ဖားကန့်တွင် မြေစာပြိုကျလို့ လက်ကျင်းတူးကျောက်ရှာဖွေသူအမျိုးသားတစ်ဦး သေဆုံး

ဖားကန့်တွင် မြေစာပြိုကျလို့ လက်ကျင်းတူးကျောက်ရှာဖွေသူအမျိုးသားတစ်ဦး သေဆုံး
Published 13 June 2024

ကချင်​​ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းမှော်ကျေးရွာ အနောက်ဘက်အခြမ်းရှိ ကျောက်ကမ်းပါးတွင် မြေစာပြိုကျရာမှ လက်ကျင်းတူးရေမဆေးကျောက်ရှာဖွေသူ အမျိုးသားတစ်ဦး သေဆုံးမှု ဇွန် ၁၃ ရက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၃ ရက် နံနက် ၉ နာရီခန့်က သာယာကုန်းကျေးရွာ အနောက်ဘက်အခြမ်းကျောက်ကမ်းပါးအား လက်ကျင်းတူးကျောက်ရှာဖွေနေစဉ် မြေစာပြိုကျပိမိရာမှ ကျင်းတူးနေသူ သေဆုံးခဲ့ခြင်းဖြစ်သည်။

" ပြိုတာက ​မြင့်တယ်။ပေနှစ်ရာကျော်မယ်။မများဘူး။ ဒဲ့ထိရင် လေးယောက်စလုံးမလွယ်ဘူး။အခုက တစ်ယောက်ဆုံးတယ်။ သုံးယောက်က ဒဏ်ရာပြင်းတယ်။ပွင်းလင်းရာသီတော့ စက်ကြီးဝင်တဲ့နေရာပဲ။ အခုက လိုင်းကြီးတွေနားလို့ လက်အဖွဲ့တွေဝင်တူးနေတာ"ဟု မျက်မြင်တွေ့ရှိသူက ဆိုသည်။

သေဆုံးသူဟာ အသက် ၃၀ အရွယ်ခန့်၊အမျိုးသားတစ်ဦးဖြစ်ပြီး၊ ၎င်းနဲ့ပါတ်သတ်တဲ့ ကိုယ်ရေးအချက်အလက်ကိုတော့ ကျင်းဦးဆောင်တူးသူ လောပန်းက မပြောလိုကြောင်း နီးစပ်သူများက ဆိုသည်။

"ကလေးမိဘတွေက မမုန်၊စပေါ့ဘက်နေကြတာ။အလောင်းက မိဘဆီပဲ သယ်သွားကြတယ်။ ကယ်ဆယ်ရေးတွေ​တောင် ဘာမှလုပ်ခိုင်းတာ မတွေဘူး"ဟု ဆိုသည်။

ဖားကန့်ဒေသသည် မိုးရာသီတွင် နှစ်စဉ် မြေပြိုသေဆုံးမှုများသည့် ဒေသတစ်ခုဖြစ်ပြီး ၂၀၁၂ခုနှစ် မှ  ၂၀၂၁ ခုနှစ်အထိ နှစ်စဉ် လူတစ်ရာကျော် သေဆုံးနေခြင်းဖြစ်သည်။

Most Read

Most Recent