မန်ချက်စတာဒါဘီပွဲမှ မန်စီးတီးတိုက်စစ်မှူး ဟာလန်း၏ ဂိုးပေါက်လွဲချော်မှုကို အဆိုးရွားဆုံးလွဲချော်မှုဟု နာမည်ကျော်ဘောလုံးသုံးသပ်သူများ မှတ်ချက်ပေးခဲ့

မန်ချက်စတာဒါဘီပွဲမှ မန်စီးတီးတိုက်စစ်မှူး ဟာလန်း၏ ဂိုးပေါက်လွဲချော်မှုကို အဆိုးရွားဆုံးလွဲချော်မှုဟု နာမည်ကျော်ဘောလုံးသုံးသပ်သူများ မှတ်ချက်ပေးခဲ့
Photo : Getty Images
Photo : Getty Images
Published 4 March 2024

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော မန်ချက်စတာ ဒါဘီပွဲတွင် အိမ်ရှင် မန်စီးတီးအသင်းက မန်ယူအသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း မန်စီးတီးတိုက်စစ်မှူး ဟာလန်းမှာ အံ့အားသင့်ဖွယ် ဂိုးပေါက်လွဲချော်မှုကြောင့် လူမှုကွန်ရက်တွင် လှောင်ပြောင်ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ယင်းပွဲတွင် မန်ယူအသင်းက ရပ်ရှ်ဖို့ဒ်၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ပထမပိုင်းပြီးခါနီး၌ ချေပဂိုးရရှိနိုင်မည့် အပိုင်အခွင့်အရေးကို ဟာလန်းက လွဲချော်ခဲ့ခြင်းဖြစ်သည်။ ဟာလန်းသည် ဖိုဒန် ပို့ပေးသည့်ဘောလုံးကို ဂိုးပေါက်နှင့် အနီးကပ်ပိတ် သွင်းခွင့်ရခဲ့သော်လည်း ဂိုးဘားတန်းပေါ်မှ ကျော်ထွက်သွားခဲ့ ခြင်းဖြစ်သည်။ ယင်းအတွက် နာမည်ကျော်ဘောလုံးသုံးသပ်သူ ဂယ်ရီလိုင်နီကာက "ဒါဟာ ဒီလိုအဆင့်မှာ ကျွန်တော် မြင်တွေ့ ဖူးသမျှ အဆိုးရွားဆုံးလွဲချော်မှု ဖြစ်နိုင်ပါတယ်။ မယုံနိုင်စရာပါပဲ"ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ ပီယာ့စ်မော်ဂန် ကလည်း "ကမ္ဘာ့ဘောလုံးသမိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာအကောင်းဆုံး လွဲချော်မှုပါပဲ။ ဂုဏ်ယူပါတယ် အာလင်းဟာလန်း"ဟု ရေးသားခဲ့သည်။ Sky Sports တွင် ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသော မန်ယူဂန္ထဝင် ရွိုင်ကင်းကလည်း ရုပ်သံမှ တင်ဆက်မှုပြုလုပ်ရာတွင် "ဒီလွဲချော်မှုကို ကျွန်တော် တကယ် ရှင်းမပြတတ်ပါဘူး" ဟု ပြောကြားခဲ့သည်။

နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟောင်း ဂျော်တော့ဖ်ကမူ "Wow။ ဒါ ဟာလန်းရဲ့ လွဲချော်မှုတဲ့လား။ သူ့ကိုယ်သူ တော်တော်စိတ်ပျက်နေပါလိမ့်မယ်။ သူ့ရဲ့ခေါင်း ဒါမှမဟုတ် ရင်ဘတ်ကို သုံးခဲ့ရင်တောင် ပိုလွယ်နိုင်ပါတယ်"ဟု ရေးသား ခဲ့သည်။ ဟာလန်း၏ အဆိုပါလွဲချော်မှုကို ပရိသတ်များကလည်း လူမှုကွန်ရက်တွင် လှောင်ပြောင်ရေးသားမှုများစွာ ပြုလုပ်ခဲ့ကြပြီး အများစုက ဘောလုံးသုံးသပ်သူများနည်းတူ အဆိုးရွားဆုံးလွဲချော်မှုဟု သတ်မှတ်ခဲ့ကြသည်။ ပရိသတ်တစ်ဦးကမူ ဟာလန်း၏ ပြောင်မြောက်သော ဘောလုံးရှင်းထုတ်မှုဟု ရေးသားခဲ့ပြီး အခြားပရိသတ်တစ်ဦးက  ယခုရာသီ၏ အလွဲချော်ဆုံးဆု ပေးအပ်သင့်သည်ဟု လှောင်ပြောင်ခဲ့သည်။ ပရိသတ်တစ်ဦးက "ဟာလန်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ။ ဒါပေမဲ့ ဒီလိုကစားသမားကို အကောင်းဆုံးလို့ မခေါ်နိုင်ပါဘူး"ဟု ရေး သားခဲ့သည်။ ဟာလန်းသည် ဆိုးရွားသည့် လွဲချော်မှု ပြုလုပ်ခဲ့မိသော်လည်း ယင်းပွဲတွင် မန်စီးတီးအသင်းအတွက် တတိယမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ ၎င်းသည် မန်ယူအသင်းနှင့် ဆုံတွေ့ခဲ့သည့် ပရီးမီးယားလိဂ်(၄)ပွဲတွင် ကိုယ်တိုင်(၆)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၃)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်တွင် ၎င်းဂိုးအများ ဆုံးသွင်းယူထားနိုင်သည့်အသင်းလည်း ဖြစ်နေသည်။

Most Read

Most Recent