လာဇီယိုအသင်းကို အနိုင်ရပြီး ချန်ပီယံလိဂ် ကွာတားတက်ရောက်မှုသည် အသင်းအတွက် အပြောင်းအလဲတစ်ခု ဖြစ်လာစေရန် ဟာရီကိန်း မျှော်လင့်

လာဇီယိုအသင်းကို အနိုင်ရပြီး ချန်ပီယံလိဂ် ကွာတားတက်ရောက်မှုသည် အသင်းအတွက် အပြောင်းအလဲတစ်ခု ဖြစ်လာစေရန် ဟာရီကိန်း မျှော်လင့်
Photo : AFP
Photo : AFP
Published 6 March 2024

ချန်ပီယံလိဂ်ပြိုင်ပွဲ (၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်က လာဇီယိုကို (၃-ဝ)ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၃-၁)ဂိုးဖြင့် ကွာတားဖိုင်နယ်တက်ရောက်ပြီးနောက် ဘိုင်ယန် တိုက်စစ်မှူး ဟာရီကိန်းက ယခုနိုင်ပွဲသည် လက်ကျန်ရာသီအတွက် အပြောင်းအလဲတစ်ခုဖြစ်လာရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အတွက်ဂိုးများကို ဟာရီကိန်းက (၃၈ နှင့် ၆၆)မိနစ်၊ သောမတ်စ်မူလာက (၄၅+၂) မိနစ်များတွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်းသည် ပြိုင်ပွဲစုံ (၃၃)ပွဲ ကစားရာတွင် (၃၃)ဂိုး သွင်းယူခဲ့ပြီး ယင်းထဲမှ (၂၂)ဂိုးမှာ အိမ်ကွင်း Allianz Arena တွင် ရရှိခဲ့သည်။

ထို့ပြင် ဟာရီကိန်းအနေဖြင့် ဥရောပပြိုင်ပွဲတွင် ဂိုး (၅၀) ပြည့်မြောက်သည့် ပထမဆုံးအင်္ဂလိပ်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ၎င်းသည် ကစားသမားဘဝတွင် ချန်ပီယံလိဂ်သွင်းဂိုး (၂၇)ဂိုး ရှိလာပြီး အင်္ဂလိပ်ကစားသမားများထဲ၌ ရွန်နီ(၃၀ ဂိုး)ပြီးနောက် ဂိုးအများဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။

"ကျွန်တော်တို့အတွက် ပြီးပြည့်စုံတဲ့ ညနေခင်းတစ်ခုပါပဲ။ ဒီပွဲက ပွဲကောင်းတစ်ပွဲလည်း ဖြစ်ခဲ့တယ်။ တကယ်တော့ ကျွန်တော်တို့ တိုးတက်မှုရှိရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီလိုညတွေက ပြိုင်ပွဲရာသီကို အမှန်တကယ် ပြောင်းလဲနိုင်ပါတယ်။ အသင်းဖော်တွေအတွက် ကျွန်တော် အမှန်တကယ် ဂုဏ်ယူမိပြီး လက်ရှိသွားနေတဲ့ အရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်ရပါမယ်။ အခုက ဘောလုံးရာသီရဲ့ အမှန်တကယ်အရေးကြီးတဲ့ အခိုက်အတန့်ပါပဲ။ လူတိုင်းက ကျွန်တော်တို့ကို စောင့်ကြည့်နေကြတယ်။ ပထမအကျော့အပြီး ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်မလဲကိုလည်း စောင့်ကြည့်နေတယ်။ လက်ကျန်ရာသီတစ်ခုလုံးအတွက် ဒီနိုင်ပွဲကို အပြောင်းအလဲတစ်ခုအဖြစ် ကျွန်တော်တို့ အသုံးချနိုင်ဖို့ မျှော်လင့်ပါတယ်။ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဂိုးတွေ သွင်းယူနိုင်ပြီး ဂိုးတွေ ဖန်တီးနိုင်ရပါမယ်။ အထူးသဖြင့် ပွဲကြီးပွဲကောင်းတွေ၊ ဒီညလို ရှုံးထွက် အဆင့်ပွဲတွေပေါ့။ အသင်းကို ကူညီနိုင်တာဟာ ကျွန်တော့်ကို ယုံကြည်မှုတည်ဆောက်နိုင်ဖို့နဲ့ အသင်းအတွက် ယုံကြည်မှု ရှိစေဖို့ပါပဲ။ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ပါသေးတယ်" ဟု ဟာရီကိန်းက ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံး (၁၃)ရာသီတွင် (၁၂)ရာသီမြောက် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။ သို့သော် ဘိုင်ယန်အနေဖြင့် ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ပထမဆုံး ဖလားလက်မဲ့ ရာသီကို ရင်ဆိုင်ရရန်လက်တစ်ကမ်းအလိုတွင် ရှိနေဆဲပင်ဖြစ်သည်။ ဘိုင်ယန်ဂိုးသမား နော်ယာမှာ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် Clean Sheet (၅၇)ပွဲဖြင့် စပိန်ဂိုးသမားဟောင်း ကာဆီးလက်စ်နှင့်အတူ ပွဲအများဆုံးစံချိန် တူညီခဲ့သည်။

Most Read

Most Recent