ရာသီအကုန်ပိုင်းတွင် မိမိတို့အသင်း၏အကောင်းဆုံးပုံစံအား မြင်ရမည်ဟု ပြိုင်ဘက်အသင်းများကို မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီ သတိပေး

ရာသီအကုန်ပိုင်းတွင် မိမိတို့အသင်း၏အကောင်းဆုံးပုံစံအား မြင်ရမည်ဟု ပြိုင်ဘက်အသင်းများကို မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီ သတိပေး
Photo : Getty Images
Photo : Getty Images
Published 21 March 2024

မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီက ယခုရာသီအကုန်ပိုင်းတွင်  မိမိတို့အသင်း၏ အကောင်းဆုံးပုံစံအား မြင်ရလိမ့်မည်ဟု ပြိုင်ဘက်အသင်းများကို သတိပေးပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီတွင် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နှင့် FA ဖလားတို့ကို ရရှိခဲ့သည့် မန်စီးတီးအသင်းသည် ယခုရာသီတွင်လည်း အဆိုပါဖလား (၃)လုံးစလုံးကို ရရှိရန် ရေပန်းအစားဆုံးဖြစ်နေသည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၈)အပြီးတွင် ရမှတ် (၆၃)မှတ်ဖြင့် အဆင့် (၃)၌ ရပ်တည်နေသော်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်(၆၄ မှတ်)နှင့် (၁)မှတ်သာ ကွာဟသည်။

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်၊ FA ဖ လားဆီမီးဖိုင်နယ်တွင် ချယ်လ်ဆီးအသင်းတို့နှင့်တွေ့ဆုံနေသည်။ မန်စီးတီးအသင်းသည် နိုင်ငံတကာရက် သတ္တပတ်အပြီးတွင် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အာဆင်နယ်ကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။

ရိုဒရီက "နိုင်ငံတကာရက်သတ္တပတ်က ကျွန်တော်တို့ကို ပိုကောင်းစေမှာပါ။ ရာသီအကုန်ပိုင်းမှာ မန်စီးတီးအသင်းရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့ရပါလိမ့်မယ်။ မန်စီးတီးက ရာသီကုန်ခါနီးတိုင်းမှာ အဲဒီလိုလုပ်ပြနေကျပါပဲ။ ကျွန်တော်တို့ရဲ့နည်းပြ၊ ကျွန်တော်တို့အသင်းရဲ့ အဆင့်အတန်း၊ ကျွန်တော်တို့ကစားသမားတွေကိုယ်တိုင်၊ အတွေ့အကြုံတွေကြောင့် ရာသီကုန်ပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းပါတယ်"ဟု ပြောကြားခဲ့သည်။