ဗင်နီစီယပ်စ်ကို အက်သလက်တီကိုပရိသတ်များ လူမျိုးရေးခွဲခြားမှုအတွက် အစီရင်ခံစာပေးပို့၍ တိုင်ကြားမည်ဖြစ်ကြောင်း လာလီဂါပြိုင်ပွဲ ထုတ်ပြန်

ဗင်နီစီယပ်စ်ကို အက်သလက်တီကိုပရိသတ်များ လူမျိုးရေးခွဲခြားမှုအတွက် အစီရင်ခံစာပေးပို့၍ တိုင်ကြားမည်ဖြစ်ကြောင်း လာလီဂါပြိုင်ပွဲ ထုတ်ပြန်
Photo: Goal.com
Photo: Goal.com
Published 16 March 2024

 

အက်သလက်တီကို-အင်တာမီလန် ချန်ပီယံလိဂ်ပွဲမတိုင်မီ အိမ်ရှင်အသင်းပရိသတ်များက မြို့ခံပြိုင်ဘက် ရီးယဲလ်အသင်းတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို လူမျိုးရေးခွဲခြားလှောင်ပြောင်ခဲ့ခြင်းအတွက် စပိန်အစိုးရရှေ့နေရုံးထံ အစီရင်ခံစာပေးပို့၍ တိုင် ကြားမည်ဖြစ်ကြောင်း လာလီဂါပြိုင်ပွဲက ထုတ်ပြန်ခဲ့သည်။

မတ် ၁၂ ရက်က ယှဉ်ပြိုင်ကစားသည့် ယင်းပွဲမတိုင်မီ ကွင်းအပြင်ဘက်တွင် ပရိသတ်အချို့က ဗင်နီစီယပ်စ်အား "ချင်ပန်ဇီ" ဟု အော်ဟစ်လှောင်ပြောင်၍ လူမျိုးရေးခွဲခြားမှုပြုလုပ်သည့် ဗီဒီယိုဖိုင်မှာ လူမှုမီဒီယာတွင် ပျံ့နှံ့လျက်ရှိသည်။ 

ထို့ကြောင့် လာလီဂါ ပြိုင်ပွဲက ယခုဖြစ်ရပ်ကို အစိုးရရှေ့နေရုံးထံ  အစီရင်ခံစာပေးပို့မည်ဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်မှာ လာလီဂါမဟုတ်ဘဲ အခြားပြိုင်ပွဲဖြစ်သလို ကွင်းအပြင်ဘက်၌ ကျူးလွန်ခြင်းဖြစ်သော်လည်း ဘောလုံးလောကအတွင်း အမုန်းတရားကင်းစင်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗင်နီစီယပ်စ်ကလည်း လူမျိုးရေးခွဲခြားခံရသည့် ဗီဒီယိုနှင့်ပတ်သက်၍ "ချန်ပီယံလိဂ် နဲ့ UEFA (ဥရောပဘောလုံးအဖွဲ့ချုပ်) အနေနဲ့ သူတို့ကိုချမှတ်မယ့် ပြစ်ဒဏ်အကြောင်း စဉ်းစားထားပြီးဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကျွန်တော်မပါတဲ့ပွဲမှာတောင်  အခုလိုဖြစ်တာက စိတ်မကောင်းစရာပါပဲ" ဟု လူမှုမီဒီယာ X  မှတစ်ဆင့် ပြောကြားခဲ့သည်။

ဗင်နီစီယပ်စ်သည် လာလီဂါပြိုင်ပွဲတွင် ပြိုင်ဘက်အသင်းပရိသတ်များ၏ ပစ်မှတ်ထား၍ လူမျိုးရေးခွဲခြားမှု အကြိမ်ကြိမ်ရင်ဆိုင်နေရပြီး ပြီးခဲ့သည့် ၁၈ လအတွင်း လူမျိုး ရေးခွဲခြားမှု ၁၀ ကြိမ်ဝန်းကျင် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

Most Read

Most Recent