ဘီးလင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု၊ ပေါက်ကွဲကျေးရွာရှိ နာရေးအိမ်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာမှ အမျိုးသားနှစ်ဦး သေဆုံးကာ၊ အမျိုးသမီးတစ်ဦးနှင့် ၁၃ နှစ်အရွယ် ယောက်ျာလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့

ဘီးလင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု၊ ပေါက်ကွဲကျေးရွာရှိ နာရေးအိမ်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာမှ အမျိုးသားနှစ်ဦး သေဆုံးကာ၊ အမျိုးသမီးတစ်ဦးနှင့် ၁၃ နှစ်အရွယ် ယောက်ျာလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့
Photo: CJ
Photo: CJ
Published 10 June 2024

ဘီးလင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု၊ ပေါက်ကွဲရွာရှိ နာရေးအိမ်တွင် ဇွန်လ(၉) ရက်၊ မွန်းလွဲပိုင်းက ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာမှ အမျိုးသားနှစ်ဦး သေဆုံးကာ၊ အမျိုးသမီးတစ်ဦးနှင့် ၁၃ နှစ်အရွယ် ယောက်ျာလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ယမန်နေ့ ဇွန်လ (၉) ရက် မွန်းလွဲ(၂) နာရီအချိန်ခန့်က အဆိုပါ ပေါက်တောကျေးရွာအုပ်စု၊ ပေါက်ကွဲကျေးရွာရှိ ဦးမင်းမင်းစိုးဆိုသူ၏ နေအိမ်၌ ဖခင်ဖြစ်သူအတွက်နာရေးပြုလုပ်နေစဉ် ကားတစ်စီးဖြင့် လက်နက်ကိုင်ငါး ဦးခန့်ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အဲ့ဒီကားက ကင်းရွာကျေးရွာနဲ့ ပေါက်တောကျေးရွာချင်းဆက် လမ်းအတိုင်းမောင်းလာပြီးတော့ ကိုမင်းမင်းစိုးရဲ့ အိမ်အနီးမှာရပ်လိုက်တယ်။ ပြီးတော့ ကားပေါ်ကနေ သေနတ်နဲ့ လူနှစ်ယောက်ဆင်းလာပြီးတော့ ပစ်ခတ်သွားတာတယ်။ ပြီးတော့ ကားက လာရာလမ်းအတိုင်းပြန်ထွက်သွားတာဟုပြောကြားသည်။

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဘီးလင်းမြို့နယ် ကန်သာယာရပ်ကွက်နေ အသက်(၅၃)နှစ်အရွယ် ဦးဇော်မျိုးဝင်း (ခ) ဦးဇော်မျိုးမှာ ညာဘက်ပါးကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်၊ ဘယ်ဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ နဖူးတွင်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ပင်သေဆုံးခဲ့ကြောင်း၊ထို့အပြင် ဇုတ်သုတ်ကျေးရွာနေ အသက်(၃၇)နှစ်အရွယ် ကိုရန်နိုင်လင်း(ခ)သံကွင်း ဆိုသူမှာလည်း ဘယ်ဘက်လက်မောင်ကျည်ဖောက်ဝင်ဒဏ်ရာ  တစ်ချက်၊ ညာဘက်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင်သေဆုံးခဲ့ကြောင်း ၎င်းဒေသခံက ဆိုသည်။

ထို့အပြင် ဇုတ်သုတ်ကျေးရွာနေ အသက် (၃၀) နှစ်ခန့်ရှိ မဇင်မာဆိုသူတွင် ညာဘက်ခြေသလုံး ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ပေါက်ကွဲကျေးရွာနေ အသက်(၁၃) နှစ်အရွယ် မောင်ရဲထွဋ်နောင် တွင်လည်း ညာဘက်ခြေသလုံး ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး၊ ၎င်းတို့နှစ်ဦးမှာ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြကြောင်း သိရသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း လုပ်ကြံပစ်ခတ်မှုများမကြာခဏဖြစ်ပွားလေ့ရှိရာ၊ ပြီးခဲ့သည့် မေလ (၁၄) ရက်က ဘီးလင်းမြို့နယ် ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ကော့ကမယ်ကျေးရွာရှိ “ကောင်းမြတ်ပြည့်စုံ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်ဖြစ်သူ ဦးနိုင်လင်းထွန်း(ခ)ကိုနိုင်ဆိုသူနှင့် ဇုတ်သုတ်ကျေးရွာနှင့် ဇုတ်ကလိကျေးရွာကြားရှိ “စံပြစက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်ဖြစ်သူ ဦးအောင်ထွေး(ခ)ကိုမွန်ကြီး တို့နှစ်ဦးသည်လည်းကောင်း၊ မေလ (၂၃) ရက်နေ့က ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ၊ ရွာကြီးတောင်ပိုင်းနေ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်သူ ဦးသက်လွင်ဦးသည်လည်းကောင်း၊ ယခု ဇွန်လ (၆) ရက်နေ့က ဘီးလင်းမြို့နယ် ယွန်းဒလင်းကုန်းကျေးရွာလမ်းဆုံအနီးတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ တပ်ကြပ်ကြီးတင်လှ သည်လည်းကောင်း လုပ်ကြံပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

 

Most Read

Most Recent