‌■ ဖရန်ကီဒီယွန်းနှင့် ပတ်ဒရီ ဒဏ်ရာရရှိသွားသဖြင့် အကျပ်အတည်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ကြီးမားသည့်ဆုံးရှုံးမှုဖြစ်ကြောင်း ဇာဗီ ညည်းတွား

‌■ ဖရန်ကီဒီယွန်းနှင့် ပတ်ဒရီ ဒဏ်ရာရရှိသွားသဖြင့် အကျပ်အတည်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ကြီးမားသည့်ဆုံးရှုံးမှုဖြစ်ကြောင်း ဇာဗီ ညည်းတွား
Photo: GOAL
Photo: GOAL
Published 5 March 2024

ဘာစီလိုနာအသင်းကွင်းလယ်လူ ဖရန်ကီဒီယွန်းနှင့် ပတ်ဒရီတို့နှစ်ဦး ဒဏ်ရာထပ်မံရရှိသွားသဖြင့် ကွင်းလယ်ပိုင်း အကျပ်အတည်းနှင့် ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း အသင်းနည်းပြ ဇာဗီက ပြောကြားခဲ့သည်။

မတ် (၃) ရက် ညပိုင်းက ဘီလ်ဘာအိုအသင်းနှင့် ကစားခဲ့သည့် လာလီဂါအဝေးကွင်းပွဲစဉ်တွင် ဘာစီလိုနာအသင်း၏ အားထားရသည့်ကစားသမားနှစ်ဦး ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

နယ်သာလန်ကွင်းလယ်လူ ဒီယွန်း(၂၆ နှစ်)မှာ ညာဘက်ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း (၂၆) မိနစ်မှာပင် လူစားလဲခဲ့ရသည်။

စပိန်လူငယ်ကြယ်ပွင့် ပတ်ဒရီ (၂၁ နှစ်)မှာလည်း ကြွက်သားဒဏ်ရာကြောင့် ပထမပိုင်းမပြီးမီ (၄၅)မိနစ်တွင် လူစားလဲခဲ့ရသည်။

ဒီယွန်းမှာ ခြေချင်းဝတ်ဒဏ်ရာကြောင့်ပင် စက်တင်ဘာမှ နိုဝင်ဘာအထိ နှစ်လကြာ အနားယူခဲ့ရပြီး ယခုတစ်ကြိမ်မှာလည်း ခြေချင်းဝတ်ခေါက်သွားခြင်းဖြစ်သည်။

ထို့ပြင် ပတ်ဒရီမှာ ယခုရာသီတွင် တတိယအကြိမ် ဒဏ်ရာရရှိခြင်းဖြစ်ပြီး တံကောက်ကြောဒဏ်ရာကြောင့် သြဂုတ်မှ အောက်တိုဘာအထိ နှစ်လ၊ ကြွက်သားဒဏ်ရာကြောင့် ဒီဇင်ဘာမှ ဇန်နဝါရီအထိ သုံးပတ်ကြာ အနားယူခဲ့ရဖူးသည်။

ဇာဗီက ''ဒီဒဏ်ရာတွေက အသင်းကို ထိခိုက်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖရန်ကီနဲ့ ပတ်ဒရီက ကျွန်တော်တို့ကစားချင်တဲ့ပုံစံအတွက် အရေးပါတဲ့ ကစားသမားနှစ်ဦး ဖြစ်လို့ပါ။ ပတ်ဒရီက နောက်ဆုံးဒဏ်ရာရရှိပြီးနောက်ပိုင်း ပြန်ကောင်းလာပြီး ဒီတစ်ပတ်ထဲမှာ သေချာလေ့ကျင့်နိုင်ခဲ့တယ်။ ဒီဒဏ်ရာက စိတ်ပျက်စရာဖြစ်ပြီး ဖရန်ကီအတွက်လည်း အတူတူပါပဲ။ သူက ကျွန်တော်တို့ရဲ့ ကစားပုံမှာ အများကြီးပါဝင်တဲ့သူပါ။ သူတို့နှစ်ဦးက ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ သူတို့ပုံစံကြည့်ရတာ မကောင်းပါဘူး။ ဒီနေ့ သူတို့ကို လက်လွှတ်ခဲ့ရသလို နောက်ထပ်လည်း လက်လွှတ်ရဦးမှာပါ။ မျှော်မှန်းထားတဲ့အချိန်ထက် ပိုနည်းဖို့တော့ မျှော်လင့်ပါတယ်''ဟု ညည်းတွားပြောဆိုခဲ့သည်။                   

ဘာစီလိုနာအသင်းတွင် ဂါဗီနှင့် ဘယ်လ်ဒီတို့လည်း  ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူနေရပြီး ကွင်းလယ်နေရာအတွက် ဂွန်ဒိုဂန်နှင့် တွဲကစားရန် ဖာမင်လိုပက်ဇ်၊ ရိုမီအူ၊ ကာဆာဒိုတို့သာ ကျန်ရှိတော့သည်။

Most Read

Most Recent