ဆီးရီးယားအသင်းနှင့်ကစားမည့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာအသင်း လေ့ကျင့်ပြင်ဆင်ချိန် ၁၀ ရက် ရရှိမည်ဖြစ်သော်လည်း ကစားသမားအစုံအလင် လေ့ကျင့်နိုင်မည့်ရက် နည်းပါးမည်

ဆီးရီးယားအသင်းနှင့်ကစားမည့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာအသင်း လေ့ကျင့်ပြင်ဆင်ချိန် ၁၀ ရက် ရရှိမည်ဖြစ်သော်လည်း ကစားသမားအစုံအလင် လေ့ကျင့်နိုင်မည့်ရက် နည်းပါးမည်
Photo: MFF
Photo: MFF
Published 13 March 2024

 

မြန်မာ့လက်ရွေးစင်အသင်းသည် ဆီးရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မတ် ၁၁ ရက်တွင် စတင်လေ့ကျင့်လျက်ရှိပြီး ယင်းပွဲအတွက် လေ့ကျင့်ပြင်ဆင်ချိန် ၁၀ ရက်ရရှိ မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်ချိန်ပိုမိုရရှိစေရန် ပြည်တွင်းပြိုင်ပွဲဖြစ်သော MNL Cup ပြိုင်ပွဲကို နိုင်ငံတကာရက်သတ္တပတ်ထက်စော၍ ရပ်နားထားခြင်းဖြစ်ပြီး အခြားလက်ရွေးစင်အသင်းများထက် ပြင်ဆင်ချိန် ပိုမိုရရှိမည်ဖြစ်သည်။ မြန်မာ့လက် ရွေးစင်အသင်းကို ပဏာမကစားသမား ၃၅ ဦးဖြင့် ဖွဲ့စည်းထားသော်လည်း ပြည်ပကလပ်များ၌ ကစားနေသူများပါဝင်နေသဖြင့် ထိုင်း၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားကလပ်များတွင် ကစားနေသူ ၁၀ ဦးမှာ နိုင်ငံတကာရက်သတ္တပတ် ရပ်နားသည့်ကာလမှသာ ပူးပေါင်းနိုင်မည်ဖြစ်ရာ မြန်မာ့လက်ရွေးစင်အသင်း အနေဖြင့် ကြိုတင်ပြင်ဆင်နေသော်လည်း ကစားသမားအစုံအလင် လေ့ကျင့်နိုင်မည့်ရက် နည်းပါးမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဖိုက်ရှ်အွန်ဘိုင်နာသည် ပဏာမကစားသမား ၃၅ ဦးအနက် ပြည်ပကလပ်များ၌ ကစားနေသူ ၁၂ ဦးရွေးချယ်ထားပြီး ယင်းကစားသမားများအနက် လိဂ်မစတင်သေးသည့် မလေးရှားကလပ်များတွင် ကစားနေသူ ကျော်မင်းဦးနှင့် ဟိန်းထက်အောင်တို့သာ မတ် ၁၁ ရက်က တည်းက ပူးပေါင်းနိုင်သော်လည်း အခြား ပြည်ပကလပ်များတွင် ကစားနေသည့် စိုးမိုးကျော်၊ ဟိန်းဖြိုးဝင်း၊ မောင်မောင်လွင်၊ လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ သီဟဇော်၊ အောင်သူ၊ သန်းပိုင်၊ အောင်ကောင်းမာန်နှင့် ဝင်းနိုင်ထွန်းတို့မှာမူ ရက်ပိုင်းအလိုမှ ပူးပေါင်းနိုင်မည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဖိုက်ရှ်အွန်ဘိုင်နာသည် မတ်လ နိုင်ငံတကာရက်သတ္တပတ်တွင် လေ့ကျင့်ပြင်ဆင်ချိန် နည်းပါးနိုင်သောကြောင့် ဆီးရီးယား အသင်းနှင့်ပွဲအတွက် ဇန်နဝါရီလကတည်းက ပြင်ဆင်ခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်မှ ၂၀ ရက် အထိ ပထမအကြိမ်၊ ဇန်နဝါရီ ၂၅ ရက်မှ ဖေ ဖော် ၀ါရီ ၄ ရက်အထိ ဒုတိယအကြိမ် လေ့ကျင့်ထားပြီးဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် လက်ကျန်လေးပွဲယှဉ်ပြိုင်ရန် ကျန်ရှိနေသေးပြီး မတ်လတွင် ဆီးရီးယားအသင်းနှင့် အိမ်ကွင်း၊ အဝေးကွင်း နှစ်ပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

မြန်မာအသင်းသည် ဆီးရီးယားအသင်းနှင့် မတ် ၂၁ ရက်တွင်  အိမ်ကွင်း၊ မတ် ၂၆ ရက်တွင် အဝေးကွင်း ဆက်တိုက်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အိမ်ကွင်းပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ လက်ခံကစားမည်ဖြစ်သော်လည်း ဆီးရီးယားအသင်း မှာမူ အိမ်ကွင်းပွဲကို ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် နှစ်ပွဲ ကစား၊ နှစ်ပွဲရှုံးနိမ့်ထားပြီး ဆီးရီးယားအသင်းနှင့်ပွဲတွင် ရမှတ်ရယူနိုင်ခြင်းမရှိပါက ဒုတိယအဆင့် လက်ကျန်ပွဲများတွင် ပိုမိုခက်ခဲမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် လက်ကျန်ပွဲများအဖြစ် ဂျပန်နှင့် အိမ်ကွင်း၊ မြောက်ကိုရီးယားနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။

Most Read

Most Recent