တူရကီစူပါလိဂ်ပွဲစဉ်ဖြစ်သည့် ထရက်ဇွန်စပေါ်-ဖီနာဘာချီပွဲအပြီးတွင် အိမ်ရှင်အသင်းပရိသတ်များက ကွင်းအတွင်းဝင်ရောက်၍ ဖီနာဘာချီကစားသမားများအား တိုက်ခိုက်မှုဖြစ်ပွား

တူရကီစူပါလိဂ်ပွဲစဉ်ဖြစ်သည့် ထရက်ဇွန်စပေါ်-ဖီနာဘာချီပွဲအပြီးတွင် အိမ်ရှင်အသင်းပရိသတ်များက ကွင်းအတွင်းဝင်ရောက်၍ ဖီနာဘာချီကစားသမားများအား တိုက်ခိုက်မှုဖြစ်ပွား
Photo: Getty Images
Photo: Getty Images
Published 19 March 2024

တူရကီစူပါလိဂ်ပွဲစဉ်ဖြစ်သည့် ထရက်ဇွန်စပေါ်-ဖီနာဘာချီပွဲအပြီးတွင် အိမ်ရှင်အသင်းပရိသတ်များက ကွင်းအတွင်းဝင်ရောက်၍ ဖီနာဘာချီကစားသမားများအား တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် ပွဲစဉ် ၃၀ အဖြစ် မတ် ၁၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ပွဲအပြီးတွင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် ဧည့်သည်ဖီနာဘာချီအသင်းက (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဂိုးများကို မန်ယူအသင်း ကွင်းလယ်လူဟောင်း ဖရက်ဒ်က ၁၃၊ ၄၅+၄ မိနစ်တွင် နှစ်ဂိုးနှင့် ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဘတ်ရှူအာယီက ၈၇ မိနစ်တွင် သွင်းယူပေးခဲ့သည်။

ဖီနာဘာချီအသင်းအတွက် အနိုင်ဂိုးကို ဘတ်ရှူအာယီသွင်းယူပြီးနောက် တင်းမာမှုများစတင်ဖြစ်ပေါ်လာပြီး ပရိသတ်များက ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

ပွဲအပြီးတွင် ဖီနာဘာချီအသင်းကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များ ကွင်းလယ်စက်ဝိုင်းအတွင်း စုဝေးအောင်ပွဲခံနေစဉ် မျက်နှာဖုံးစွပ်ထားသည့် ပရိသတ်တစ်ဦး စတင်ပြေးဝင်လာခဲ့သည်။

၎င်းအား လုံခြုံရေးများက တားဆီးနိုင်ခြင်းမရှိသဖြင့် ဖီနာဘာချီကစားသမားများအနီးသို့ ရောက်ရှိလာပြီး တိုက်ခိုက်မည့်ပုံစံပြုလုပ်နေသောကြောင့် ဖီနာဘာချီအသင်းနောက်ခံလူ ဘရိုက်အိုဆာယီဆမ်မြူရယ်က တုံ့ပြန်ထိုးကြိတ်ခဲ့သည်။

ယင်းအခြေအနေတွင် ပွဲကြည့်စင်ပေါ်မှ ပရိသတ်အများအပြား ကွင်းအတွင်းသို့ပြေးဝင်လာပြီး ဖီနာဘာချီအသင်းကစားသမားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုဖိုင်တစ်ခုတွင် ဘတ်ရှူအာယီက ၎င်းအနီးသို့ပြေးလာသည့် ပရိသတ်အား နောက်ပြန်လှည့်၍ အမြင့်ကန်ချက်ဖြင့် ကန်ရန် ကြိုးပမ်းသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

ထို့နောက် လုံခြုံရေးများက ဖီနာဘာချီကစားသမားများ အဝတ်လဲခန်းအတွင်း ဝင်ရောက်နိုင်ရန် ကာကွယ်ပေးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ တူရကီပြည်ထဲရေးဝန်ကြီး အလီယာလီကာယာက ''ယနေ့ ညနေပိုင်းကစားခဲ့တဲ့ ထရက်ဇွန်စပေါ် -ဖီနာဘာချီပွဲအပြီးမှာ ကွင်းအတွင်းဝင်လာတဲ့ ပရိသတ်တွေကို ဖော်ထုတ်သွားမှာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုကိုလည်း ပွဲအပြီးမှာပဲ ချက်ချင်းစတင်သွားမှာပါ။ အားကစားဆိုတာ ယဉ်ကျေးသိမ်မွေ့ခြင်းဖြစ်ပါတယ်။ ဘောလုံးကွင်းတွေမှာ အကြမ်းဖက်မှုကျူးလွန်တာကို လက်ခံနိုင်စရာ လုံးဝမရှိပါဘူး။ တိုးတက်လာတဲ့အခြေအနေကို ပြည်သူတွေဆီ အသိပေးသွားမှာပါ'' ဟု လူမှုမီဒီယာ X မှတစ်ဆင့် ပြောကြားသည်။

တူရကီစူပါလိဂ်ပြိုင်ပွဲမှာ ယခုရာသီတွင် အငြင်းပွားဖွယ်ဖြစ်ရပ်များ ကြုံတွေ့နေရပြီး ဒီဇင်ဘာလအတွင်း အန်ကာရာဂူဂျူ-ရီဇီစပေါ်ပွဲအပြီးတွင် အန်ကာရာဂူဂျူအသင်းဥက္ကဋ္ဌ ဖာရွတ်ကိုဂျာက ကွင်းအတွင်းဝင်ရောက်၍ ကွင်းလယ်ဒိုင် ဟာလီလ်အူမွတ်မီလာ၏မျက်နှာကို ထိုးကြိတ်ခဲ့သောကြောင့် တစ်သက်တာပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။

Most Read

Most Recent