ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရပြီးနောက် ဘောလုံးလောကတွင် တစ်ခါတစ်ရံ မမျှတသည့်အခြေအနေများဖြစ်တတ်ကြောင်း အန်နရီကေး ဆို

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရပြီးနောက် ဘောလုံးလောကတွင် တစ်ခါတစ်ရံ မမျှတသည့်အခြေအနေများဖြစ်တတ်ကြောင်း အန်နရီကေး ဆို
Photo: Fabrizio
Photo: Fabrizio
Published 9 May 2024

PSG အသင်းနည်းပြ လူးဝစ်အန်နရီကေးက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရပြီးနောက် ဘောလုံးလောကတွင် တစ်ခါတစ်ရံ မမျှမတဖြစ်တတ်ကြောင်း သုံးသပ်ခဲ့သည်။

PSG အသင်းသည် နှစ်ကျော့စလုံးတွင် အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း ဂိုးကံခေခဲ့ခြင်းကြောင့် အရေးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း အန်နရီကေးက ယူဆခဲ့ခြင်းဖြစ်သည်။

ပွဲအပြီးတွင် အန်နရီကေးက ''ကျွန်တော်တို့ တိုင်နဲ့ ခြောက်ကြိမ်ထိခဲ့တယ်။ ဂိုးပေါက်တည့်ကန်ချက်က (၃၁)ကြိမ်လောက်ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါကို ယုံကြည်ဖို့ မဖြစ်နိုင်လောက်ဘူးလို့ ကျွန်တော် ခံစားရပါတယ်။ ဒီညမှာ ကျွန်တော်တို့ xG က ၃ လောက်ရှိ ခဲ့ပြီး ဒေါ့မွန်ကတော့ ၀.၇ ဝန်းကျင်လောက်ပဲ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ ဂိုးသွင်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ ဒါက ဘောလုံးပါပဲ။ ဒီအဆုံးအဖြတ်ကို ကျွန်တော်တို့ လက်ခံရပါမယ်။ ဒေါ့မွန်အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်''ဟု ပြောကြားသည်။

စပိန်လူမျိုးနည်းပြ အန်နရီကေးသည် PSG အသင်းသို့ ပြီးခဲ့သည့်နွေရာသီက နှစ်နှစ်စာချုပ်ဖြင့် ရောက်လာခဲ့ပြီး ပထမဆုံးရာသီတွင် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း ပြင်သစ်အမှတ်ပေးဖလားနှင့် စူပါဖလား ရယူပေးထားကာ ပြင်သစ်ဖလားတွင်လည်း ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးထားသည်။ ထို့ပြင် ၎င်းက ''ကျွန်တော်တို့ဟာ ကလေးတွေရဲ့ စံနမူနာဖြစ်တယ်ဆိုတာ သတိရနေရမယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အရှုံးကို လက်ခံတတ်ဖို့ လိုတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်လိုအနိုင်ရမလဲ၊ ဘယ်လိုရှုံးမလဲဆိုတာ လက်ခံထားရမယ်။ ဘိုရပ်ရှားဒေါ့မွန်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောလိုပြီး သူတို့ဟာ ဒီပြိုင်ပွဲမှာ အလွန်ကောင်းပါတယ်''ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှ ထွက်ခဲ့ရသော်လည်း နည်းပြ အန်နရီကေး၏အနာဂတ်အတွက် PSG အသင်း ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီမှ အာမခံချက်ပေးခဲ့ကြောင်း သိရသည်။

''ဒီမေးခွန်းကို ဘာကြောင့် အထူးတလည် မေးနေရတာလဲ၊ အရိုးသားဆုံးပြောရရင် ဘောလုံးမှာ တချို့နားလည်မှုဆိုတာရော ခင်ဗျားသိလား။ ကျွန်တော်တို့ဟာ ဥရောပမှာ အသက်အငယ်ဆုံးအစုအဖွဲ့နဲ့အတူ ရေရှည်စီမံကိန်းနဲ့ တည်ဆောက်နေတာပါ။ အနာဂတ်ဟာ တောက်ပနေပါလိမ့်မယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားပါမယ်''ဟု အယ်လ်ခီလိုင်ဖီက ပြောကြားခဲ့သည်။

PSG ကစားသမားဘဝ နောက်ဆုံးရာသီဖြစ်လာနိုင်သည့် တိုက်စစ်မှူး ဘာပေကမူ ''ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဆိုတာ ရေရှည်လုပ်ငန်းစဉ်ပါပဲ။ ပြီးတော့ PSG အသင်းဟာ ဒီချန်ပီယံဆုဖလားနဲ့ သိပ်မဝေးတော့ဘူးဆိုတာ ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့ညဖြစ်ပြီး စိတ်ပျက်စရာပါပဲ''ဟု မှတ်ချက်ပြုခဲ့သည်။

ဘာပေသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၈)ဂိုး သွင်းယူထားပြီး ကစားသမားသက်တမ်းတစ်လျှောက် ချန်ပီယံလိဂ်သွင်းဂိုး (၄၈)ဂိုး သွင်းယူပေးထားသည်။

Most Read

Most Recent