အီတလီနိုင်ငံရှိ အမျိုးသားတားမြစ်ဆေးတိုက်ဖျက်ရေးခုံရုံးက ပေါ့ဘာအား အမြင့်ဆုံးချမှတ်နိုင်သည့် လေးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းက CAS ထံ အယူခံဝင်မည်

အီတလီနိုင်ငံရှိ အမျိုးသားတားမြစ်ဆေးတိုက်ဖျက်ရေးခုံရုံးက ပေါ့ဘာအား အမြင့်ဆုံးချမှတ်နိုင်သည့် လေးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းက CAS ထံ အယူခံဝင်မည်
Photo: Getty Images
Photo: Getty Images
Published 2 March 2024

 

အီတလီနိုင်ငံရှိ အမျိုးသားတားမြစ်ဆေး တိုက်ဖျက်ရေးခုံရုံး (NADO) သည် ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ပေါ့ဘာအား အမြင့်ဆုံးချမှတ်နိုင်သည့် လေးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လအတွင်း အသက် ၃၁ နှစ်ပြည့်မည့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အီတလီနိုင်ငံရှိ အမျိုးသားတားမြစ်ဆေးတိုက်ဖျက်ရေးခုံရုံးက ဖေ ဖော်ဝါရီ ၂၉ ရက်တွင် လေးနှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

အီတလီအစိုးရရှေ့နေများက ၎င်းအား အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် လေးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် ဒီဇင်ဘာလအတွင်း တောင်းဆိုခဲ့ပြီး အဆိုပါပြစ်ဒဏ်အရ ပေါ့ဘာမှာ ပြစ်ဒဏ်စေ့ချိန်တွင် အသက် ၃၅ နှစ်ရှိနေမည်ဖြစ်သောကြောင့် ကစားသမားဘဝ အဆုံးသတ်စေနိုင်သည့်ပြစ်ဒဏ်ဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။ ၎င်းကမူ ယခုပြစ်ဒဏ်အတွက် အားကစားခုံရုံး (CAS) ထံ အယူခံဝင်မည်ဖြစ်ကြောင်း Instagram မှတစ်ဆင့် အသိပေးပြောကြားခဲ့သည်။

"NADO ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော့်ဆီအကြောင်းကြားလာပြီး ဒီစီရင်ချက်က မှန်ကန်မှုမရှိဘူးလို့ ယုံကြည်ပါတယ်။ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမား ဘဝမှာ တည်ဆောက်ထားသမျှအရာအားလုံး ထွက်သွားပြီဖြစ်လို့ ဝမ်းနည်းတုန်လှုပ်ပြီး နှလုံးသားတွေကွဲသွားသလို ခံစားနေရပါတယ်။ ကျွန်တော့်အနေနဲ့ ဥပဒေအရ ကန့်သတ်ချက်တွေ ကင်းလွတ်သွားတဲ့အချိန်ကျရင် ဒီဇာတ်လမ်းတစ်ခုလုံးက ရှင်းသွားမှာပါ။ ဒါပေမဲ့ တားမြစ်ဆေးဆန့်ကျင်ရေးစည်းမျဉ်းတွေ ချိုးဖောက်တဲ့အရာတွေကို ရည်ရွယ်ချက် ရှိရှိ သုံးစွဲတာမျိုး တစ်ခါမှမလုပ်ဖူးပါဘူး။ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးအနေနဲ့ ကျွန်တော်က တားမြစ်ထားတဲ့အရာတွေ အသုံးပြုပြီး စွမ်းဆောင်ရည်မြှင့်တင်ဖို့ ဘယ်တော့မှ မလုပ်ပါဘူး။ ပြီးတော့ ကျွန်တော် ကစားခဲ့ဖူးတဲ့အသင်းတွေနဲ့ ပရိသတ်တွေကို အလေးမထားတာမျိုး၊ လှည့်စားတာမျိုး မလုပ်ဖူးပါဘူး။ ဒီနေ့ကြေညာခဲ့တဲ့ ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်အနေနဲ့ အားကစားခုံရုံးမှာ ကျွန်တော် အယူခံဝင်မှာပါ" ဟု ပေါ့ဘာက ဆိုသည်။

ပေါ့ဘာသည် ၂၀၂၃-၂၀၂၄ ရာသီ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၂၀ ရက်က အူဒီး နီးစ်အသင်းနှင့်ပွဲအပြီးတွင် ကျပန်းဆေးစစ်မှု ပြုလုပ်ရာတွင် ဟော်မုန်းဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် စက်တင်ဘာ ၁၁ ရက်မှစ၍ ပွဲပယ်ခံခဲ့ရသည်။ ၎င်းအနေဖြင့် B Sample စစ်ဆေးမှုတွင်လည်း တားမြစ်ဆေးကျရှုံးကြောင်း အောက်တိုဘာ ၆ ရက်တွင် အတည်ပြုကြေညာခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် NADO က ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်သည်။ CAS ထံ အယူခံဝင်ပါက တားမြစ်ဆေးကို ရည်ရွယ်ချက်ရှိရှိသုံးစွဲခြင်း မဟုတ်ကြောင်း သက်သေပြနိုင်လျှင် ပြစ်ဒဏ်လျှော့ပေါ့ပေးနိုင်ကြောင်း အီတလီသတင်းဌာနများက ဖော်ပြလျက်ရှိသည်။

Most Read

Most Recent