ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ချန်ပီယံဆု ရယူနိုင်ခဲ့ပါက အင်္ဂလန်ကစားသမားများ စံချိန်တင်ဆုကြေးရရှိမည်ဖြစ်ပြီး ဟာရီကိန်းနှင့် ဘယ်လင်ဟမ် အများဆုံးရမည်

ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ချန်ပီယံဆု ရယူနိုင်ခဲ့ပါက အင်္ဂလန်ကစားသမားများ စံချိန်တင်ဆုကြေးရရှိမည်ဖြစ်ပြီး ဟာရီကိန်းနှင့် ဘယ်လင်ဟမ် အများဆုံးရမည်
Photo: Getty Images
Photo: Getty Images
Published 17 June 2024

အင်္ဂလန်လက်ရွေးစင်ကစားသမားများသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ချန်ပီယံဆု ရယူနိုင်ခဲ့ပါက စံချိန်တင်ဆုကြေးရရှိမည်ဖြစ်ပြီး အသင်းခေါင်းဆောင် ဟာရီကိန်းနှင့် ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်တို့မှာ ဆုကြေးအများ ဆုံးရရှိမည်ဖြစ်ကြောင်း သိရသည်။

The Sun ၏ ဖော်ပြမှုအရ ယူရို-၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း ချန်ပီယံဆု ရယူနိုင်ခဲ့လျှင် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) က ဆုကြေးအဖြစ် ပေါင်(၂၄)သန်း ပေးအပ်ချီးမြှင့်ရန် ကစားသမားများနှင့် သဘောတူညီမှုရရှိထားကြောင်း သိရသည်။

FA သည် အဆိုပါဆုကြေးကို စပွန်ဆာအကူအညီများထံမှ ရယူကာ ချီးမြှင့်မည်ဖြစ်သောကြောင့် ဟာရီကိန်း နှင့် ဘယ်လင်ဟမ်တို့က အခြားကစားသမားများထက် ဆုကြေးပိုမိုရရှိခြင်းဖြစ်ကြောင်း သိရသည်။

ဟာရီကိန်းနှင့် ဘယ်လင်ဟမ်တို့ နှစ်ဦးပေါင်းရရှိမည့် ဆုကြေးပမာဏမှာ ပေါင်(၉.၆)သန်းဖြစ်ပြီး ကျန်ကစားသမား(၂၄)ဦးက ပေါင် (၁၄)သန်းကျော်ကို ခွဲယူရမည်ဖြစ်ကြောင်း သိရသည်။

FA သည် ပြီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိခဲ့ပါက ဆုကြေးပေါင်(၁၃)သန်း ချီးမြှင့်ရန်သာ စီစဉ်ခဲ့ခြင်းကြောင့် ယခုယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ချီးမြှင့်မည့်ဆုကြေးမှာ စံချိန်သစ်ဖြစ်ခဲ့ကြောင်း သိရသည်။

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်မှာလည်း ယူရိုချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါက ဆုကြေး ပေါင်(၄)သန်းဝန်းကျင် ရရှိမည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလန်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေသော်လည်း ယူရိုပြိုင်ပွဲတွင် ချန်ပီယံဆု ရယူဖူးခြင်းမရှိသေးပေ။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ချန်ပီယံဆုကို ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ရယူနိုင်ခဲ့ပြီးနောက်ပိုင်း ထပ်မံရယူနိုင်ခြင်းမရှိတော့သောကြောင့် အင်္ဂလန်အသင်းအနေဖြင့် ဆုဖလားအောင်ပွဲနှင့် ဝေးကွာနေခဲ့သည်မှာ (၅၈)နှစ် ကြာမြင့်နေခဲ့ပြီဖြစ်သည်။

ထို့ကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ချန်ပီယံဆုဖလား ရယူနိုင်ရန်အတွက် ဆုကြေးမက်လုံးများ ပိုမိုတိုးမြှင့်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent