ONE Championship က ပွဲမစီစဉ်ပေးသေးသည့်အပေါ် ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန် မချိတင်ကဲညည်းတွား

ONE Championship က ပွဲမစီစဉ်ပေးသေးသည့်အပေါ် ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန် မချိတင်ကဲညည်းတွား
Photo: Aung La Nsang Facebook
Photo: Aung La Nsang Facebook
Published 3 June 2024

ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်သည် ONE Championship က လက်ရှိအချိန်အထိ  ပွဲမစီစဉ်ပေးသေးသည့်အပေါ် သူ၏ Facebook လူမှုကွန်ရက်မှနေ၍ မချိတင်ကဲညည်းတွား ပြောဆိုခဲ့သည်။

အောင်လအန်ဆန်က ''ငါ ပြင်းပြင်းထန်ထန် လေ့ကျင့်နေတယ်။ စိတ်ရှည်ရှည်နဲ့ စောင့်တယ်။ ဒါပဲ ငါ လုပ်နိုင်တယ်''ဟု ညည်းတွားပြောဆိုခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့်ဇန်နဝါရီအတွင်းက ONE Championship နှင့် ခြောက်ပွဲထိုးသတ်ရန် သဘောတူညီမှုရရှိခဲ့ပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားခဲ့သည်။

ယင်းစာချုပ်ပါအချက်များအရ ONE Championship သည် အောင်လအန်ဆန်ကို ၁၂ လအတွင်း သုံးပွဲထိုးသတ်ရန် စီစဉ်ပေးရမည့်အချက် ပါဝင်ကြောင်း သိရသည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ပွဲထိုးသတ်ရန် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း နှင့် မကြာမီ သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သူ၏ Facebook လူမှုကွန်ရက်မှနေ၍ ပရိသတ်များကို အသိပေးခဲ့သည်။

သို့ သော် ONE Championship သည် ယခု ဇွန်လဆန်းပိုင်းရောက်လာသည့်တိုင် အောင်လအန်ဆန်၏ပွဲကို သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ထို့ကြောင့် အောင်လအန်ဆန်သည် ပြီးခဲ့သည့်ရက်ပိုင်းက သူ၏  Facebook လူမှုကွန်ရက်မှနေ၍မချိတင်ကဲညည်းတွား ပြောဆိုခဲ့ခြင်းဖြစ်သည်။

ONE Championship ၏ CEO ဖြစ်သူ ချက်ထရီကမူ အောင်လအန်ဆန်ပွဲကို ဇွန်၊ ဇူလိုင်အတွင်း မြင်တွေ့ရမည်ဟု အစောပိုင်းက ပရိသတ်များနှင့် အွန်လိုင်းမှပြုလုပ်သည့် တွေ့ဆုံမှုတွင် ထည့်သွင်းပြောကြားထားသည်။

အစောပိုင်းက အောင်လအန်ဆန်သည် လာမည့်ဇွန် ၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်မည့် ONE 167 ပြိုင်ပွဲတွင် ပါဝင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီအတွင်းက  ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ONE Fight Night 6 ပြိုင်ပွဲတွင် ဘရာဇီးလ်ဖိုက်တာ ဂီလ်ဗာအိုကို အလဲထိုးဖြင့် အနိုင်ရခဲ့ပြီး ယင်းပွဲကို ထိုင်းနိုင် ငံနှင့် မြန်မာနိုင်ငံမှ အောင်လအန်ဆန်ပရိသတ်အများအပြား လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent