စစ်ပွဲများ၊ အကြမ်းဖက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အိမ်ပစ်ရာပစ်ထွက်ပြေးခဲ့ရသူပေါင်း သန်း ၁၂၀ အထိရှိလာကြောင်း UNHCR ထုတ်ပြန်

စစ်ပွဲများ၊ အကြမ်းဖက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အိမ်ပစ်ရာပစ်ထွက်ပြေးခဲ့ရသူပေါင်း သန်း ၁၂၀ အထိရှိလာကြောင်း UNHCR ထုတ်ပြန်
ဇွန် ၁၂ ရက်က ဂါဇာကမ်းမြောင်ဒေသ၏ အယ်ဘာရာ့ဂျ်ဒုက္ခသည်စခန်းတွင်  အဆောက်အအုံပျက်အတွင်း၌ ထိုင်နေသည့် ပါလက်စတိုင်း မိန်းကလေးတစ်ဦးကို တွေ့ရစဉ်(Photo: AFP)
ဇွန် ၁၂ ရက်က ဂါဇာကမ်းမြောင်ဒေသ၏ အယ်ဘာရာ့ဂျ်ဒုက္ခသည်စခန်းတွင်  အဆောက်အအုံပျက်အတွင်း၌ ထိုင်နေသည့် ပါလက်စတိုင်း မိန်းကလေးတစ်ဦးကို တွေ့ရစဉ်(Photo: AFP)
Published 13 June 2024

စစ်ပွဲများ၊ အကြမ်းဖက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသူပေါင်း သန်း ၁၂၀ ခန့်အထိရှိလာခဲ့ကြောင်း ကုလသမဂ္ဂ၏ ဒုက္ခသည်ဆိုင်ရာအေဂျင်စီဖြစ်သည့် UNHCR က ဇွန် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဂါဇာ၊ ဆူဒန်နှင့် မြန်မာနိုင်ငံတို့ကဲ့သို့ ပဋိပက္ခဖြစ်ပွားနေသည့် နေရာများတွင် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်နေရသူများ ပိုမိုများပြားလာမှုနှင့်အတူ ကမ္ဘာတစ်ဝန်းတွင် ခြိမ်းခြောက်ခံရမှုများကြောင့် အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်း ရှောင်နေရသူအရေအတွက်သည် နောက်တစ်ကြိမ် စံချိန်တင်မြင့် တက်လာခဲ့သည်ဟု UNHCR ကပြောသည်။

လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ အိမ်ပစ်ရာပစ်ထွက် ပြေးတိမ်းရှောင်ခဲ့ရသူအရေအတွက်သည် ဂျပန်နိုင်ငံ၏ လူဦးရေနှင့် တူညီလာခဲ့ပြီဖြစ်ကြောင်း UNHCR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပဋိပက္ခဟာ လူအများအပြားကို အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်စေရတဲ့ အကြီးမားဆုံး အကြောင်းရင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်”ဟု UNHCR အကြီးအကဲ ဖိလစ်ပိုဂရန်ဒီက သတင်းထောက်များကို ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ကမ္ဘာတစ်ဝန်း အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသူအရေအတွက်သည် ၁၁၇ ဒသမ ၃ သန်း ခန့်ရှိခဲ့သည်ဟု UNHCR က သတင်းထုတ်ပြန်ခဲ့သည်။

ယခုနှစ်ဧပြီလကုန်ပိုင်းတွင်မူ အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်သူများ ပိုမိုများပြားခဲ့ပြီး ခန့်မှန်းခြေလူပေါင်း သန်း ၁၂၀ အထိ ရှိလာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုအရေအတွက်သည် အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်ခဲ့သူ သန်း ၁၁၀ ရှိခဲ့သည့် ပြီးခဲ့သည့်နှစ်ကထက် ပိုမိုမြင့်တက်ခဲ့ခြင်းဖြစ်ပြီး ၁၂ နှစ်ဆက်တိုက် မြင့်တက်မှုဖြစ်သည်ဟု UNHCR က ပြောသည်။

ဂရန်ဒီက သူတာဝန်ထမ်းဆောင်ခဲ့သည့် လွန်ခဲ့သည့်ရှစ်နှစ်က အိမ်ပစ်ရာပစ်ထွက် ပြေးတိမ်းရှောင်နေရသူအရေအတွက် မြင့်တက်လာမှုကို ထိတ်လန့်ခဲ့မိကြောင်း အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ထိုအချိန်ကစပြီး အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်နေရသူအရေအတွက်သည် နှစ်ဆကျော်မြင့်တက်လာခဲ့ပြီး ထိတ်လန့်စရာကောင်းသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပဋိပက္ခများ သိသာစွာမြင့်တက်လာမှုကို ဂရန်ဒီက ထောက်ပြခဲ့ပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် ကမ္ဘာ့လူဦးရေ၏ လှုပ်ရှားမှုအပေါ် မည်သို့သက်ရောက်သည်ဆိုသည့်အချက်နှင့် ပဋိပက္ခများကို ဖြစ်စေခဲ့ သည့်အချက်ကို အလေးထားပြောဆိုခဲ့သည်။

UNHCR သည် ပြီးခဲ့သည့်နှစ်က နိုင်ငံပေါင်း ၂၉ နိုင်ငံတွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာချက် ၄၃ ကြိမ် ကြေညာခဲ့သည်။

ထို့ကြေညာချက်ထုတ်ပြန်သည့် အရေအတွက်သည် မကြာသေးမီနှစ်များအတွင်း ထုတ်ပြန်ခဲ့သည့် အရေအတွက်ထက် လေးဆကျော်မြင့်တက်ခဲ့သည်ဟု ဂရန်ဒီကသတင်းထောက်များကို ပြောကြားခဲ့သည်။

သီးခြားအခြေအနေတစ်ခုအဖြစ် ပဋိပက္ခများဖြစ်ပွားနေမှုသည် နိုင်ငံတကာဥပဒေကို အလုံးစုံချိုးဖောက်နေခြင်းဖြစ်ပြီး လူသားများကို အကြမ်းဖက်ရန်ရည်ရွယ်ချက်များပင်ရှိခဲ့ကာ အိမ်ပစ်ရာပစ်ထွက်ပြေးတိမ်းရှောင်သူများကို ပိုမိုများပြားစေကြောင်း ဂရန်ဒီက ပြောကြားခဲ့သည်။                         Ref: AFP

Most Read

Most Recent