၂၀၂၀ ခုနှစ်အတွက် Ballon d'Or ဆုကို မိမိရရှိသင့်ပြီး ပြန်လည်ပေးအပ်မည်ဆိုပါက လက်ခံသွားလိုသည်ဟု လီဝန်ဒေါစကီး ပြောကြား

၂၀၂၀ ခုနှစ်အတွက် Ballon d'Or ဆုကို မိမိရရှိသင့်ပြီး ပြန်လည်ပေးအပ်မည်ဆိုပါက လက်ခံသွားလိုသည်ဟု လီဝန်ဒေါစကီး ပြောကြား
Photo: X
Photo: X
Published 29 April 2024

ဘာစီလိုနာအသင်းမှ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးက ၂၀၂၀ ခုနှစ်အတွက် Ballon d'Or ဆုကို မိမိ ရရှိသင့်ပြီး ပြန်လည်ပေးအပ်ချီးမြှင့်မည်ဆိုပါက လက်ခံသွားလိုသည်ဟု ပြောကြားခဲ့သည်။

လီဝန်ဒေါစကီး(၃၅ နှစ်)သည် ၂၀၂၀ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်း၌ ရှိနေခဲ့ပြီး ၎င်းအနေဖြင့် အကောင်းဆုံးခြေစွမ်းပြနေသော အချိန်အခါလည်းဖြစ်သည်။

လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ၂၀၁၄-၁၅ ရာသီမှ ၂၀၂၁-၂၂ ရာသီအထိ ယှဉ်ပြိုင်ကစားခဲ့ရာတွင် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များမှာ ၎င်း၏ အကောင်းဆုံးခြေစွမ်းကို မြင်တွေ့ရချိန်ဖြစ်ကြောင်း ကျွမ်းကျင်သူအများစုက သုံးသပ်ထားသည်။

လီဝန်ဒေါစကီးသည် ၂၀၁၉-၂၀ ရာသီ၌ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဖလားသုံးလုံးအောင်ပွဲ ရယူနိုင်ခဲ့သလို၊ ပြိုင်ပွဲစုံ(၅၅)ဂိုးသွင်းယူကာ ကစားသမားဘဝတစ်လျှောက် ဂိုးသွင်းအများဆုံးရာသီကိုလည်း ပိုင်ဆိုင်ခဲ့သည်။

သို့သော် ယင်းရာသီတွင် ကိုဗစ်ကပ်ဘေးကြောင့် ပြင်သစ်လီဂူးပြိုင်ပွဲကို ပြိုင်ပွဲပြီးဆုံးသည်အထိ ကျင်းပနိုင်ခြင်းမရှိသောကြောင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းက Ballon d'Or  ဆုကိုလည်း ချီးမြှင့်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။

ထို့ ကြောင့် လီဝန်ဒေါစကီးအနေဖြင့် Ballon d'Or ဆု သေချာပေါက်ရရှိနိုင်မည့် အခွင့်အရေးနှင့် လွဲချော်ခဲ့ရသည်။

ထို့ ပြင် ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များတွင်လည်း ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ အသစ်ဖန်တီးချီးမြှင့်သည့် Ballon d'Or  အကောင်းဆုံးတိုက်စစ်မှူးဆုကိုသာ ရရှိခဲ့သည်။

၂၀၂၁ ခုနှစ်  Ballon d'Or ဆုကို PSG နှင့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ရရှိခဲ့ပြီး ၂၀၂၂ ခုနှစ် Ballon d'Or  ဆုကို ရီးယဲလ်နှင့် ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာက ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် ၎င်းကို ကျော်ဖြတ်ကာ မက်ဆီ Ballon d'Or  ဆုရရှိခဲ့ခြင်းအတွက် ဝေဖန်ပြစ်တင်မှုများစွာလည်း ထွက်ပေါ်ခဲ့သည်။

သို့သော် လီဝန်ဒေါစကီးက ၂၀၂၁ ခုနှစ်အတွက် Ballon d'Or  ဆုကို မက်ဆီ ရရှိသင့်သော်လည်း ၂၀၂၀ ခုနှစ်အတွက်မူ မိမိရရှိသင့်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

Bild နှင့်ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် လီဝန်ဒေါစကီးက ''Ballon d'Or  ဆုကို တစ်နေ့နေ့မှာ ရယူနိုင်ဖို့ ကျွန်တော် မျှော်လင့်ခဲ့ပါတယ်။ အဲဒီလိုဖြစ်မလာတဲ့အတွက် ဒေါသထွက်ရသလို၊ ဝမ်းလည်းနည်းရပါတယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကတော့ အဲဒီနှစ်(၂)နှစ်ထဲက တစ်နှစ်မှာ ကျွန်တော် ရရှိသင့်တယ်လို့ ထင်ပါတယ်။ ၂၀၂၀ နဲ့ ၂၀၂၁ က ကျွန်တော့်ရဲ့ကစားသမားဘဝမှာ အကောင်းဆုံးနှစ်တွေပါ။ ၂၀၂၁ ခုနှစ်အတွက် တစ်ခုကို မက်ဆီ ပိုင်ဆိုင်သွားခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အတွက် ဆုကို ပြန်လည်ချီးမြှင့်ပေးမယ်ဆိုတဲ့ ကောလာဟလတွေ ကျွန်တော် ကြားခဲ့ပါတယ်။ အဲဒီနှစ်က ကျွန်တော့်ရဲ့ အထူးချွန်ဆုံးနှစ်ပါ။ အမြင့်ဆုံးအဆင့်ကို ကျွန်တော် ရောက်ရှိခဲ့ပြီး ဆုဖလားအားလုံးလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်၂၀၂၀ ခုနှစ်အတွက် Ballon d'Or ဆုကို ကျွန်တော် လက်ခံရမယ်ဆိုရင်လည်း ကျွန်တော် မကျေမနပ်ဖြစ်မှာမဟုတ်ပါဘူး။ အဲဒါဟာ ကျွန်တော့်အတွက် ကြီးမြတ်တဲ့ ဆုလာဘ်တစ်ခု ဖြစ်မှာပါ''ဟု ပြောကြားခဲ့သည်။

လီဝန်ဒေါစကီးသည် အဆိုပါအင်တာဗျူးအစီအစဉ်၌ လက်ရှိဘောလုံးလောက၏ အကောင်းဆုံးကစားသမားမှာ PSG တိုက်စစ်မှူး ဘာပေနှင့် ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်တို့ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ဘာပေနှင့် ဘယ်လင်ဟမ်တို့သည် ၂၀၂၄ Ballon d'Or  ဆုကို အပြိုင်လုရမည့်သူများအဖြစ်လည်း ထင်ကြေးပေးခြင်းခံထားရသည်။

Most Read

Most Recent