■ ချယ်လ်ဆီးအသင်းနည်းပြဟောင်းများ ကံကြမ္မာဆိုးရင်ဆိုင်နေရပြီး အမြဲတမ်းနည်းပြအဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူ ၁၀ ဦးစလုံး လာမည့်နွေရာသီတွင် အသင်းလက်မဲ့အခြေအနေ ရင်ဆိုင်နေရ

■ ချယ်လ်ဆီးအသင်းနည်းပြဟောင်းများ ကံကြမ္မာဆိုးရင်ဆိုင်နေရပြီး အမြဲတမ်းနည်းပြအဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူ ၁၀ ဦးစလုံး လာမည့်နွေရာသီတွင် အသင်းလက်မဲ့အခြေအနေ ရင်ဆိုင်နေရ
Photo: Daily Mail
Photo: Daily Mail
Published 19 March 2024

■ ချယ်လ်ဆီးအသင်းနည်းပြဟောင်းများ ကံကြမ္မာဆိုးရင်ဆိုင်နေရပြီး အမြဲတမ်းနည်းပြအဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူ ၁၀ ဦးစလုံး လာမည့်နွေရာသီတွင် အသင်းလက်မဲ့အခြေအနေ ရင်ဆိုင်နေရ

ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ဖူးသည့် နည်းပြဟောင်းများအနေဖြင့် ကံကြမ္မာဆိုးရင်ဆိုင်နေရပြီး အမြဲတမ်းနည်းပြအဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူ ၁၀ ဦးစလုံး လာမည့်နွေရာသီတွင် အသင်းလက်မဲ့အခြေအနေ ရင်ဆိုင်နေရကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် အသင်းပိုင်ရှင်ဟောင်း ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်လက်ထက်တွင် နည်းပြအပြောင်းအလဲများစွာ ပြုလုပ်ခဲ့ဖူးသလို အသင်းပိုင်ရှင်သစ် အမေရိကန်ဘီလျံနာ တော့ဒ်ဘိုလီလက်ထက်တွင်လည်း နှစ်ရာသီအတွင်းမှာပင် အမြဲတမ်းနည်းပြနှစ်ဦးနှင့် ယာယီနည်းပြတစ်ဦး အပြောင်းအလဲ ပြုလုပ်ထားပြီး လက်ရှိနည်းပြဖြစ်သူ ပိုချက်တီနိုမှာ တတိယမြောက် အမြဲတမ်းနည်းပြဖြစ်သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်တွင် လာဇီယိုအသင်း နည်းပြ ဆာရီ ရာထူးမှနုတ်ထွက်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းအား အမြဲတမ်းနည်းပြအဖြစ် နောက်ဆုံးကိုင်တွယ်ခဲ့သူများ၏ ကံကြမ္မာကို ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာနက ယခုလို ဖော်ပြခဲ့ခြင်း ဖြစ်သည်။

မော်ရင်ဟိုလက်သစ်ဟု တင်စားခံရသူ ပေါ်တူဂီနည်းပြ ဗီလက်စ်ဘိုအာစ် (၄၆ နှစ်)မှာ ချယ်လ်ဆီးအသင်းအား ၂၀၁၁ ခုနှစ် ဇွန်လမှ ၂၀၁၂ ခုနှစ် မတ်လအထိ ကိုင်တွယ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် မာဆေးလ်အသင်းမှ နုတ်ထွက်ပြီးနောက် နည်းပြလောကနှင့် ဝေးကွာနေသည်။

၎င်း၏နေရာတွင် ယာယီအဖြစ် တာဝန်ယူရသူ အီတလီနည်းပြ ဒီမတ်တီယို(၅၃ နှစ်)မှာ ချန်ပီယံလိဂ် နှင့် FA ဖလား ရယူပေးနိုင်သဖြင့် အမြဲတမ်းနည်းပြ ပြောင်းလဲခန့်အပ်ခံရသော်လည်း နိုဝင်ဘာတွင် ထုတ် ပယ်ခံရပြီး လက်ရှိတွင် နည်းပြမဟုတ်ဘဲ တောင်ကိုရီးယားကလပ် ဂျောင်ဘွတ်မော်တာအသင်း နည်းစနစ်အကြံပေးအဖြစ် ဆောင်ရွက်နေသည်။

ဒီမတ်တီယို၏နေရာတွင် ရာသီကုန်အထိ ကာလတိုကိုင်တွယ်ခဲ့သူ စပိန်နည်းပြ ဘင်နီတက်ဇ် (၆၃ နှစ်)မှာလည်း ပြီးခဲ့သည့် မတ် ၁၂ ရက်တွင် ဆယ်လ်တာဗီဂိုအသင်း နည်းပြ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာအထိ ဒုတိယအကြိမ် ကိုင်တွယ်ခဲ့သူ ပေါ်တူဂီနည်းပြ မော်ရင်ဟို (၆၁ နှစ်) မှာ ဇန်နဝါရီလအတွင်း ရိုးမားအသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည်။

မော်ရင်ဟို၏နေရာတွင် ကာလတိုအဖြစ် ဒုတိယအကြိမ် ကိုင်တွယ်ခဲ့သူ ဒတ်ချ်နည်းပြ ဂူဟစ်ဒင့် (၇၇ နှစ်) မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် နည်းပြဘဝမှ အနားယူခဲ့သည်။

၂၀၁၆ ခုနှစ် ဇူလိုင်မှ ၂၀၁၈ ခုနှစ် ဇူလိုင်အထိ နှစ်ရာသီကိုင်တွယ်ခဲ့သည့် အီတလီနည်းပြ အန်တိုနီယို ကွန်တီ (၅၄ နှစ်) မှာ ၂၀၂၃ ခုနှစ် မတ်လတွင် စပါးအသင်းနှင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ် ဇူလိုင်မှ ၂၀၁၉ ခုနှစ် ဇွန်အထိ တစ်ရာသီကိုင်တွယ်ခဲ့သည့် အီတလီနည်းပြ ဆာရီ (၆၅ နှစ်) မှာ ပြီးခဲ့သည့် မတ် ၁၂ ရက်တွင် လာဇီယိုအသင်းနှင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ တစ်ရာသီခွဲကြာ ကိုင်တွယ်ခဲ့သူ အင်္ဂလန်နည်းပြ လမ်းပတ် (၄၅ နှစ်) မှာ ပြီးခဲ့သည့်ရာသီကုန်ပိုင်းတွင် ချယ်လ်ဆီးအသင်း (ယာယီ) နှင့် လည်းကောင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါ ရီမှ ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ ကိုင်တွယ်ခဲ့သူ ဂျာမနီနည်းပြ သောမတ်စ်တူဟယ်လ် (၅၀ နှစ်) မှာ ယခု ရာသီကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့်လည်းကောင်း၊ ၂၀၂၂ ခုနှစ် စက်တင်ဘာမှ ၂၀၂၃ ခုနှစ် ဧပြီအထိ ကိုင်တွယ်ခဲ့သည့် အင်္ဂလန်နည်းပြ ဂရေဟမ်ပေါ်တာ (၄၈ နှစ်)မှာ ချယ်လ်ဆီးအသင်းနှင့်လည်းကောင်း လမ်းခွဲထားရသည်။

Most Read

Most Recent