ဂ်)လည်း နည်းပြတွေကို မကောင်းပြောနေတာပဲ။ မန်ယူအသင်း ပရီးမီးယားလိဂ်မှာ အဆင့်(၈)ပဲ ရလို့ မကောင်းဘူးလို့ ကျွန်တော်တို့ ပြောတုန်းကတော့ သူက ကျွန်တော်တို့ကို ပြန်ကိုက်သေးတာ။ အခု သူ လုပ်နေပုံက ရယ်စရာကြီး။ သူ့ကိုပြောတုန်းကတော့ မကောင်းဘူးတဲ့။ အခုတော့ သူက တခြားနည်းပြကို ဝေဖန်နေတယ်။ သူက လေးစားမှုမရှိတာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent