ဖိုဒန်ကို ဗြိတိန်ကစားသမားများထဲတွင် အမြင့်ဆုံးလစာနှုန်းထားဖြစ်စေမည့် တစ်ပတ်ပေါင်(၃၇၅၀၀၀)ဖြင့် စာချုပ်သစ်ချုပ်ဆိုရန် မန်စီးတီး စီစဉ်နေ

ဖိုဒန်ကို ဗြိတိန်ကစားသမားများထဲတွင် အမြင့်ဆုံးလစာနှုန်းထားဖြစ်စေမည့် တစ်ပတ်ပေါင်(၃၇၅၀၀၀)ဖြင့် စာချုပ်သစ်ချုပ်ဆိုရန် မန်စီးတီး စီစဉ်နေ
Photo : Getty Images
Photo : Getty Images
Published 10 June 2024

မန်စီးတီးအသင်းသည် အင်္ဂလန်ကွင်းလယ်ကစားသမား ဖိုဒန်ကို ဗြိတိန်ကစားသမားများထဲတွင် အမြင့်ဆုံးလစာနှုန်းထားဖြစ်စေမည့် တစ်ပတ်ပေါင်(၃၇၅၀၀၀)ဖြင့် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

အသင်း၏ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသည့် ဖိုဒန်(၂၄ နှစ်)ကို ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းထွက်လာသည့်အတွက် မန်စီးတီးအသင်းက သက်တမ်းတိုးစာချုပ်သစ် ပြင်ဆင်ချုပ်ဆိုရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ ဖိုဒန်သည် မန်စီးတီးအသင်း၏ အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၇-၁၈ ရာသီမှစ၍ အသင်းတွင် နေရာရလာခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီ၌ ပြိုင်ပွဲစုံ(၅၂)ပွဲတွင် (၂၇)ဂိုးသွင်းယူကာ အကောင်းဆုံးခြေစွမ်းပြခဲ့သည်။ ထို့ကြောင့် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုနှင့် ဘောလုံးကလောင်ရှင်များအဖွဲ့မှ ရွေးချယ်ချီးမြှင့်သော အကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့သည်။ ဖိုဒန်သည် မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး လက်ရှိအချိန်၌ တစ်ပတ်လျှင် ပေါင်(၂၀၀၀၀၀)သာ ရရှိနေကြောင်း သိရသည်။ ယင်းအတွက် မန်စီးတီးအသင်းက အခြားအသင်းများထံ အလွယ်တကူ ဆုံးရှုံးမသွားရစေရန်အတွက် စံချိန်တင်လစာနှုန်းထားပေးချေ၍ သက်တမ်းတိုး စာချုပ်သစ် ပြင်ဆင်ချုပ်ဆိုသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရာသီမှ မှတ်တမ်းများအရ ပရီးမီးယားလိဂ်တွင် လစာအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူမှာ မန်စီးတီးအသင်းမှ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းနားဖြစ်ပြီး တစ်ပတ်ပေါင်(၄၀၀၀၀၀)ရရှိနေခြင်း ဖြစ်ကြောင်း သိရသည်။ ဗြိတိန်ကစားသမားများထဲမှ လစာအများဆုံးရရှိနေသူမှာ ချယ်လ်ဆီးတောင်ပံကစားသမား စတာလင်နှင့် မန်ယူတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်တို့ဖြစ်ကြောင်း သိရသည်။ ယခုအခါ မန်စီးတီးအသင်းက ဖိုဒန်ကို ဗြိတိန်ကစားသမားများထဲ၌ လစာအများဆုံးရရှိသူဖြစ်စေမည့် တစ်ပတ်ပေါင်(၃၇၅၀၀၀)ဖြင့် စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။ မန်စီးတီးအသင်းသည် ဖိုဒန်ကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုသွားရန် စီစဉ်နေခြင်းဖြစ်သောကြောင့် ဖိုဒန်သာ လက်ခံခဲ့ပါက မန်စီးတီးအသင်းတွင် အသက်(၃၀)အရွယ်အထိ ဆက်ရှိသွားရမည့်အခြေအနေဖြစ်သည်။ ဖိုဒန်သည် လက်ရှိအချိန်တွင် အင်္ဂလန်လက်ရွေးစင်အသင်းနှင့်အတူ ယူရို-၂၀၂၄ ပြိုင်ပွဲ  ဆင်နွှဲရမည်ဖြစ်သောကြောင့် မန်စီးတီးအသင်းက ယူရိုပြိုင်ပွဲပြီးဆုံးမှသာ စာချုပ်သစ်အတွက် ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဖိုဒန်ကို ခေါ်ယူရန်  လက်ရှိအချိန်၌ ရီးယဲလ်မက်ဒရစ်အပါအဝင် ဥရောပထိပ်တန်းကလပ်အသင်းအချို့က စိတ်ဝင်စားနေသော်လည်း ၎င်းကမူ မိမိ၏အနာဂတ်ကို မန်စီးတီးဝတ်စုံနှင့်သာ တွေးကြည့်၍ ရကြောင်း ပြောကြားခဲ့သည်။ ဖိုဒန်သည် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံပွဲ(၂၇၀) ကစားပေးထားပြီး ဆုဖလား(၁၅)လုံး ရယူထားနိုင်ပြီဖြစ်သည်။

Most Read

Most Recent